ただいまー

သတိတရပြန်ရောက်လာတယ်။

ဘာရယ်မဟုတ်..။ စကားပြောချင်တာ။

အာရုံတွေ စူးစိုက်လို့မရတဲ့နေ့ရက်တွေ၊ ဘာကိုအလိုမကျမှန်းမသိတဲ့နေ့ရက်တွေ၊ အထီးကျန်တယ် ပြောရမှာ ရှက်စရာကောင်းတဲ့ ဒီလိုနေ့ရက်တွေမှာ သတိတရ ပြန်လာကြည့်ဖြစ်တာမျိုးပေါ့။

ဘာမှဖတ်မရတဲ့အတူတူ အကုန်ဖျက်ပစ်လိုက်ဖို့က ပိုကောင်းတာ။ တကူးတက ပြန်ပြောင်းဖို့လည်း စိတ်ကူးမှမရှိဘဲကို။ အထွေအထူး စွဲလမ်းနေလို့လည်း မဟုတ်.. ဖျက်ရမှာ ပျင်းနေတာ။

တခါတလေ ဟိုရေး ဒီရေး လာရေးတာပေါ့… တွေး။ တွေးတာပေါ့…လေ။

ချစ်သော

အမေပေးထားတဲ့ မွေးချင်းပေါက်ဖော်ထဲ မိန်းကလေးဆို၍ ကျွန်မတစ်ယောက်သာ။ တစ်ဝမ်းကွဲ၊ နှစ်ဝမ်းကွဲထဲမလည်း နတ္ထိ။ အစ်မနဲ့ ခပ်ဆင်ဆင် အဒေါ်ဆိုတာပင် မရှိ။ ကျွန်မကလည်း ငယ်စဉ်ကတည်းက တကြိမ်တခါမှ အစ်မ ညီမ မတောင့်တတတ်ခဲ့။ အစ်ကိုနှစ်ယောက်ရှိရုံနှင့်ပင် အရာရာပြည့်စုံခဲ့သယောင်ယောင်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း မှ တက္ကသိုလ်၊ ဘွဲ့လွန်တန်း၊ ကျောင်းသူသက်တမ်းတလျှောက် ဖြစ်ပျက်သမျှအရာရာ၊ ရင်ထဲရှိသမျှအရာရာ၊ ဖွင့်ပြောစရာဟူသည်လည်း အစ်ကိုနှင့် အမေပင်။ မိန်းကလေးအဖော် အချစ်ဆုံး သူငယ်ချင်းများစွာရှိသော်လည်း အစ်မတစ်ယောက်လို တွယ်တာစရာဟူ၍ ထူးထူးခြားခြား မရှိခဲ့သေး။

ကျောင်းပြီးခါစ ဘာမှ ထူးထူးထွေထွေ မရွေးချယ်မိခင် အလုပ်တစ်ခု စ၀င်မိတယ်။ ၀န်ထမ်း ၆ယောက်သာသာ ရှိပြီး၊ အလုပ်မများလှတဲ့ သွင်းကုန်၊ ထုတ်ကုန် ကုမ္ပဏီ။ ကျွန်မ ကလေးသာသာ အရွယ်မှာ အကုန်လုံးက ကျွန်မထက် ၇နှစ်အထက်အသက်ကြီးကြတဲ့အစ်ကိုကြီး၊ အစ်မကြီးတွေချည်း။ အလုပ်ဝင်ပြီး တပတ်သာသာမှာတင် ကျွန်မပျော်မွေ့သွားခဲ့သည်။ ကျွန်မကို အရာရာ ငဲ့ညှာ၊ ဂရုစိုက်၊ အလိုလိုက်ခဲ့တဲ့ အသိုင်းအ၀ိုင်းတစ်ခုဖြစ်ခဲ့သည်ကိုး။ ထိုအထဲတွင်မှ မမို့ ဟုကျွန်မက ခေါ်၍ ဆုကလေး ဟု ကျွန်မကိုခေါ်သော ကျွန်မချစ်သော အစ်မတစ်ယောက်ရှိလေသည်။ ၀န်ထမ်းနည်းနည်းနှင့် အလုပ်ကျဲကျဲ ကုမ္ပဏီဖြစ်သောကြောင့် သန့်ရှင်းရေး ၀န်ထမ်းဟူ၍ သီးသန့်မရှိ၊ ကိုယ်တိုင်ပင် အလှည့်ကျ၊ မီးဖိုချောင်ရှင်း၊ အိမ်သာဆေး၊ တံမြက်လှည်း၊ သန့်ရှင်းရေးစသော ကိစ္စများလုပ်ကြရသည်။ မမို့သည် အိမ်သာသန့်ရှင်းရေကို ကျွန်မကို ဘယ်တော့မှ မလုပ်စေရ။ အိမ်မှာလည်း လုပ်ရတာမဟုတ်၊ ဒီမှာလည်း မလုပ်နှင့် ဆိုကာ သူပင် အတင်းလုပ်တတ်သည်။ အသက်အငယ်ဆုံးသည် ကျွန်မဖြစ်သောကြောင့် ကျွန်မသာ လုပ်သင့်သည်ဟု အမြဲတစေ ငြင်းခုန်သံ တညံညံဖြစ်မြဲ။ ထမင်းစားပြီး ထမင်းဘူးလည်း ကျွန်မ မဆေးစေရ။ ကော်ဖီဖျော်စရာရှိလည်း မဖျော်စေရ။ ကျွန်မနောက်ကျသည်အထိ အလုပ်လုပ်ရလျှင်လည်း ထာဝစဉ် ထိုင်စောင့်ပေးတတ်သည်။ ထိုစဉ်အခါက ကျွန်မတို့ မည်သူမျှ သုံးငွေ အပိုအလျှံမရှိ။ လကုန်ရက် နေ့လည်ခင်း ဟိုစားချင် ဒီစားချင် အချိန်များတွင်လည်း မမို့သည်ပင် စိုက်ထုတ်တတ်သည်။ နှစ်နှစ်နီးပါး စားအတူ၊ သွားအတူရှိပြီးချိန်၊ မမို့ပင်လျှင် ကျွန်မဘ၀အတွက် အခြားအလုပ် ရှာဖွေသင့်ကြောင်း၊ တိုက်တိုက်တွန်းတွန်းပြောဆိုခဲ့လေသည်။ ကျွန်မ လျှောက်သင့်သော လမ်းပေါ် တက်မိသောအချိန်တွင်လည်း မျက်ရည်စက်လက်ဖြင့်ပင် ကျွန်မလက်ကို ဖြုတ်ပေးခဲ့လေသည်။ ယခုအချိန်တွင်တော့ ကျွန်မချစ်သော မမို့သည်လည်း အခက်အခဲပေါင်းစုံကျော်ဖြတ်၍ သူမချစ်သူနှင့် နယ်မြို့ကလေးတွင် ငြိမ်းချမ်းစွာ ရှိကြောင်း သတင်းစကားတချို့ဖြင့်ပင်.. ။

လမ်းသစ်တစ်ခုဖောက်ဖို့ အစအပြု၊ ဘာသာစကားသင်တန်းတခုမှာ ဘေးချင်းကပ်ထိုင်ရာက ကျွန်မအတွက် အစ်မဖြစ်လာသူ မမီသော်ဟု ခေါ်တွင်သော။ ထင်ရာကို ထင်သလို လုပ်လုပ်ပစ်တတ်ပြီး၊ တင်္ခဏုပ္ပတ္တိဥာဏ်ထက်သန်လှသော သွားအတူ စားအတူရှိခဲ့သော အစ်မ။ အမြင် အတွေးမတူသည်များ ရှိသော်ငြား ပွင့်လင်းလွန်းလှသည့် အပြောအဆို၊ အပြုအမူက ကျွန်မအားကျခဲ့သည့်အရာများ။ ကျွန်မတို့လျှောက်နေသောလမ်းသည် အစ်မအတွက် ပနံရသော လမ်းမဟုတ်ကြောင်း ကျွန်မကိုယ်တိုင် လက်ခံသောကြောင့် အစ်မ ခွဲထွက်သွားမည်ဆိုတော့ ကျွန်မ အထွေအထူး ဆွဲမထားခဲ့။ ထိုအစ်မသည်လည်း သူမနှင့်ကိုက်ညီသော လမ်းကြောင်းပေါ်တွင် သူမရွေးချယ်ထားသော ချစ်သူကိုပင် လက်တွဲလျက်…။ တခါတရံ သတိတရ.. ။

မမငုဟု ကျွန်မခေါ်တွင်သော လေးစားရတဲ့အစ်မ။ မဂ္ဂဇင်းတစ်ခုထဲပါသော ကျွန်မစာလေးတစ်စောင်မှ အစပြုပြီး ကျွန်မတို့ စတင်ရင်းနှီးခဲ့ကြသည်လေ။ NGOအဖွဲ့အစည်းများ၊ ပညာဒါနသင်တန်းများ၊ သွေးလှူခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုများ စသော စသော ကျွန်မ စိတ်ကူးထဲတွင်သာ စာတွေ့တွေ့ခဲ့သောအရာများကို အစပြဆွဲထုတ် ရင်းနှီးစေခဲ့သူ။ စာအုပ်များစွာ အလဲအလှယ် ဖတ်စေခဲ့သူ။ ကျွန်မရုံးအဆင်း၊ မမငုသင်တန်းအဆင်းများတွင် လက်ဖက်ရည်ဆိုင်ထိုင် တမေ့တမော အကြောင်းအရာမျိုးစုံ ဆွေးနွေးဖြစ်ခဲ့ချိန်များ။ ဟိုဟိုဒီဒီ ကိစ္စများမြောင်ခဲ့ချိန်များ။ ကျွန်မ၏ ငယ်အိမ်မက်များ၊ စိတ်ကူးယဉ်မှုများ၊ ဖြစ်ချင်သောဘ၀များ၊ အားကျသူများအကြောင်း စသည်ဖြင့် ကျွန်မ၏ အတွေးအခေါ်၊ အယူအဆများကို အများဆုံး ရင်ဖွင့်ပြောပြဖူးသူ။ ကျွန်မ အခက်အခဲ ဖြစ်နေချိန်တချိန် အဝေးတနေရာမှ ကျွန်မလက်ထဲ ရောက်အောင်ပို့ခဲ့သော ဒေါ်လာစက္ကူ။ ကျွန်မကို သိပ်ကို ထူးချွန်စေချင်သူ၊ လဲပြိုနေတာကို မနှစ်သက်သူ။ မွေးချင်းရင်းချာ အစ်မ၊ ညီမများ ရှိသည့်ကြားက ညီမအရင်းတစ်ယောက်နှင့်မခြား နီးကပ်စေခဲ့သူ။ ကိုယ်စီ ကိုယ်စီ ရွေးချယ်ရာလမ်းများပေါ် လျှောက်ရင်း၊ မဆုံးနိုင်သော အရှုပ်များကိုပင် အလုပ်ထင်ရင်း၊ သွားရင်း၊ လာရင်း၊ မမငုနှင့် အနေဝေးခဲ့ကြရသည်ပဲ။ အချိန်တချို့တွင် ဒီအချိန်မှာ မမငုသာရှိရင်၊ ဒါသာ မမငုကို ပြောပြရင်၊ ဒီစာအုပ်အကြောင်းကိုဖြင့်.. စသဖြင့် စသဖြင့် စိတ်ထဲမှတော့ ပြောဆိုမိဆဲ.. ။

အလုပ်လုပ်ရင်း လုပ်ရင်း၊ အဖွဲ့တစ်ဖွဲ့တည်း ဖြစ်ရာက တဖြည်းဖြည်း ရင်းနှီးလာလေသော ကျွန်မအားကိုးရသော အစ်မနှစ်ယောက်။ အလုပ်နှင့်ပတ်သက်၍ တော်တော်များများ တိုင်ပင်ဖြစ်ပြီး ကျွန်မကိုလည်း နားလည်ပေးတတ်သူများ၊ သဇင်ဟူသော အမည်နှင့်လိုက်အောင် ဖြူဖြူနွဲ့နွဲ့။ တခါတခါ ထိုအစ်မကို အားမရပေ။ ကျွန်မ ပိုက်ဆံလိုတိုင်း၊ မုန့်စားချင်တိုင်း၊ အားမနာစတမ်း တောင်းဆိုနိုင်သော၊ ဘယ်လောက်ပင်ပန်းပင်ပန်း ခပ်ဝေးဝေးလမ်းကိုမှ ညနေစောင်း လမ်းလျှောက်ချင်သူကျွန်မအတွက် ထီးသဖွယ် စောင့်ရှောက်ပေးခဲ့သူ ချစ်သော မစန်း။ ဘယ်အချိန် တွေးတွေး လုံခြုံစေသော ထိုအစ်မ။ အေးဆေးလွန်းသော တစ်ယောက်အတွက် သူမတသက်လုံး တစ်ယောက်တည်း နေလို့ မဖြစ်နိုင်၊ အနားတွင် တယောက်ယောက် ရှိစေချင်သော ပူပင်စိတ်။ ဆန့်ကျင်ဘက်အားဖြင့် နဂို ဘုရားတရားသမား အစ်မအတွက်ကတော့ ဒီလိုသာ မိသားစုအတွက်ချည်း အချိန်ပေးနေနိုင်လျှင်လည်း စိတ်အေးရတာပေါ့ဆိုတော့ စိတ်ချစိတ်။ အဆက်အသွယ် ကျဲကျဲကြား အသံတိတ်နေသော်လည်း အားကိုးနေဆဲဖြစ်ကြောင်း.. ။

သူမရေးသော စာတစ်ပုဒ်ကိုဖတ်ရင်း မျက်ရည်ကျသည်အထိ စိတ်ထဲရောက်ရာကအစ၊ သူမ ရေးသားသော စာများ၊ ကဗျာများကို လိုက်ဖတ်ရင်း၊ သူမညွှန်းသော ရုပ်ရှင်ကားများကို လိုက်မြည်းစမ်းရင်း၊ ခင်မင်လာသူ။ ကျွန်မပြောသမျှ နားထောင်သမားသက်သက်။ ကျွန်မ၏ဟစ်တိုင်တဖြစ်လဲ ချစ်သော မဂျူ။ သူမ လှုပ်ရှားရှင်သန်နေသမျှ သူမ စာများ၊ ကဗျာများ၊ မက်ဆေ့ခ်ျများမှ တဆင့်။ ကျွန်မပုံရပ်များကိုလည်း ထိုနည်းလည်းကောင်း သူမ ကွန်ပျူတာမျက်နှာပြင်၊ ဖုန်းမျက်နှာပြင်မှတဆင့် ဆက်သွယ်ရင်းနှီးလေသူ။ ကျွန်မ စိတ်ဓါတ် ပြိုယိုင်လဲနေချိန်များတွင် စတင်ရင်းနှီးခဲ့ပြီး၊ ကျွန်မကို အမြဲတစေ နှစ်သိမ့်နိုင်သူ။ ကျွန်မအမှားများကို မြင်အောင်ပြနိုင်သူ။ ကိုယ်စီ ဘ၀အမောတွေကြား၊ မျက်ဝါးထင်ထင် မြင်တွေ့နိုင်မယ့်နေ့၊ လက်ဖ၀ါးချင်း ဆုပ်ကိုင်နိုင်မယ့်နေ့ကို မျှော်လင့်ရင်း.. ။

ကျွန်မချစ်သော ကျွန်မအစ်မများ။ ကျွန်မ အသက် ၂၉။ ထို့ထက်ပို၍ မျှော်လင့်ဖို့ မကောင်းတော့ပြီဆိုရင်တောင် ကျေနပ်စရာ ပိုင်ဆိုင်ခဲ့မှုများ ……………..။

photo credit to http://www.wallcoo.net/cartoon/lovely_children_vector/html/wallpaper1.html

အချိုးအကွေ့မှလူတချို့ (၁)

တချို့များကတော့ ဘ၀ကို အစီအစဉ်တကျ စီမံကိန်းတွေချလို့ ဖြတ်သန်းကြတယ်။ ဒီနှစ်မှာ ဘာဖြစ်ရမယ်။ ကိုယ်က ဘာလိုချင်တယ်၊ ဘာဖြစ်သင့်တယ်။ ဘယ်လမ်းကိုလျှောက်မယ်။ ဒါအဆင်မပြေခဲ့ရင် ဘယ်ဟာကို အစားထိုးမယ်။ စသဖြင့် စည်းစနစ်ကျကျ စီမံကြသူတွေ ဒုနဲ့ဒေး ရှိသလို၊ အဆင်ပြေသလိုလေးဆိုပြီး ရေလိုက်ငါးလိုက်နဲ့ ပြီးသွားကြတဲ့လူတွေလည်း တပုံတပင်ရှိမှာပါ။ ဖြစ်ချင်တာတွေ ရည်ရွယ်ချက်တွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ဘယ်အချိန် ဘာဖြစ်ရမယ်။ ဘာညာ မစဉ်းစားထားဘဲ ဖြစ်လာသမျှကို အဆင်ပြေသလိုဆိုပြီး နေထိုင်နေကြတဲ့ လူအမျိုးအစား။ ခပ်ညံ့ညံ့လူတွေလို့ပဲ သတ်မှတ်ကြလေမလား။ ကျွန်မကတော့ ဒုတိယလူအမျိုးအစားထဲမှာ သေသေချာချာကြီးကို ပါဝင်ပါတယ်။ စီမံကိန်းတွေ၊ ကြိုတင်ပြင်ဆင်မှုတွေဆိုတာလည်း ကျွန်မနဲ့ ခပ်ဝေးဝေးမှာပဲ ရှိနေကြပါတယ်။ ဒီအရွယ်အထိ ကျွန်မလျှောက်ခဲ့တဲ့လမ်း၊ ကျွန်မရောက်နေတဲ့နေရာ၊ ကျွန်မရွေးခဲ့တဲ့အလုပ် အားလုံးဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဖြစ်ပေမယ့်၊ ဒီအရာတွေအတွက် ကျွန်မ အစီအစဉ်တကျ လာခဲ့တာ မဟုတ်ခဲ့ပါ။ ပြောရရင် ဒီလမ်းကို လျှောက်ချင်လို့ ဒီလမ်းကို ရှာဖွေပြီး လျှောက်ခဲ့တာမျိုး မဟုတ်ဘဲ၊ လျှောက်လာရင်းကနေ တွေ့တဲ့လမ်းထဲက ကိုယ်ထင်ရာ မြင်ရာလမ်းကို အမြဲတစေ စွပ်စပ်လျှောက်မိခြင်းပဲ ဖြစ်တယ်ပေါ့။

အဲဒီအချိန်တုန်းကလည်း မရည်ရွယ်ပါပဲ လျှောက်မိတဲ့ ဒီလမ်းပေါ်မှာ ဒီလူတွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။ အဲသည်တုန်းက…

ကျွန်မက လခခပ်နည်းနည်း၊ သက်တောင့်သက်သာ၊ ပေါ့ပေါ့ပါးပါးနဲ့ မိသားစုဆန်ဆန် အလုပ်တစ်ခုကို လုပ်လက်စ။ မထင်မှတ်ဘဲ စိတ်အားထက်သန်လှတဲ့ သူငယ်ချင်းနဲ့ အဖော်လိုက်ပေးရင်း၊ နောက်ဆုံးမှာ သူလုပ်ချင်တဲ့အလုပ်ကို သူ မလုပ်လိုက်ဘဲ ကျွန်မက လုပ်ဖြစ်တော့မယ့် အနေအထား။ အလုပ်မ၀င်ခင် လိုအပ်တဲ့ ဘာသာစကားသင်တန်းတက်ရတဲ့အချိန်။ လုပ်လက်စ အလုပ်ကလည်း ထွက်ခွင့်မရသေး၊ နားလည်မှုနဲ့ပဲ အလုပ်ချိန်ကို မနက်၁၀နာရီမတိုင်ခင်ရောက်အောင် ပြေးပြေးလွှားလွှားနေရတဲ့အချိန်ဆိုတော့ ပတ်ဝန်းကျင်ဘေးဘီ တော်တော်များများ သတိမထားမိခဲ့ဘူး။ ကြုံရင်ပြုံးပြအနေအထားထက်ပိုပြီး ဘယ်သူ့ကိုမှ စိတ်မ၀င်စားနိုင်ခဲ့ဘူး။

တစ်နေ့။ အလုပ်မ၀င်ခင် လိုအပ်တဲ့ ဆေးစစ်ချက်တွေလုပ်ဖို့အတွက် ညွှန်ကြားထားတဲ့ ဆေးခန်းကို သွားရမယ်လို့ သိထားတဲ့နေ့။ မထွက်ရသေးတဲ့ အလုပ်ကနေ မျက်နှာပူပူနဲ့ပဲ နေ့တ၀က်ခွင့်တောင်း။ အဲဒီမှာ ဆေးစစ်ဖို့ သွားရမယ့် နောက်ထပ် အဖော်ကိုကြည့်လိုက်တော့ ရွယ်တူ ယောက်ျားလေး တစ်ယောက်။ တစ်ယောက်တည်းထက်စာရင် နှစ်ယောက်ကတော့ ပိုအဆင်ပြေပါတယ်လေ။ ဘတ်စ်ကားပေါ်ရောက်တော့မှ နာမည်မေးမိတ်ဆက်။ အော်.. ငါ့ထက် တစ်နှစ်ကြီးပါလားပေါ့။ ငါ့ထက်တစ်လငယ်ရင် ဒါ ငါ့ထက်အငယ်၊ ငါက အစ်မ။ ငါ့ထက်တစ်နှစ်၊ နှစ်နှစ်လောက်ကြီးရင်တော့ ငါနဲ့ရွယ်တူပဲ ဆိုတဲ့ ကျွန်မထုံးစံအတိုင်း နင်နဲ့ငါပေါ့။ ဒီလိုနဲ့ သူ့ကို ကျွန်မ စသိတယ်။

တကိုယ်လုံး ဆေးစစ်ချက်တွေ လုပ်တဲ့ အဲဒီအချိန်မှာ ကျွန်မက အဆုတ်အအေးပတ်ထားပြီး ချောင်းဆိုး မပျောက်တပျောက်ကာလ၊ ဟိုကောင်လေးပုံစံကြည့်ရတာကလည်း မီးခိုခေါင်းတိုင်အလား၊ အငွေ့တလူလူ။ ဒီလိုနဲ့ ဆေးစစ်ချက်ထွက်လာတော့ ကျွန်မတို့ ဓါတ်မှန်clearမဖြစ်ဘူးဆိုတဲ့ result တူညီစွာထွက်လာပါရောလား။ ကျွန်မတို့ နှစ်ယောက်တင်ဘယ်ကမတုန်း။ ကျွန်မတို့နောက်တရက်မှာ ဆေးစစ်ခဲ့တဲ့ အစ်မတစ်ယောက်ကလည်း တူညီစွာပါပဲ။ အဲဒီအစ်မက သင်တန်းမှာ ကျွန်မနားထိုင်တာပါ။ သူလည်း သူ့အလုပ်နဲ့သူ၊ ကျွန်မလည်း ကျွန်မအလုပ်နဲ့ကျွန်မမို့လို့ ထွေထွေထူးထူး ရင်းနှီးတာတော့ မဟုတ်သေးဘူး။ နောက်ထပ်တခါ လိုအပ်တဲ့ ဆေးစစ်ချက်တွေ ထပ်လုပ်ဖို့သွားတော့ အဲဒီအစ်မနဲ့ တူတူဖြစ်သွားတယ်။ ပိုက်ဆံအကုန်ခံ၊ ဆေးတွေထပ်စစ်ပြီး ထွက်လာတဲ့ resultကမှ အိုကေ သွားတော့လည်း အတူတူ။ မှတ်မှတ်ရရ ကျွန်မတို့ သောက်ဖို့လိုအပ်တယ်ဆိုပြီး ပေးလိုက်တဲ့ ဆေးတွေကို စပ်စပ်စုစု လျှောက်မေး၊ သူ့ဆေးနဲ့ ကိုယ့်ဆေးတိုက်ကြည့်လိုက်တော့၊ အကုန်တူပြီး၊ ကျွန်မမှာက အိပ်ဆေးပိုတယ်။ အစ်မမှာက ၀မ်းနုတ်ဆေးပိုသတဲ့ကွယ်။ အဲဒီဆေးစစ်ချက်ကနေ အကြောင်းပြုပြီး အစ်မနဲ့ကျွန်မ စရင်းနှီးခဲ့တယ်။

အဲဒီနောက် နဂိုလုပ်နေတဲ့အလုပ်က ထွက်ခွင့်ရသွားပြီဖြစ်တဲ့ ကျွန်မလည်း သင်တန်းကနေ အရင်လို တက်သုတ်ရိုက်ပြန်စရာမလိုတော့မှ ဘေးပတ်ဝန်းကျင်ကို လေ့လာမိတော့တယ်။ ကျွန်မအနောက် ဘယ်ဘက်မျက်စောင်းထိုးလောက်မှာ ထိုင်တဲ့ ယူနီဖောင်းဆင်တူနဲ့ နှစ်ယောက်တမ္ဘာဖြစ်နေတတ်တဲ့ ကောင်မလေးနှစ်ယောက်၊ ကျွန်မအနောက်တည့်တည့်မှာ ထိုင်တဲ့ စာကြမ်းပိုးပုံစံ၊ ကျွန်မထက် အသက်ကြီးတယ်ဆိုပေမယ့် ကလေးမျက်နှာလေးနဲ့ အစ်မတစ်ယောက်၊ ကြောင်အကြောင်းခဏခဏပြောတတ်တဲ့ ခပ်တုတ်တုတ်ကလေး တစ်ယောက်၊ အလုပ်မ၀င်ခင်ကတည်းက ထွက်ဖို့ စဉ်းစားနေတဲ့ သူ့ကိုယ်သူ အစ်မ၊ အစ်မနဲ့ ပြောတတ်တဲ့ ကောင်မလေးတစ်ယောက်၊ အတန်းထဲမှာ ခပ်လောင်လောင် ကောင်လေးနှစ်ယောက်၊ သူတို့နဲ့တွဲတဲ့ ဂစ်တာတီးပုံရတဲ့ ခပ်အေးအေး ကောင်လေးတစ်ယောက်။ စသဖြင့် အနားပတ်ဝန်းကျင်က တချို့တလေကို သတိထားမိလာပါတယ်။

ထို့ထက်ပိုပြီး..။ သင်တန်းဆင်းပြီးချိန်တိုင်းမှာ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြတဲ့အလေ့အထ။ မနက်၉ခွဲ သင်တန်းဆင်းတာကနေ စထိုင်လိုက်ရင် ၁၀ခွဲ ၁၁မှ ပြန်ဖြစ်ကြရင်းကနေ ကျွန်မအတွက် မှတ်မှတ်ရရ လူနှစ်ယောက်ကို ကျွန်မဆီရောက်လာစေခဲ့တယ်။ သူငယ်ချင်း အပေါင်းအသင်းဆိုတဲ့နေရာမှာ အကြိုက်မတူ၊ စရိုက်မတူ၊ အကြိုက်တူ၊ စရိုက်တူ၊ သူ့အားကျ၊ ကိုယ့်အားကျ မျိုးစုံနဲ့ ရှိကြတယ်လေ။ ကျွန်မအတွက်  သူငယ်ချင်းတိုင်းက ခင်မင်ရတယ်ဆိုပေမယ့် တချို့ တချို့တွေဆီမှာ သဘောကျတဲ့အချက်၊ မကြိုက်တဲ့အချက်တွေ ကျွန်မက သတ်မှတ်ဖြစ်တတ်တယ်။ ဒါတွေက သူတို့အပေါ်ထားတဲ့ ကျွန်မ ခင်မင်မှုပေါ်မှာတော့အကျိုးသက်ရောက်မှုမရှိပါဘူး။ လုံးဝမကြိုက်တဲ့သူလည်း ကျွန်မနားမှာ ကျွန်မအရင်းနှီးဆုံး သူငယ်ချင်းဖြစ်နိုင်သလို၊ ကျွန်မချစ်တဲ့သူလည်း ဖြစ်နေနိုင်တာပါပဲ။ တချို့သူငယ်ချင်းတွေဆီက ကျွန်မအားကျတဲ့ အချက်လေးတွေကို သတိထားမိတတ်တယ်။ အားကျတယ်ဆိုပေမယ့်လည်း သူတို့လိုကြီး ဖြစ်အောင်လိုက်လုပ်ဖို့ စိတ်ကူးတော့လည်း မရှိပြန်ဘူး။ ဒီအတိုင်း အားကျရုံလေးပဲ။

ဆေးစစ်တာကနေ စပြီးသိခဲ့ကောင်လေးကို ပေါ့ပေါ့ပါးပါးပုံစံနဲ့ပဲ သတ်မှတ်ခဲ့ပေမယ့် လက်ဖက်ရည်ဆိုင်ထိုင်ကြ၊ စကားတွေပြောကြရင်းမှ သူ့ခေါင်းထဲက ထူးခြားတဲ့အတွေးအခေါ်တချို့ကို အသိအမှတ်ပြုဖြစ်တယ်။ ဒေါက်တာသန်းထွန်းစာအုပ်တွေကို အရမ်းဖတ်ချင်နေတဲ့အချိန် သူ့ဆီက တော်တော်များများ ငှားဖတ်ခွင့်ရခဲ့တယ်။ သူ့ဆီက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တဲ့ သူ့အချစ်၊ လက်တွဲဖော်နဲ့ပတ်သက်တဲ့ ဒသနလေးကလည်း ကြားတုန်းကသာ ဘာမှမထူးခြားတာ တကယ်ကို လက်ခံနိုင်စရာ၊ ခုထက်ထိ မှတ်မှတ်ရရရှိနေတုန်း။ နောက်အလုပ်ဝင်ကြတော့ သူအလုပ်လုပ်တဲ့ပုံစံ။ ဘယ်တော့မှ ပျာယာမခတ်ဘဲ သက်တောင့်သက်သာ။ တခါတခါ ပျင်းရိပျင်းတွဲ။ ကျွန်မအားကျတဲ့ သူပိုင်ဆိုင်တဲ့အချက်က သက်တောင့်သက်သာရှိမှုပဲ။

အစ်မဆီက ကျွန်မအားကျတာကတော့ အစ်မရဲ့ ရဲရင့်မှုနဲ့ ပြတ်သားမှု။ ဘယ်နေရာမဆို ကိုယ်လုပ်ချင်တာပဲ ကိုယ်လုပ်ပြီး၊ ဘာမဆို ပြတ်သားစွာ ပြောရဲတာ။ ဆေးစစ်ရာကနေ အလုပ်မ၀င်ခင်စပ်ကြား၊ နောက် အလုပ်ဝင်ပြီးတဲ့အထိ အစ်မနဲ့ကျွန်မတတွဲတွဲရှိခဲ့ကြတယ်။ ပျော့ညံ့ညံ့ကျွန်မကို ဆူဆူပူပူ၊ တွဲတွဲထူထူနဲ့ အစ်မ၊ အစ်မကြောင့် သိခဲ့ရတာတွေလည်း အများအပြား၊ ကျွန်မနား အစ်မမရှိတော့တဲ့နောက်ပိုင်းလည်း အားငယ်တဲ့အချိန်၊ မပြတ်မသားဖြစ်တဲ့အချိန် မကြာခဏဆိုသလို အစ်မလို ဇွတ်တရွတ်ဆန်ဆန် ရဲရဲရင့်ရင့် လုပ်တတ်တဲ့ စိတ်ဓါတ်မျိုး တောင့်တောင့်တတနဲ့ အစ်မကိုခဏခဏ လွမ်းတတ်ပါသေးတယ်။

ဒီလိုပဲ… ရုတ်တရက် အနားရောက်လာလိုက်၊ ဖြည်းဖြည်းချင်းနီးကပ်လာလိုက်၊ ဖျတ်ခနဲ ပြန်ထွက်သွားလိုက်၊ မသိမသာဝေးကွာသွားလိုက်နဲ့ ပုံစံစုံ၊ အသွင်စုံလူတွေကြား၊ စွဲစွဲထင်ထင်လူတချို့၊ အားကျစရာလူတချို့၊ အမှတ်တရခပ်များများနဲ့.. ဒီလမ်းပေါ်ဆက်လျှောက်ဆဲ..

ပေါ့ပေါ့ပါးပါး

ခုတလော…..
ခေတ်ကာလကြီးတိုးတက်လာတာနဲ့အမျှ တဖက်မှာအကောင်းတွေ ရှိသလို၊ တဖက်မှာ ပင်ပန်းဆင်းရဲ ရတာတွေလည်း ပိုများလာတယ်။ တစ်နေ့ထက် တစ်နေ့အသက်ပိုကြီးကြီးလာလို့လည်း ဒီလိုတွေးမိတာ ဖြစ်ကောင်းပါတယ်။ ဟိုတလော တကယ်ပင်ပန်းတယ်ရှင့်။ လူတစ်ယောက်မှာ စိတ်ဖိစီးမှုရှိတယ်။ နည်းတယ် များတယ်ဆိုတာ အဲဒီလူရဲ့ ခံယူချက်နဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ပင်ပန်းအောင်လည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်နိုင်သလို၊ ပေါ့ပါးအောင်လည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်နိုင်ပါတယ်။

ဖြေရှင်းစရာ ပြသနာတွေကလည်း ဒီအတိုင်းပဲ ရှိနေတုန်းပဲ။ အဆင်မပြေမှုတွေကလည်း မပြေလည်နိုင်သေးဘူး။ ပင်ပန်းမယ်ဆို ဆက်ပြီး ပင်ပန်းစရာချည်းပဲ။ ဒါပေမယ့် ရုတ်တရက်ကြီး ဒီနှစ်ရက် ပေါ့ပါးသွားတယ်။ ဘာမှ မပြောင်းလဲပါဘဲနဲ့၊ အလိုလို ပေါ့ပါးနေတယ်။ မနက်အစောကြီး ထကြည့်တော့ အအေးဓါတ်တော်တော်ရနေပြီ။ ဒီရာသီဥတုက တစ်နှစ်တာလုံးမှာ အနှစ်သက်ဆုံးရာသီဥတု။ ဒီအချိန်အခါကို တစ်နှစ်လုံးမှာ အကြိုက်ဆုံး။ ကိုယ့်ဘာသာ အာရုံတွေများနေပြီး ဒီအချိန်ရောက်နေတာကို မေ့နေတာ။ သတိထားမိတော့ နောက်မကျသေးလို့ တော်ပါသေးတယ်။ ဒီရာသီဥတုနဲ့ မနက်ခင်းတွေက ချစ်ဖို့အကောင်းဆုံး။ ညနေတိမ်တိုက်တွေက ကြည့်လို့အကောင်းဆုံး။ လမ်းလျှောက်ဖို့အကောင်းဆုံး ရာသီဥတုပေါ့။

ခု စိတ်ထဲပေါ်တာတွေ လုပ်ချင်တာတွေ ပေါ့ပေါ့ပါးပါးတွေးကြည့်လိုက်ဦးမယ်။
(၁) seasonကကော်ဖီ နေ့တိုင်း သောက်ချင်တယ်။ (အဲဒီမှာ အလုပ်ခေါ်ရင် အလုပ်လျှောက်လိုက်ရ ကောင်းမလား။)
(၂) ညနေစောင်းမှာ ကျယ်ကျယ်ဝန်းဝန်းနေရာမှာ အေးအေးဆေးဆေးထိုင်ပြီး သီချင်းအကျယ်ကြီး ဆိုချင်တယ်။ (ဒီလိုပြောရင် ခွက်တလုံးပေးမယ့်လူတွေ များနေမှာပါပဲ။)
(၃) မနက်စောစောနဲ့ ညဘက်ရွှေတိဂုံဘုရားပေါ်မှာ နေချင်တယ်။
(၄) ဆံပင်ရှည်ရှည်ကို ကျစ်ဆံမြီးကျစ်ချင်တယ်။ (ကိုယ့်ဆံပင်ကလည်း မရှည်။ ကိုယ့်အနားမှာ ဆံပင်အရှည်ဆိုလို့လည်း ပိုက်ဆံအကုန်ခံပြီး သေချာဖြောင့်ထားတဲ့ ဆံပင်ပဲရှိတယ်။ သူ့ဆံပင်ကိုပဲ သွားခိုးကျစ်ရင်ကောင်းမလား။)
(၅) စိတ်မကောက်ချင်ဘူး။ ချော့လည်း မချော့ချင်ဘူး။ (ဒီလိုပြောလို့ပဲ ချော့ရတော့မယ် ထင်ပ။)
(၆) လမ်းအကြာကြီးလျှောက်ချင်တယ်။
(၇) တောင်တက်ချင်တယ်။ (တက်နိုင်ပါ့မလားပဲ။ အသက်ကကြီးလာပြီ။)
(၈) အဝေးကြီးရောက်နေတဲ့ သူငယ်ချင်းတွေနဲ့ အလုပ်ထွက်သွားတဲ့ သူငယ်ချင်းတွေကို သတိရနေပြီး၊ အနားက သူငယ်ချင်းတွေကို ကိုင်ပေါက်ချင်နေတယ်။ (အသည်းယားလို့။)
(၉) လူတွေကြည့်ပြီး နာမည်တွေပဲ ပေးချင်နေတယ်။ (ဗေဒင်ဆရာ လုပ်ရင်ကောင်းလေမလား။)
(၁၀) စီးကရက်သောက်ချင်တယ်။

ငွေရတု ရောက်တတ်ရာရာ အတွေးများ..

  • Oops.. ဘ၀ရဲ့ သုံးပုံတစ်ပုံကို ရောက်ပါပေါ့လား။
  • သွားရင်း လာရင်း လုပ်ရင်း ကိုင်ရင်း တွေ့တဲ့လူ တော်တော်များများကို ကလေးတွေလို့ပဲ မြင်မြင်လာနေတော့သည်။ (ဒီကလေးမလေး ချစ်ဖို့ကောင်းလိုက်တာ..။ အော်.. ကလေးတွေကိုး.. အပူအပင်မရှိဘူးပေါ့..။ ငယ်သေးတာကိုး.. ဒီလိုပဲပေါ့..။ အစရှိသဖြင့် ) တကယ် ကိုယ့်ထက် ငယ်မငယ် မသိ။ ငယ်တယ်ချည်း ထင်နေတတ်လာသည်။
  • မျှော်လင့်ထားသည်များ.. ပန်းတိုင်များ.. ကြီးကြီးမားမား ထင်ထင်ရှားရှား မရှိတော့၍ပဲလား မသိ။ တနေ့ တနေ့ ရယ်နေ မောနေရင်းကကို နေရထိုင်ရတာ ပျင်းခြောက်ခြောက်ကြီး ဖြစ်ဖြစ်လာသည်။
  • ဟိုး.. အရင်လို အနောက်ပဲ လှည့်ရင်းလည်း မသွားချင်တော့သလို။ ရှေ့ကိုလည်း မျှော်ကြည့်စရာ မရှိတော့တော့ အချိန်တွေကို ရစ်ပစ်ပြီး အသက် ၄၀ လောက်ကို တခါတည်း ကျော်သွားလို့ ရရင်ကောင်းမှာပဲလို့ ခဏခဏ တွေးဖြစ်လာသည်။
  • ‘ငါ’ စွဲလေးတော့ ဖျောက်အုံးမှဆိုပြီး ဖျောက်လိုက်ကာမှ.. ‘ငါတို့’ ဆိုတဲ့ အစွဲကြီး ဖြစ်သွားပါလေသည်။
  • တစ်ယောက်တည်း နေကြည့်ရင်.. ဆိုတဲ့အတွေး တွေးမလို့ ကြံကာရှိသေး.. အချစ်ဆုံးလူများ ဆိုတဲ့ စာမျက်နှာက ရှည်ရှည်လာနေသည်။
  • ဘာလို့မှန်းမသိ accident တခုခုနဲ့ လမ်းပေါ်မှာ သေရမည်ကို ယုတ္တိမရှိ မတရား ကြောက်လန့်တတ်နေသည်။ (bus ကားစီးရင်း gas အိုးထပေါက်မလား တထင့်ထင့် ဖြစ်နေတတ်လာခြင်းက အဆိုးရွားဆုံးဖြစ်သည်။)
  • ပုံမှန်ရှိနေကျ ကိုယ်အလေးချိန်ထက် ၁၀ပေါင် တိုးတက်လာသည်။ (အော်.. အသက်ကြီးပြီးကိုး..)
  • သီချင်းတချို့ စုထားဖြစ်သည်။ (‘နေ့နဲ့ညတို့ ရေရင်လေ ၂၈နှစ်..‘ ဆိုတဲ့ ထွန်းအိန္ဒြာဗိုသီချင်းက နောက် ၃နှစ်အတွက်..။ မျိုးကျော့မြိုင်ရဲ့ ‘အသက် ၃၃ အထီးကျန် ဆန်လွန်းတယ်..‘….။ နောက် ‘အသက် ၄၀ လူတွေမေးတယ်..  ဘယ်တော့များမှ စားရမှာလဲ…‘ အဲလိုဆိုတဲ့ မိုးမိုး သီချင်းလေး..)
  • မနက် ၂နာရီ ကိုကိုကြီး ပြန်လာတာ အိမ်တံခါးထဖွင့်ပေးတော့ ခေါင်းကိုထုပြီး Happy Birthday လို့ပြောသည်။ သူမှတ်မိနေသားပဲ။ အိမ်ကထွက်တဲ့မနက်အထိ ကိုကိုငယ်က နှုတ်မဆက်ပါ။ သူမေ့တတ်သွားပါပြီ။
  • မနက် အိပ်ရာထတော့ ထုံးစံအတိုင်း အမေက ထမင်းချိုင့်အတွက် ပြင်ဆင်နေရင်း မနက်စာပါ အသင့်ပြင်ဆင်ပြီးပါပြီ။ ၂၅နှစ်တိုင်ခဲ့ပြီကိုတောင် ဒီတာဝန်တွေ ယူနေရတုန်းဖြစ်ပါသည်။
  • ဒီတနှစ်အတွင်း အသိသာဆုံးခံစားချက်က ကိုယ့်ခံစားမှုကို ယုံကြည်လွန်းခြင်းပင် ဖြစ်ပါသည်။ လျှော့ချရင် ကောင်းမလား။ ဒီအတိုင်းထားရမည်လား မစဉ်းစားချင်သေးပါ။
  • သတိတရ နှုတ်ဆက် ဆုတောင်းသူ အားလုံးကို ကျေးဇူးတင်ပါသည်။
  • ယနေ့ ၂၀၁၀ ဇွန်လ ၁၈ရက်။ မနက် ၅ခွဲ အိပ်ရာထသည်။ ရာသီဥတု ကြည်လင်သည်။ မိုးမရွာသေးပါ။ မကြာမီ မြန်မာစံတော်ချိန် ၉နာရီခွဲပါတော့မည်။
  • ယနေ့ စာမေးပွဲ ဖြေစရာ ရှိပါသည်။