အချိုးအကွေ့မှလူတချို့ (၂)

လူ ၁။

နေရာသစ်တစ်ခုရောက်တိုင်း တော်ရုံနေသားမကျနိုင်တာကလည်း အကျင့်ဆိုးဆိုးတစ်ခု။ အလုပ်ခွင်ဆိုပေမယ့် အရာအားလုံးက ထူထောင်ခါစမို့လို့ ပုံသေအရာမရှိသေး။ မနက် ၈နာရီကစ စာတွေသင်လိုက်၊ သင်တန်းရှိရာပြေးတက်လိုက်၊ စည်းမျဉ်းတွေလေ့လာလိုက်နဲ့ ညနေ၅နာရီဆို အိမ်ပြန်။  လေ့ကျင့်ရေးတွေနဲ့ချည်း တနေကုန်တော့ အလုပ်ခွင်ထက် စာသင်ကျောင်းနဲ့သာ ပိုတူနေပါသေးတယ်။ နေသားမကျတကျ၊ အချင်းချင်းကလည်း ရင်းနှီးကာစ၊ အသွားအပြန်လမ်းချင်းတူတဲ့ တချို့တလေနဲ့ ကားပေါ်ဆုံတော့လည်း အတွေ့အကြုံဖလှယ်ရင်း စကားစမြည်ပေါ့။

အသင်းတွေ အသီးသီးခွဲထားတဲ့အတိုင်း နေရတော့ ကျွန်မက ခပ်အေးအေး တရုတ်မလေးတစ်ယောက်ရဲ့အသင်းမှာ အသင်းသားတစ်ယောက်။ လူတွေအကုန်က ခပ်အေးအေး။ အဆင်ပြေပြေပါပဲ။ အပြန်လမ်းမှာ အတူတူဆုံနေကြ ကောင်မလေးကတော့ ကျွန်မထက် နံပါတ်တစ်ခုငယ်တဲ့ အသင်းက အသင်းသား။ သူ့အသင်းအကြောင်း ခဏခဏ ပြောပြောပြနေတဲ့အထဲ “အစ်မ သိလား.. အဲတစ်ယောက်ကလေ.. ပြောတယ်.. သူ့အနားသိပ်မကပ်နဲ့.. သူ ပူအိုက်တယ်တဲ့.. ခပ်ဝေးဝေးထိုင်ပါတဲ့.. ဘယ်သူက ကပ်ချင်မလဲ.. နေရာတွေက ဒီလိုပဲ ကပ်နေတာကိုနော်.. နောက် ရေသောက်ရင်လည်းလေ. သူ့ခွက်နဲ့သူ.. သူ့ထမင်းချိုင့်ကိုဆို လက်နဲ့ထိတာတောင် မကြိုက်တဲ့ပုံ..” စသဖြင့်။ ကျွန်မကတော့ ရယ်ချင်ပက်ကျိ နားထောင်ရင်း “အင်း.. ကိုကြီးကျယ် နေမှာပေါ့” စသဖြင့်။ သူပြောတဲ့ ကောင်လေးကိုလည်း သတိထားမိသွားတယ်။

နောက်တစ်လလောက်အကြာ အသင်းတွေပြန်ခွဲတော့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီကောင်လေးရှိတဲ့အသင်းထဲ ကောက်ကာငင်ကာ ရောက်လေသတည်းပေါ့။ အသင်းခေါင်းဆောင် အစ်ကိုကြီးကြည့်ရတာလည်း ဆူမယ့်ပုံ။ ဂွကျကျလူတွေလည်း ရှိမယ့်အသင်း။ စိတ်ပိန်လိုက်တာ စိတ်ပိန်လိုက်တာ ဆိုပြီး စိတ်ထဲ တဖျစ်တောက်တောက်ပေါ့။ ကံဆိုးပြီထင်ရင် ဆက်တိုက်ဆိုးသလို နေရာချတော့လည်း ဂွကျကျလူဘေး ထိုင်ရတယ်။ ရှေးကကြားဖူးပြီးသား စကားရှိလေတော့ သူ့အနားကပ်မိတယ် မဖြစ်အောင် ကိုယ်ကိုတတ်နိုင်သမျှ ချုံ့ထားရသေးတယ်။ အဲဒီကောင်လေးကလည်း အကောင်ကြီးကြီး၊ ထိုင်ရင်လည်း  ကျယ်ကျယ်ဝန်းဝန်း ထိုင်လေတော့ ကျွန်မမှာ သူ ကျယ်ကျယ်ထိုင်သလောက် ကျုံ့ကျုံ့သွားရတယ်။ အဲလိုနဲ့ အသင်းတစ်ခုတည်း ဆိုရာကနေစ၊ နည်းနည်းချင်းစီ သူ့အကြောင်းသိသိလာတယ်။ Team Wrok Team Work ဆိုတဲ့ခေါင်းစဉ်အောက် ရုံးတွင်းတင်မက၊ အပြင်မှာပါ အုပ်စုလိုက်ကြီး လျှောက်လည်လိုက်၊ စားလိုက်၊ သောက်လိုက်နဲ့ (၇)ဂဏန်းတစ်စု တဖြည်းဖြည်းရင်းနှီးလာတယ်။

အဲလိုနဲ့ အဲလိုနဲ့.. ကာလတွေရွေ့လျားတော့ တကယ်အလုပ်တွေလည်း လုပ်ရပြီ။ အသင်းတွေလည်း ဟိုဒီထပ်ပြောင်း၊ လူတွေလည်း ဟိုစားပွဲရောက် ဒီစားပွဲရောက်။ တရုံးရုံးနဲ့ အားလုံးရင်းနှီးလာကြတဲ့အထဲ ဂွကျကျသူငယ်ချင်းတစ်ယောက်လည်း ပါကိုပါလာတော့တာပေါ့။ တကယ်က စိတ်ရင်းလည်း ကောင်းသလို၊ တကယ်ကို ကိုးလိုးကန့်လန့် လူတစ်ယောက်လည်းဖြစ်ပါတယ်။ အတုယူစရာ အရည်အချင်းအများကြီး ပိုင်ဆိုင်ထားပြီး၊ တကယ်လည်း အလုပ်လုပ်နိုင်တဲ့ သူတစ်ယောက်ပါ။ ဒါကြောင့်မို့လည်း ၂နှစ်အတွင်း ပရောဂျက်ခေါင်းဆောင်၊ နောက် မန်နေဂျာအဆင့်အထိ ရောက်ပြီး သူ့အရည်အချင်းတွေ ပြနိုင်ခဲ့တာပေါ့။ အလုပ်နဲ့ပတ်သက်တာရော။ တစ်ချို့တစ်ချို့သော စိတ်နေစိတ်ထားတွေကိုပါ ကျွန်မ သူ့ဆီက သင်ယူခဲ့ရတာတွေ အများကြီး။ ကျွန်မအတွက်တော့ သူဟာ စာအုပ်တစ်အုပ်။ သူ့ဆီက အားအကျဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရယ်၊ ဘာလုပ်လုပ် ကိုယ့်ပုံစံနဲ့ကိုယ် ရဲရဲကြီး လုပ်ရဲတာရယ်။ ကျွန်မမှာ မရှိတဲ့အရည်အချင်းတွေအပြည့်ရှိတဲ့ လေးစားအားကျနေရတဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် ဆုံဖူးသည်ပေါ့။

လူ ၂။

အဲဒီကောင်မလေးကိုတော့ အလုပ်မ၀င်ခင် သင်တန်းတက်စဉ်ကာကတည်းက မျက်မှန်းတန်းမိတယ်။ မှတ်မှတ်ထင်ထင် စ စကားပြောဖူးတာက… တစ်ရက် သင်တန်းသားတွေကို သင်တန်းကအပြန် အလုပ်က ပြောပြစရာရှိလို့ ဆိုပြီး စုခိုင်းတယ်။ အဲဒီအချိန်တုန်းက လိုဂိုဒီဇိုင်းဝင်ပြိုင်လို့ရတယ်ဆိုပြီး သတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက်။ ပြိုင်မယ့်သူတွေက ပြိုင်ပွဲဝင်လိုဂို အပ်ရတော့မယ့်ရက်ပေါ့။ ကျွန်မကတော့ ဒီဇိုင်းဆို ဖိုတိုရှော့ ဖွင့်တာတောင် မဖြောင့်ချင်တဲ့သူဆိုတော့ စိတ်ဝင်တစားရှိမနေဘူး။ အဲဒီနေ့ သင်တန်းက အပြန် စုခိုင်းတဲ့နေရာကို ၅ယောက်လား ၆ယောက်လားမသိ တူတူသွားဖြစ်တယ်။ မနက် ၇နာရီက ၉ခွဲအထိသင်တန်းမှာနေပြီး မနက်စာ မစားရသေးတဲ့လူပဲ များနေတော့ မုန့်ဟင်းခါးအရင် ၀င်စားမယ်လည်း ဆိုရော၊ အဲကောင်မလေးက သူမစားဘူး သွားနှင့်မယ်တဲ့ဆိုပြီး သူတစ်ယောက်တည်း အရင်လမ်းခွဲသွားတယ်။ ကျွန်မက အော် မစားလည်းထိုင်လိုက်တာမဟုတ် စောသေးတာကိုလို့ တွေးမိရုံ။ စားပြီး အခန်းထဲရောက်တာတောင် စောသေးတာကိုး။ အခန်းထဲရောက်လည်း ဟိုပြော ဒီပြောနဲ့နေတုန်း မီးပျက်သွားတယ်။ နေ့ခင်းကြီးပေမယ့် အလင်းရောင် မကောင်းတော့ မီးမရှိတာနဲ့ မှောင်ကျသွားရော။ အဲဒီကျမှ အခန်းထောင့်မှာ အမ်ပီဖိုးတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ဟိုကောင်မလေးကို သတိထားမိတယ်။ မှောင်ထဲမှာတောင် အမ်ပီဖိုးကြီးကြည့်နေတာကို တွေ့မှ။ အာ.. သူလိုဂို ပြိုင်မလို့ဘဲ။ ဘယ်လိုကြောင့် ဒီလိုဒီဇိုင်း၊ ဒီကာလာရွေးဖြစ်တယ် စသဖြင့်ပါ ရေးပေးရမှာကိုး။ ကောင်မလေး မရေးရသေးဘူး ထင်ပ။ အဲလိုနဲ့ သတိထားမိသွားတယ်။

ကျွန်မထက် တစ်လနောက်ကျပြီး အလုပ်ဝင်လာပြီး၊ ကျွန်မတို့ စားပွဲတစ်ဝိုင်းထဲ ထိုင်ဖြစ်တဲ့ တစ်ညနေ။ အချင်းချင်း ဟိုပြော ဒီပြောနဲ့။ ဥာဏ်သုံးတွက်ရတဲ့ သင်္ချာ ပဟေဌိမေးခွန်းတွေနဲ့ ကစားကြတော့။ သူမ သေသေချာချာ အာရုံစိုက်ဖြေတာ တော်တော်လေးသတိထားမိပြီး၊ အဲဒီနေရာမှာ ဥာဏ်တော်တော်ကောင်းတာလည်း သတိထားမိသွားတယ်။ ဥာဏ်ပြေးတဲ့ မိန်းမတွေကို သဘောကျတတ်တဲ့ ထုံးစံအတိုင်း ကျွန်မစိတ်ထဲ သူမကို နှစ်သက်တဲ့စိတ်က အလိုလိုဝင်လာတဲ့နေ့ပေါ့။

ကံကောင်းစွာနဲ့ သူမသည်လည်း ကျွန်မတို့ နံပါတ်(၇)အဖွဲ့ထဲက တစ်ယောက်ဖြစ်လေတော့ တရုံးရုံးကြားမှာ တရင်းနှီးနှီးဖြစ်လာတော့တာပေါ့။ အလုပ်လုပ်စရာ ကွန်ပျူတာလေးတွေ အပြည့်အစုံမရခင် ကျွန်မတွဲကြည့်ခွင့်ရတာက သူမကွန်ပျူတာနံပါတ် ၄၃။ ဟိုကလိဒီကလိ ဟိုဟာစမ်း ဒီဟာစမ်းနဲ့ သူမရဲ့ စိတ်ပါဝင်စားမှုကိုလည်း ထဲထဲဝင်ဝင် ခံစားမိလာတယ်။

တခါမှ စိတ်တိုတယ်။ စိတ်ဆိုးတယ်။ သူများအကြောင်းပြောတယ်ဆိုတာ မရှိတဲ့သူငယ်ချင်း။ အသင်းတွေ ပြန်ခွဲလို့၊ သူမတစ်ယောက်တည်း ဟိုးဘက်ရောက်သွားတော့ အိမ်သာထဲဝင် မျက်ရည်ကျဖူးသတဲ့။ တကယ်ကျတော့လည်း အသင်းတွေကွဲသွားပေမယ့် ကျွန်မတို့အဖွဲ့ထဲက အရင်းနှီးဆုံး၊ ကျွန်မ အယုံကြည်ရဆုံး၊ ကျွန်မဘေးက သူငယ်ချင်းတစ်ယောက်အဖြစ် သူမရှိနေခဲ့တယ်။ သူမဆီက အားအကျဆုံးအချက်က တကယ့်ကိုဖြောင့်ဖြောင့်လေး တွေးတတ်တဲ့စိတ်လေးနဲ့ ထက်မြက်တဲ့ ဥာဏ်ရည်။ ဘယ်အချိန် စိတ်ဘယ်လောက် နောက်ကျိနေပစေ သူမရယ်လို့ ကြည့်လိုက်ရင် ကြည်လင်သွားစေတဲ့.. ကျွန်မရဲ့ ရေသန့်လေး ဖြစ်ပါတယ်။

အသင်း ၇။

Team Work ဆိုတဲ့သဘောတရားကို သင်ယူမိစေတဲ့ ပထမဆုံးအဖွဲ့အစည်း။ ကျွန်မဘ၀ရဲ့ အရင်းနှီးဆုံး၊ အယုံကြည်ရဆုံး၊ အားအကျရဆုံး သူငယ်ချင်းတော်တော်များများကို ကျွန်မဆီကိုပေးခဲ့တဲ့အဖွဲ့။ ခုချိန်ထိ ဘာမဆို အားကိုးတကြီး တိုင်ပင်ဖြစ်တဲ့ အစ်မတွေ။ တတွတ်တွတ် တီးတိုးတီးတိုး သဖန်းပိုး ပေါက်ကရလေးဆယ် တနေကုန်လုပ်နေလို့ ဒီ၂ယောက်ကပ်ရင် စကားချည်းပဲလို့ ပြောရလောက်တဲ့သူငယ်ချင်း။ ခေါင်းခပ်မာမာညီမလေး။ ကြောက်သလိုလိုနဲ့ အမြဲပြန်ပြန်ပြောမိနေတဲ့ ခေါင်းဆောင်။ ပျော်စရာအမှတ်တရတွေကိုချည်း ပေးခဲ့တဲ့အဖွဲ့။ ဘ၀မှာ ပျော်စရာအကောင်းဆုံးနဲ့ အတက်ကြွဆုံး အချိန်ကို ထောက်ပြပါဆိုရင် နံပါတ်၇ နဲ့တူတူရှိနေတဲ့အချိန်ကို ထောက်ပြစရာကျန်နေအောင် ရခဲ့တဲ့ ကျွန်မအတွက် အကောင်းဆုံး လက်ဆောင်တစ်ခု။

အချိုးအကွေ့မှလူတချို့ (၁)

တချို့များကတော့ ဘ၀ကို အစီအစဉ်တကျ စီမံကိန်းတွေချလို့ ဖြတ်သန်းကြတယ်။ ဒီနှစ်မှာ ဘာဖြစ်ရမယ်။ ကိုယ်က ဘာလိုချင်တယ်၊ ဘာဖြစ်သင့်တယ်။ ဘယ်လမ်းကိုလျှောက်မယ်။ ဒါအဆင်မပြေခဲ့ရင် ဘယ်ဟာကို အစားထိုးမယ်။ စသဖြင့် စည်းစနစ်ကျကျ စီမံကြသူတွေ ဒုနဲ့ဒေး ရှိသလို၊ အဆင်ပြေသလိုလေးဆိုပြီး ရေလိုက်ငါးလိုက်နဲ့ ပြီးသွားကြတဲ့လူတွေလည်း တပုံတပင်ရှိမှာပါ။ ဖြစ်ချင်တာတွေ ရည်ရွယ်ချက်တွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ဘယ်အချိန် ဘာဖြစ်ရမယ်။ ဘာညာ မစဉ်းစားထားဘဲ ဖြစ်လာသမျှကို အဆင်ပြေသလိုဆိုပြီး နေထိုင်နေကြတဲ့ လူအမျိုးအစား။ ခပ်ညံ့ညံ့လူတွေလို့ပဲ သတ်မှတ်ကြလေမလား။ ကျွန်မကတော့ ဒုတိယလူအမျိုးအစားထဲမှာ သေသေချာချာကြီးကို ပါဝင်ပါတယ်။ စီမံကိန်းတွေ၊ ကြိုတင်ပြင်ဆင်မှုတွေဆိုတာလည်း ကျွန်မနဲ့ ခပ်ဝေးဝေးမှာပဲ ရှိနေကြပါတယ်။ ဒီအရွယ်အထိ ကျွန်မလျှောက်ခဲ့တဲ့လမ်း၊ ကျွန်မရောက်နေတဲ့နေရာ၊ ကျွန်မရွေးခဲ့တဲ့အလုပ် အားလုံးဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဖြစ်ပေမယ့်၊ ဒီအရာတွေအတွက် ကျွန်မ အစီအစဉ်တကျ လာခဲ့တာ မဟုတ်ခဲ့ပါ။ ပြောရရင် ဒီလမ်းကို လျှောက်ချင်လို့ ဒီလမ်းကို ရှာဖွေပြီး လျှောက်ခဲ့တာမျိုး မဟုတ်ဘဲ၊ လျှောက်လာရင်းကနေ တွေ့တဲ့လမ်းထဲက ကိုယ်ထင်ရာ မြင်ရာလမ်းကို အမြဲတစေ စွပ်စပ်လျှောက်မိခြင်းပဲ ဖြစ်တယ်ပေါ့။

အဲဒီအချိန်တုန်းကလည်း မရည်ရွယ်ပါပဲ လျှောက်မိတဲ့ ဒီလမ်းပေါ်မှာ ဒီလူတွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။ အဲသည်တုန်းက…

ကျွန်မက လခခပ်နည်းနည်း၊ သက်တောင့်သက်သာ၊ ပေါ့ပေါ့ပါးပါးနဲ့ မိသားစုဆန်ဆန် အလုပ်တစ်ခုကို လုပ်လက်စ။ မထင်မှတ်ဘဲ စိတ်အားထက်သန်လှတဲ့ သူငယ်ချင်းနဲ့ အဖော်လိုက်ပေးရင်း၊ နောက်ဆုံးမှာ သူလုပ်ချင်တဲ့အလုပ်ကို သူ မလုပ်လိုက်ဘဲ ကျွန်မက လုပ်ဖြစ်တော့မယ့် အနေအထား။ အလုပ်မ၀င်ခင် လိုအပ်တဲ့ ဘာသာစကားသင်တန်းတက်ရတဲ့အချိန်။ လုပ်လက်စ အလုပ်ကလည်း ထွက်ခွင့်မရသေး၊ နားလည်မှုနဲ့ပဲ အလုပ်ချိန်ကို မနက်၁၀နာရီမတိုင်ခင်ရောက်အောင် ပြေးပြေးလွှားလွှားနေရတဲ့အချိန်ဆိုတော့ ပတ်ဝန်းကျင်ဘေးဘီ တော်တော်များများ သတိမထားမိခဲ့ဘူး။ ကြုံရင်ပြုံးပြအနေအထားထက်ပိုပြီး ဘယ်သူ့ကိုမှ စိတ်မ၀င်စားနိုင်ခဲ့ဘူး။

တစ်နေ့။ အလုပ်မ၀င်ခင် လိုအပ်တဲ့ ဆေးစစ်ချက်တွေလုပ်ဖို့အတွက် ညွှန်ကြားထားတဲ့ ဆေးခန်းကို သွားရမယ်လို့ သိထားတဲ့နေ့။ မထွက်ရသေးတဲ့ အလုပ်ကနေ မျက်နှာပူပူနဲ့ပဲ နေ့တ၀က်ခွင့်တောင်း။ အဲဒီမှာ ဆေးစစ်ဖို့ သွားရမယ့် နောက်ထပ် အဖော်ကိုကြည့်လိုက်တော့ ရွယ်တူ ယောက်ျားလေး တစ်ယောက်။ တစ်ယောက်တည်းထက်စာရင် နှစ်ယောက်ကတော့ ပိုအဆင်ပြေပါတယ်လေ။ ဘတ်စ်ကားပေါ်ရောက်တော့မှ နာမည်မေးမိတ်ဆက်။ အော်.. ငါ့ထက် တစ်နှစ်ကြီးပါလားပေါ့။ ငါ့ထက်တစ်လငယ်ရင် ဒါ ငါ့ထက်အငယ်၊ ငါက အစ်မ။ ငါ့ထက်တစ်နှစ်၊ နှစ်နှစ်လောက်ကြီးရင်တော့ ငါနဲ့ရွယ်တူပဲ ဆိုတဲ့ ကျွန်မထုံးစံအတိုင်း နင်နဲ့ငါပေါ့။ ဒီလိုနဲ့ သူ့ကို ကျွန်မ စသိတယ်။

တကိုယ်လုံး ဆေးစစ်ချက်တွေ လုပ်တဲ့ အဲဒီအချိန်မှာ ကျွန်မက အဆုတ်အအေးပတ်ထားပြီး ချောင်းဆိုး မပျောက်တပျောက်ကာလ၊ ဟိုကောင်လေးပုံစံကြည့်ရတာကလည်း မီးခိုခေါင်းတိုင်အလား၊ အငွေ့တလူလူ။ ဒီလိုနဲ့ ဆေးစစ်ချက်ထွက်လာတော့ ကျွန်မတို့ ဓါတ်မှန်clearမဖြစ်ဘူးဆိုတဲ့ result တူညီစွာထွက်လာပါရောလား။ ကျွန်မတို့ နှစ်ယောက်တင်ဘယ်ကမတုန်း။ ကျွန်မတို့နောက်တရက်မှာ ဆေးစစ်ခဲ့တဲ့ အစ်မတစ်ယောက်ကလည်း တူညီစွာပါပဲ။ အဲဒီအစ်မက သင်တန်းမှာ ကျွန်မနားထိုင်တာပါ။ သူလည်း သူ့အလုပ်နဲ့သူ၊ ကျွန်မလည်း ကျွန်မအလုပ်နဲ့ကျွန်မမို့လို့ ထွေထွေထူးထူး ရင်းနှီးတာတော့ မဟုတ်သေးဘူး။ နောက်ထပ်တခါ လိုအပ်တဲ့ ဆေးစစ်ချက်တွေ ထပ်လုပ်ဖို့သွားတော့ အဲဒီအစ်မနဲ့ တူတူဖြစ်သွားတယ်။ ပိုက်ဆံအကုန်ခံ၊ ဆေးတွေထပ်စစ်ပြီး ထွက်လာတဲ့ resultကမှ အိုကေ သွားတော့လည်း အတူတူ။ မှတ်မှတ်ရရ ကျွန်မတို့ သောက်ဖို့လိုအပ်တယ်ဆိုပြီး ပေးလိုက်တဲ့ ဆေးတွေကို စပ်စပ်စုစု လျှောက်မေး၊ သူ့ဆေးနဲ့ ကိုယ့်ဆေးတိုက်ကြည့်လိုက်တော့၊ အကုန်တူပြီး၊ ကျွန်မမှာက အိပ်ဆေးပိုတယ်။ အစ်မမှာက ၀မ်းနုတ်ဆေးပိုသတဲ့ကွယ်။ အဲဒီဆေးစစ်ချက်ကနေ အကြောင်းပြုပြီး အစ်မနဲ့ကျွန်မ စရင်းနှီးခဲ့တယ်။

အဲဒီနောက် နဂိုလုပ်နေတဲ့အလုပ်က ထွက်ခွင့်ရသွားပြီဖြစ်တဲ့ ကျွန်မလည်း သင်တန်းကနေ အရင်လို တက်သုတ်ရိုက်ပြန်စရာမလိုတော့မှ ဘေးပတ်ဝန်းကျင်ကို လေ့လာမိတော့တယ်။ ကျွန်မအနောက် ဘယ်ဘက်မျက်စောင်းထိုးလောက်မှာ ထိုင်တဲ့ ယူနီဖောင်းဆင်တူနဲ့ နှစ်ယောက်တမ္ဘာဖြစ်နေတတ်တဲ့ ကောင်မလေးနှစ်ယောက်၊ ကျွန်မအနောက်တည့်တည့်မှာ ထိုင်တဲ့ စာကြမ်းပိုးပုံစံ၊ ကျွန်မထက် အသက်ကြီးတယ်ဆိုပေမယ့် ကလေးမျက်နှာလေးနဲ့ အစ်မတစ်ယောက်၊ ကြောင်အကြောင်းခဏခဏပြောတတ်တဲ့ ခပ်တုတ်တုတ်ကလေး တစ်ယောက်၊ အလုပ်မ၀င်ခင်ကတည်းက ထွက်ဖို့ စဉ်းစားနေတဲ့ သူ့ကိုယ်သူ အစ်မ၊ အစ်မနဲ့ ပြောတတ်တဲ့ ကောင်မလေးတစ်ယောက်၊ အတန်းထဲမှာ ခပ်လောင်လောင် ကောင်လေးနှစ်ယောက်၊ သူတို့နဲ့တွဲတဲ့ ဂစ်တာတီးပုံရတဲ့ ခပ်အေးအေး ကောင်လေးတစ်ယောက်။ စသဖြင့် အနားပတ်ဝန်းကျင်က တချို့တလေကို သတိထားမိလာပါတယ်။

ထို့ထက်ပိုပြီး..။ သင်တန်းဆင်းပြီးချိန်တိုင်းမှာ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြတဲ့အလေ့အထ။ မနက်၉ခွဲ သင်တန်းဆင်းတာကနေ စထိုင်လိုက်ရင် ၁၀ခွဲ ၁၁မှ ပြန်ဖြစ်ကြရင်းကနေ ကျွန်မအတွက် မှတ်မှတ်ရရ လူနှစ်ယောက်ကို ကျွန်မဆီရောက်လာစေခဲ့တယ်။ သူငယ်ချင်း အပေါင်းအသင်းဆိုတဲ့နေရာမှာ အကြိုက်မတူ၊ စရိုက်မတူ၊ အကြိုက်တူ၊ စရိုက်တူ၊ သူ့အားကျ၊ ကိုယ့်အားကျ မျိုးစုံနဲ့ ရှိကြတယ်လေ။ ကျွန်မအတွက်  သူငယ်ချင်းတိုင်းက ခင်မင်ရတယ်ဆိုပေမယ့် တချို့ တချို့တွေဆီမှာ သဘောကျတဲ့အချက်၊ မကြိုက်တဲ့အချက်တွေ ကျွန်မက သတ်မှတ်ဖြစ်တတ်တယ်။ ဒါတွေက သူတို့အပေါ်ထားတဲ့ ကျွန်မ ခင်မင်မှုပေါ်မှာတော့အကျိုးသက်ရောက်မှုမရှိပါဘူး။ လုံးဝမကြိုက်တဲ့သူလည်း ကျွန်မနားမှာ ကျွန်မအရင်းနှီးဆုံး သူငယ်ချင်းဖြစ်နိုင်သလို၊ ကျွန်မချစ်တဲ့သူလည်း ဖြစ်နေနိုင်တာပါပဲ။ တချို့သူငယ်ချင်းတွေဆီက ကျွန်မအားကျတဲ့ အချက်လေးတွေကို သတိထားမိတတ်တယ်။ အားကျတယ်ဆိုပေမယ့်လည်း သူတို့လိုကြီး ဖြစ်အောင်လိုက်လုပ်ဖို့ စိတ်ကူးတော့လည်း မရှိပြန်ဘူး။ ဒီအတိုင်း အားကျရုံလေးပဲ။

ဆေးစစ်တာကနေ စပြီးသိခဲ့ကောင်လေးကို ပေါ့ပေါ့ပါးပါးပုံစံနဲ့ပဲ သတ်မှတ်ခဲ့ပေမယ့် လက်ဖက်ရည်ဆိုင်ထိုင်ကြ၊ စကားတွေပြောကြရင်းမှ သူ့ခေါင်းထဲက ထူးခြားတဲ့အတွေးအခေါ်တချို့ကို အသိအမှတ်ပြုဖြစ်တယ်။ ဒေါက်တာသန်းထွန်းစာအုပ်တွေကို အရမ်းဖတ်ချင်နေတဲ့အချိန် သူ့ဆီက တော်တော်များများ ငှားဖတ်ခွင့်ရခဲ့တယ်။ သူ့ဆီက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တဲ့ သူ့အချစ်၊ လက်တွဲဖော်နဲ့ပတ်သက်တဲ့ ဒသနလေးကလည်း ကြားတုန်းကသာ ဘာမှမထူးခြားတာ တကယ်ကို လက်ခံနိုင်စရာ၊ ခုထက်ထိ မှတ်မှတ်ရရရှိနေတုန်း။ နောက်အလုပ်ဝင်ကြတော့ သူအလုပ်လုပ်တဲ့ပုံစံ။ ဘယ်တော့မှ ပျာယာမခတ်ဘဲ သက်တောင့်သက်သာ။ တခါတခါ ပျင်းရိပျင်းတွဲ။ ကျွန်မအားကျတဲ့ သူပိုင်ဆိုင်တဲ့အချက်က သက်တောင့်သက်သာရှိမှုပဲ။

အစ်မဆီက ကျွန်မအားကျတာကတော့ အစ်မရဲ့ ရဲရင့်မှုနဲ့ ပြတ်သားမှု။ ဘယ်နေရာမဆို ကိုယ်လုပ်ချင်တာပဲ ကိုယ်လုပ်ပြီး၊ ဘာမဆို ပြတ်သားစွာ ပြောရဲတာ။ ဆေးစစ်ရာကနေ အလုပ်မ၀င်ခင်စပ်ကြား၊ နောက် အလုပ်ဝင်ပြီးတဲ့အထိ အစ်မနဲ့ကျွန်မတတွဲတွဲရှိခဲ့ကြတယ်။ ပျော့ညံ့ညံ့ကျွန်မကို ဆူဆူပူပူ၊ တွဲတွဲထူထူနဲ့ အစ်မ၊ အစ်မကြောင့် သိခဲ့ရတာတွေလည်း အများအပြား၊ ကျွန်မနား အစ်မမရှိတော့တဲ့နောက်ပိုင်းလည်း အားငယ်တဲ့အချိန်၊ မပြတ်မသားဖြစ်တဲ့အချိန် မကြာခဏဆိုသလို အစ်မလို ဇွတ်တရွတ်ဆန်ဆန် ရဲရဲရင့်ရင့် လုပ်တတ်တဲ့ စိတ်ဓါတ်မျိုး တောင့်တောင့်တတနဲ့ အစ်မကိုခဏခဏ လွမ်းတတ်ပါသေးတယ်။

ဒီလိုပဲ… ရုတ်တရက် အနားရောက်လာလိုက်၊ ဖြည်းဖြည်းချင်းနီးကပ်လာလိုက်၊ ဖျတ်ခနဲ ပြန်ထွက်သွားလိုက်၊ မသိမသာဝေးကွာသွားလိုက်နဲ့ ပုံစံစုံ၊ အသွင်စုံလူတွေကြား၊ စွဲစွဲထင်ထင်လူတချို့၊ အားကျစရာလူတချို့၊ အမှတ်တရခပ်များများနဲ့.. ဒီလမ်းပေါ်ဆက်လျှောက်ဆဲ..

အာလူးကဗျာ…

ArLar.. ArLuu
ပူတူးတူး
သူ့အကြောင်းလေးကို
ပြောမည်အခု..

ဆိုင်ကယ်လေးနဲ့တူသည်ပင်
သူ့မျက်နှာသွင်ပြင်..

ကိုယ်နေဟန်ထား အဖြောင့်စား
ဂွတစ်ချောင်းအလား..

ထစ်ခနဲဆို ကောက်တတ်သေး
မကောက်တေးလို့နာမည်ပေး..

အားနာတတ်တဲ့နေရာတွင်
ဆရာတစ်ဆူပင်..

တခါတခါ ဂျစ်တစ်တစ်
ရန်လို ပုန်ကန်အကျင့်..

စိတ်ညစ်တဲ့အခါ သီချင်းလေး
ဆိုကာ ချော့တတ်သေး..

အိမ်မက်ဆိုးတွေ မက်တဲ့အခါ
အရမ်းသူကြောက်တာ..

ဥာဏ်တိမ်တယ်လို့ ထင်မှတ်သေး
အမှန်မဟုတ်ပါလေး..

အနစ်နာခံဖို့ သူကြံစည်
အားကိုးလောက်ပါသည်..

လူတကာအတွက် အချိန်တွေပေး
သူ့မှာ မအားနိုင်သေး..

ရွေ့ရင်းရှားရင်း အချိန်တွေကုန်
အသက်တွေကြီးလာပုံ..

၁ရက်နေ့မှာ အသက်ကလေး
၂၄ပြည့်တယ်လေး..

ပျော်ရွှင်ပါစေ ဆုမွန်ကောင်း
သမီးလေးလန်းဖြာကြောင်း

အာလူးလေးရဲ့ကဗျာဟာ
ဒီမှာဆုံးပေတာ..

ဆက်ပြောလိုတာ..
i lv u
တသက်လုံးအတွက် အတည်ယူ…..။
😀

An Appeal

ငါစသိတုန်းက
နင်က မဖျတ်လတ်ပေမယ့်
အသက်ရှူသံတွေက လတ်ဆတ်တယ်။
အကြည့်လေးတွေ အသက်ဝင်တယ်။
အေးအေးလေးလည်း ပြုံးတတ်တယ်။

ငါ့နားရောက်လာပြီးမှ
အားတင်းထားတဲ့ အပြုံးနဲ့
မှုန်မှိုင်းမှိုင်းအကြည့်ကြား
သက်ပြင်းချသံသာ များလာတယ်။

ကိုက်ညီမှုမရှိတဲ့
နေထိုင်မှုပုံစံနဲ့ စရိုက်သဘာဝထဲ
အတင်းဆွဲအသွင်းခံရခြင်းရဲ့
ပြယုဂ်လေလား။

ဒါပေမယ့်ကွယ်….
တရားခံက ငါဆိုရင်တောင်
နင့်စိတ်ဓါတ်အခံလေးကိုလည်း
အမှုတွဲအဖြစ် နံပါတ်တပ်ပါရစေ။

မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်း
give ချည်းပဲ ဖြစ်နေတော့မှာလား
societyဆိုတာကိုက မျှဝေခံစားခြင်းပဲ
ဘယ်အရာမှ နင်တယောက်တည်း တာဝန်ယူနေစရာမလိုပါဘူး။

ပင်ပန်းတယ်ဆိုတာ ကိုယ်လုပ်တာပဲ
ချုပ်တည်းထားရင်လည်း ပင်ပန်းမှာပဲ
သူ့အလိုလို ထိန်းချုပ်နိုင်ရမှာ
ခံယူချက်လေးပဲ လိုပါတယ်။

ကြုံတဲ့အချိန်လေးပဲ ခံစားသတဲ့လား
အဲဒါကလည်း အလူးအလဲဆိုတော့ နင်ထိခိုက်ပြီလေ
ခဏလေးပဲ ဆိုရင်တောင်
သာသာယာယာပဲ ရှိသင့်တာပေါ့။

ငါထူမတ်ပေးမှ ထမယ်ဆိုရင်လည်း
ဒီအတိုင်းပဲ ကြည့်နေလိုက်တော့မယ်
ငါတွဲလို့မှ ရောက်မယ်ဆိုရင်
အဲဒါ နင်လျှောက်တဲ့ လမ်းမဟုတ်ဘူးလေ။

နင်က မရဘူး ထင်နေပေမယ့်
တခါတလေ အဲဒါတွေက နင်ပိုင်ဆိုင်ပြီးသားတွေ
မကြည့်ဘူးဆိုတိုင်း မမြင်တာတော့မဟုတ်ဘူး
နောက်ကွယ်တိုင်းမှာ အကြောင်းအရင်းရှိတယ်။

ဒီလိုပါပဲကွယ်..
အယူခံဝင်တယ်ဆိုဦးတော့
တရားခံချည်းပဲလည်း မပြီးဘူးလေ
အမှုတွဲလေးလည်း ပြင်ဆင်နိုင်ပါစေ။    ။

ပွေ့ဖက်မိသော သူစိမ်းများ

တခါတုန်းကတော့
(သူတို့နဲ့)
အကျီစချင်းတောင် မတိုက်မိခဲ့ဖူးပါ။

တနေ့မှာတော့
အမှတ်တမဲ့
ပုခုံးချင်းတိုက်မိကြတယ်ပေါ့။

နောက်…
လောကကြီးထဲ ငါသိတဲ့ နာမည်တိုးလာရုံ။
(ဘာသိဘာသာပဲ)

တရက်ကျ
ငါတို့ ပြုံးပြဖြစ်တယ်။
(ဘာရယ်မဟုတ်ဘူး)

နောက်ရက်မှာ
လမ်းတခုကို ယှဉ်လျှောက်တယ်။
(တိုက်ဆိုင်တာထင်ပါ့)

အဲဒီနောက်
ကော်ဖီတူတူသောက်တယ်။
(နွေးထွေးသားပဲ)

နောက်တနေ့တော့
ငါ့အိမ်မက်တွေ ဖိတ်စင်ပြီး
သူတို့အိမ်မက်တွေ ကြားနာဖြစ်တယ်။

နောက်တရက်..

နောက်တရက်..

နောက်တရက်..

…………….

သူတို့ မျက်ရည်တွေက
ငါ့ကို ဖျားနာစေလာတယ်။

သူတို့အပြုံးတွေက
ငါ့အတွက် မနက်ခင်းတခု။

သူတို့ နာကျင်မှုကြောင့်
ငါပါ ဆေးကုရတယ်။

သူတို့ ချွေးစက်တွေက
ငါ့ကို နွမ်းနယ်စေတယ်။

သူတို့ တက်ကြွမှုက
ငါ့အတွက် energy drink။

သူတို့အတွက်
ငါ့ပုခုံးနှစ်ဖက် အမြဲအသင့်ရှိလာတယ်။

သူတို့အတွက်
ငါ့ဦးနှောက်တွေ အလုပ်လုပ်တယ်။

သူတို့အတွက်
ငါ့အာရုံတွေ အချိန်ပြည့်အားလပ်တယ်။

(ဒီလိုပါပဲ..)
အလန့်တကြား သတိထားမိတော့..
ငါ… ပွေ့ဖက်မိပြန်ပါရောလား..

———

/***
အလုပ်မလုပ်ဘဲ ကျွန်မမျက်နှာထိုင်ထိုင်ကြည့်နေတဲ့ သူငယ်ချင်း ရေးပေးထားတာ။ ဂုဏ်ပြုကဗျာဆိုလား။ ဒီမှာ လာတင်တာသိရင် ရှက်ပြီးသေမလား.. တက်ပြီးသေမလားဘဲ.. ။ ဒီတော့ ရှူး…….. တိုးတိုး…. တိတ်တိတ်ကလေး ဖတ်သွားကြ။
***/

သူ့အရိပ်လေးပုံဖော်ရရင်
ချည်ထမီအဆင်ဆန်းလေးတွေနဲ့
ပြုံးချိုချိုကောင်မလေးတစ်ကောင်ပေါ့

မျက်မှန်တလက် ကျဆိမ့်တခွက်
အဲဒါသူအနှစ်သက်ဆုံးအရာတွေလား
သူ့ရဲ့ဂုဏ်ပုဒ်ညွှန်းကာပြရင်…….

ကမ္ဘာကျော်မင်းသားဘေယောင်ဂျွန်းကို
သူကယောက်ျား ငါနဲ့တူစရာလားလို့
မတူမတန်သလိုရေရွတ်တတ်သူ။

လမ်းပေါ်ကကြောင်လဲမချန်
သားကြီးရေသမီးလေးရေပေါင်းစုံခေါ်ရင်း
ကြောင်ဇဝေဇ၀ါဖြစ်အောင်လုပ်တတ်ပါသူ။

ငရုတ်သီးမှုန့်ဗူးလက်လှမ်းမိတိုင်း
ငဖြူနော်ငဖြူလို့မျက်မှန်တ၀င့်ဝင့်ကြိမ်းမောင်းတတ်သူ။

ငါကအခြောက်ဆိုအကောင်ကြီးမှကြိုက်တာလို့
မလွတ်မကင်းကြွေးကြော်တတ်သူ။

ပူစီနံဟာဇီယာပါလို့ အတင်းစွတ်ငြင်း
ငြင်းမနိုင်တဲ့အဆုံး သူ့လက်သုံးစကား
ငါတို့မော်လမြိုင်မှာဒီလိုပဲတဲ့
အနိုင်မခံအရှုံးမပေး အားကစားစိတ်ဓါတ်အပြည့်ရှိသူ။

စိတ်ကောက်လို့လည်းမရ
အရူးမရေ အရူးမရေ ခပ်ပြုံးပြုံးလိုက်ခေါ်ရင်း
မရယ်ရယ်အောင် လုပ်တတ်သူ။

နင်မိုးစိုမယ် ငါ့ထီးယူသွားလို့
(သူကတော့မိုးပြီးထားသလို)
စေတနာပိုအနစ်နာခံတတ်တဲ့သူ။

ဒီလိုဒီလိုနဲ့ပဲကွယ်….
ခုဆိုငါဘေယောင်ဂျွန်းပုံမြင်တိုင်းပြုံးမိလာတယ်
ထမင်းဝိုင်းမှာငခြောက်ပါတိုင်းအဲဒါဆုအရမ်းကြိုက်တာလေလို့အိမ်ကလူတွေစ,တတ်လာတယ်
ငရုတ်သီးမှုန့်စားမယ်ပြင်တိုင်းနင့်အသံကြားယောင်တတ်လာတယ်

နင့်ငါ့ကိုအရမ်းချစ်တာ ငါအားနာတယ်လို့
အူကြောင်ကြောင်ညည်းသေးတော့
နင်အနေမခက်ရအောင်
ငါတွယ်ထားတာနည်းနည်းလျှော့
အရင်ထက်နှစ်ဆအချစ်ပိုတိုးလို့
ချစ်တဲ့ငဆု
နင်များသိရင်
အားနာလွန်းလို့ ဂျွမ်းထထိုးမလား….????

တခုသောအဟောင်းထဲက အမှတ်တရ

ခုတလော ဘာနက္ခတ်ကြီးစိုးနေတယ် မသိ။ သွားစရာရှိရင်လည်း နှစ်ခု တိုက်နေတယ်။ လုပ်စရာရှိလည်း နှစ်ခုပဲ။ ဘယ်လိုဖြစ်လို့ အချိန်ကိုက်ကို ဖြစ်နေတာလဲ မသိ။ လုပ်စရာ မရှိ၊ သွားစရာ မရှိပြန်ရင်လည်း ဘာမှကို မရှိဘူး။ ဘယ်မှ သွားစရာမရှိလို့ အိမ်မှာနေမယ်ဆိုတော့ အိမ်ထဲနေပြီဆိုတာနဲ့ မီးက စပျက်တာပဲ။

မနေ့ကလည်း စနေလပြည့်အစား တနင်္လာရုံးပြန်ပိတ်ပေးတော့ သွားစရာကမရှိ၊ အိမ်မှာကလည်း တနေကုန်မီးပျက်တဲ့နေ့။ နေ့လည်ရောက်လာတော့ ပျင်းလာရော။ အိမ်ကနေ လှမ်းမြင်ရတဲ့ ဖရဲသီးဆိုင်ကိုတောင် စားချင်လျက်နဲ့ နေပူလွန်းလို့ မသွားချင်တာ.. အပြင်ထွက်ဖို့ဆို စိတ်တောင် မကူးဖြစ်ဘူး။ ဒါနဲ့ စာအုပ်ဖတ်ပြန်တော့ မျက်စိရှေ့ရှိနေတာက ရွှေဥဒေါင်း ၀တ္ထုရှည်၎ပုဒ်စုထားတဲ့ စာအုပ်ကြီး။ ဦးစံရှားဝတ္ထုတွေက နဂိုကတည်းက မကြိုက်လှတာမို့ ခဏကြာတော့ ပျင်းလာရော။ သီချင်းနားထောင်ရင် ကောင်းမလား။ နေဦး.. ရှေးဟောင်းပစ္စည်းထုပ်လေးပဲ ဖွရကောင်းမလား။ ထူးထူးဆန်းဆန်းတော့ မထင်ကြပါနဲ့။ ဒိုင်ယာရီအဟောင်းလေးတွေ၊ သူငယ်ချင်းတွေ ပေးထားတဲ့ အမှတ်တရတွေ၊ မပစ်ရက်တဲ့ ကွိစိကွစိတွေ ထည့်ထားတဲ့ စာအုပ်ထုပ်လေးပါ။ အိုကေ.. အဲဒီစာအုပ်ထုပ်လေး ကိုင်လိုက်ရင် ဒီတညနေတော့ အေးအေးဆေးဆေး ဖြတ်သန်းနိုင်တော့မယ်။ လာလေရော့။

ဒိုင်ယာရီအဟောင်းလေးတွေ ပြန်ဖတ်တော့ ခဏခဏပြုံးမိတယ်။ တချို့ကိစ္စတွေက လုံးဝမမှတ်မိတော့ဘူး။ တချို့တချို့အဖြစ်အပျက်တွေတော့ ခုထိအသေးစိတ်မှတ်မိသေးတယ်။ တချို့တလေကိုတော့ ၀ိုးတိုးဝါးတား။ သူငယ်ချင်းတွေ ရေးပေးထားတဲ့ စာလေးတွေ ဖတ်တော့လည်း လွမ်းလွန်းလို့ မျက်ရည်ကျချင်ရော။ ကလေးရုပ်လေးတွေနဲ့ ဓါတ်ပုံလေးတွေ။ နောက် .. ကဗျာတစ်ချို့။ အဲဒီထဲကမှ စိန်ငဂွိပေးထားတဲ့ ကဗျာတစ်ပုဒ်ပြန်တွေ့တယ်။ 2003 Feb ကရေးခဲ့တာဆိုတော့.. အိုး…… ၇နှစ်ကြီးများတောင် ကြာခဲ့ပါပေါ့လား။ သူဘာတွေ ခံစားမိပြီး ရေးထားလဲတော့ မသိဘူး။ နားလည်းမလည်ပါဘူး။ ဒါပေမယ့်.. အမှတ်တရ ဒီမှာ လာတင်ထားလိုက်မယ်။ စိန်ငဂွိတစ်ယောက်လည်း ဘယ်ဆီများရောက်လို့ ဘာတွေလုပ်နေပါလိမ့်….

ကဲ……  စိန်ငဂွိရဲ့မော်ဒန်

ငြိမ်သက်မှုနဲ့ သေလို့မရ
ငါ့ဦးနှောက်တွေက နင့်ရဲ့ ရက်ကန်းခတ်ဆဲ
နင်နဲ့ငါတို့ရဲ့ ပန်းချီကားတွေက
memory ထဲက ရုပ်ရှင်ထဲမှာ
ဒါတွေဟာ မက်ချင်တဲ့ အိမ်မက်မဟုတ်ဘူး။

ဓါတ်မှန်ရဲ့ result က
1500နဲ့ နင့်ရဲ့အရောင်တဲ့
မဟုတ်ဘူး.. မဟုတ်ဘူး..
528ထက် 1ပဲပိုပါတယ်။

ဟိုမရောက် ဒီမရောက်လူတွေက
အပြင်းစား အက်ဆစ်နဲ့ မျက်စဉ်းခတ်ကြတယ်
နင်ကော မျက်စိနာနေပြီလား။

ဒါဏ်ရာပါတဲ့ ပလာစတာလေးကို
မသင်္ကာတဲ့ FREE လိုင်းပေါ်က
ဝိညာဉ်လေးရေ..
ငါ့ကို ခုံရုံးတင်လိုက်ပါ။