အတက်အကျ

တက်ပြီးရင် ပြန်ကျလေ့မရှိတဲ့ ဈေးနှုန်းတွေလိုပဲ..
ကိုယ်အလေးချိန်တွေက တရိပ်ရိပ်၊

တကိုယ်ကောင်းစိတ်တွေက တလူလူ၊

ထုနဲ့ထည်နဲ့ ထွားကြိုင်းလာနေတဲ့ အတ္တတွေ၊

ထားရာနေ စေရာသွား.. ပစ်ချခဲ့တဲ့နေရာ ကျန်မနေရစ်တတ်တော့ဘဲ

ရှေ့သို့သာလှမ်းချီနေတဲ့ ဘဝင်နဲ့မာနတပ်ပေါင်းစု၊

ဘယ်ဘက်ကြည့်ကြည့် တက်ရိပ်တွေချည်းသာ။
ရှားရှားပါးပါး…… ကျနေဆဲနဲ့ ကျရိပ်ကျခြေ ဆက်ရှိနေတာတခုကတော့

ချစ်ခင်ကြင်နာခြင်းများ။

ပေးစာ၉၉

ကိုယ်ပြောပါကော.. ချစ်ရယ်
ကိုယ်တို့ဝေးကြရင် ကံတွေကောင်းလာမယ့်အကြောင်း။

ကျောခိုင်းပြီးတဲ့ စက္ကန့်ပိုင်းအတွင်း..
ကောင်းကင်ကြီးက လင်းကျင်းလာတယ်မဟုတ်လား
ရှူသွင်းလိုက်တဲ့လေတွေမှာလည်း ပန်းရနံ့တွေ သင်းသင်းမွှေးလို့လေ။

ချစ်သူခင်သူပေါလို့ လာဘ်လာဘတွေပွင့်လန်းလာတယ်
မနက်နိုးချိန်ကစလို့ မျက်လုံးတွေက ပြုံးနိုင်ပြီး
နှုတ်ခမ်းတွေက ညအိပ်ရာဝင်ချိန်ထိ အားရပါးရ ရယ်နိုင်ကြတယ်။

ကိုယ်တွေ ဝေးသွားကြရင် အခြေအနေတွေသာယာလာမယ့်အကြောင်း
ကိုယ်ပြောခဲ့ပါကောလား.. ချစ်ရဲ့။

အညံ့အသက်တွေ အနားမှ မသီနိုင်အောင်
မတော်တဆ အိမ်မက်ထဲ ဖြတ်လျှောက်မိရင်တောင်
မျက်နှာလွှဲသွားကြရအောင်ပါ။

အရူး ၃

မူးယစ်ရီဝေစေသောအရာတွေ ကိုယ်လက်ထဲတွေ့တိုင်း
တွေဝေမေ့လျော့ခြင်း အကြောင်းတရားတွေ ဖြစ်ကြောင်းနဲ့

နောင်ဘဝတွေအထိ အထုံပါနိုင်ကြောင်း

ခေါင်းကို ဒေါက်ခနဲခေါက် ပြောတတ်သူ။
ဆရာဝန်တွေကပြောတယ်.. ဟေ့ရောင်.. မင်းမှာတရားမှ မရှိတာကိုးကွ…

ဒီသီချင်းစာသားကို ကိုယ်တတွတ်တွတ်ရွတ်နေတိုင်း

စိတ်ကလေးသာ လျှော့စမ်းပါကွာလှမ်းအော်ရင်း

တဟားဟား ရယ်တတ်သူ။
အရောင်မပါဘဲ ရယ်လို့ရတာတွေ ရှားပါးလာကြောင်း ကိုယ်ပြောတိုင်း

သူ့မျက်နှာ ခဏ.. ခဏ.. တည်.. တည်သွားတတ်တော့..

တမင်တကာများ.. 

စိတ်တိုင်းကျ ရယ်မောနိုင်တဲ့ အခွင့်အလမ်းကို ရွေးချယ်သွားလေရော့သလား။
ပတ်ပတ်လည် ကြည့်ရင်း ရယ်မောနေတတ်ကြောင်းနဲ့

တောက်လျှောက်ပြုံးနေတော့တယ်… လို့ ပြောပြကြတော့

အရောင်မပါတဲ့အပြုံးတွေမှာ ဗလာမျက်လုံးတွေနဲ့ပေမယ့်

စိတ်ညစ်ညူးစရာတွေတော့ သူမေ့သွားပြီထင်ပါတယ်။
ဆေးမှန်မှန်သောက်နော်..လို့.. 

ကိုယ်ပြောမထွက်လို့

နဖူးက ဆံပင်လေးသာ သပ်တင်ပေးခဲ့တယ်။

စာ

Letter

စာဗျို့.. စာ..
အသံလာရာ ခြံတံခါးဝဆီသို့ အပြေးအလွှား။

လွန်ခဲ့သော နှစ်ပေါင်း၂၀ကျော်ကျော်နှစ်များဆီက ကျွန်မတို့နယ်မြို့လေး၏ ဆက်သွယ်ရေးစနစ်ဟုဆိုသည်မှာ စာတိုက်နှင့် လက်ချိုးရေလို့ရသော အရည်အတွက်ရှိ တယ်လီဖုန်းများသာ။ ရှားပါးသေးသော တယ်လီဖုန်းများကိုတော့ ရံဖန်ရံခါအသုံးပြု၍ ပုံမှန်ဆက်သွယ်မှု၊ သာကြောင်းမာကြောင်း၊ သတိရကြောင်းများကိုတော့ စာရွက်ဖြင့်ချရေးကာ စာတိုက်မှတဆင့် စာပို့ဦးလေးကြီးများကျေးဇူးဖြင့် သိရှိစေခဲ့ကြသည်။

ကျွန်မပထမဆုံး စာရေးဖူးသည်မှာ ကျွန်မဘကြီးနဲ့ကြီးတော်ဆီသို့ ဖြစ်ပေလိမ့်မည်။ ဒီနှစ်စာမေးပွဲအောင်ကြောင်း၊ ဒုတိယတန်း တက်ရတော့မည် ဖြစ်ကြောင်းစသဖြင့် မောင်နှမတွေ တစ်ယောက်တစ်စောင်စီရေးကာ စုပေါင်း၍ စာတိုက်မှတဆင့်ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထို့နောက်… နွေရာသီကျောင်းပိတ်ရက်တွင် တစ်မြို့တည်းနေထိုင်သော၊ (မော်တော်ဆိုင်ကယ်ဖြင့်သွားလျှင် နာရီဝက်ခန့်နှင့်ရောက်နိုင်သော) သူငယ်ချင်းများဆီသို့။ ထို့နောက်.. စာအသွားအပြန် ခပ်စိပ်စိပ်ရေးဖြစ်ခဲ့သည်မှာ ကိုးတန်းနွေရာသီ ကျောင်းပိတ်ရက် ရန်ကုန်တွင် နေထိုင်ရာမှ ရရှိခဲ့သော သူငယ်ချင်းများဆီသို့ ဆယ်တန်းနှစ်တွင်ရေးဖြစ်ခဲ့သော စာများဖြစ်သည်။ အမြန်ချောပို့စနစ်ပေါ်ပေါက်နေပြီဖြစ်သောကြောင့် အမြန်ချောပို့ရောက်နိုင်သော မြို့နယ်များတွင် နေထိုင်သောသူငယ်ချင်းများထံ အမြန်ချောပို့ဖြင့်လည်းကောင်း၊ အမြန်ချောပို့စနစ်တွင် မပါဝင်သေးသောမြို့နယ်များတွင် နေထိုင်သူ သူငယ်ချင်းများထံ မှတ်ပုံတင်စာဖြင့်လည်းကောင်း ကျွန်မစာတွေ မပြတ်တမ်းရေးပို့ခဲ့ဖူးသည်။ တက္ကသိုလ်ကျောင်းသူဘ၀တွင်တော့ Top Englishနှင့် အလင်္ကာဂီတဂျာနယ်မှတဆင့် လွိုင်ကော်၊ တောင်ကြီး၊ ကလော၊ ကသာအစရှိသည့်မြို့များမှ Pen Friendများ တိုးပွားလာခဲ့သည်။

မမြင်ဖူးသော ၀ါသနာတူသူငယ်ချင်းများနှင့် စာအုပ်များအကြောင်း၊ သီချင်းများအကြောင်း အပြန်အလှန် စာတွေရေးဖြစ်ကြသည်။ သူစပ်ထားသောကဗျာကို ကိုယ်သဘောကျရင်း၊ ကိုယ်ချရေးလိုက်သောကဗျာကို သူတို့ချီးမွမ်းခဲ့ကြသည်။ ငြင်းဖြစ်၊ ခုန်ဖြစ်ကြသည်။ မရောက်ဖူးသောမြို့များကိုလည်း စာထဲမှ စကားများအတိုင်း ပုံဖော်ကြည့်ခဲ့သည်။ မတူညီသော နေထိုင်မှုပတ်ဝန်းကျင်များကို စာထဲမှ နားထောင်ခဲ့သည်။ မရောက်ဖူးသောအရပ်ဒေသရှိ ပွဲတော်များကို စာများထဲမှတဆင့် ဆင်နွှဲခဲ့ဖူးသည်။  ခြံဝင်းတံခါးဆီမှ ကျွန်မနာမည်ခေါ်သံနှင့် စာဗျို့.. စာ..ဟူသော စာပို့ဦးလေးကြီးကို ကျွန်မမျှော်တတ်ခဲ့သည်။ ကြောင်အိမ်အမိုးပေါ်တင်ထားတတ်သော ကျွန်မကျောင်းသွားနေစဉ်ရောက်လာသော စာများက ကျွန်မကို ပျော်ရွှင်စေခဲ့ဖူးသည်။ စာရေးစက္ကူနှင့် စာအိတ်သည် ကျွန်မအမြဲတစေ ၀ယ်ယူသော ပစ္စည်းများဖြစ်ခဲ့သည်။ စာရွက်ပေါ်တွင် တလုံးချင်းရေးချ၍ လေးမျက်နှာ၊ ငါးမျက်နှာမကသော စာများကို ကျွန်မတို့အပြန်အလှန်ရေးခဲ့ကြဖူးသည်။ မိုးတွင်းကာလ လမ်းပန်းဆယ်သွယ်ရေးခက်ခဲသောရာသီဥတုများတွင် ကြန့်ကြာတတ်သောစာများက ကျွန်မသူငယ်ချင်းများ နေထိုင်မှကောင်းရဲ့လားဟူသော စိတ်ပူမှုမျိုးဖြင့် ကျွန်မလည်ပင်းညောင်ရေအိုးဖြစ်ဖူးသည်။ ရေငွေ့စိုထိုင်းထိုင်းစာများထဲတွင်လည်း ကျွန်မအတွက် အပြန်အလှန်စိတ်ပူပင်မှုမျိုးပါလာတတ်ပြန်သည်။

ယနေ့ခေတ်အချိန်တွင်မတော့ ဆယ်သွယ်ရေးစနစ်၊ လူမှုကွန်ယက်များ အတိုင်းထက်အလွန် တိုးတက်လာခဲ့ပြီ။ ကမ္ဘာတဖက်တွင် လေပြင်းတိုက်သည့်အကြောင်းကို တခြားတဖက်ရှိလူများ စက္ကန့်ပိုင်းအတွင်း သိရှိနိုင်လာသည်။ မီးလောင်နေသောအရပ်ကို အနီးရှိလူထက် မိုင်ပေါင်းများစွာအဝေးကလူက အလျင်သိရှိနိုင်လာသည်။ လက်ချောင်းလေးများဖြင့် တချက်ချက်ရိုက်ရင်း၊ လက်ညိုးလေး တဖိဖိပွတ်ရင်း စာလုံးများစွာလျင်မြန်စွာ ရိုက်ပို့နိုင်နေပြီ။ စာလုံးထက်ပို၍ စကားပြောသော စတစ်ကာအရုပ်ကလေးများကို အဓိပ္ပါယ်ပါပါ ပေးပို့နိုင်နေပြီ။ ရေခြားမြေခြားနေထိုင်ရသော မိသားစုများကို အချိန်နှင့်တပြေးညီ ဆက်သွယ်ပေးနိုင်ခဲ့ပြီ။ အပြင်လောကတွင် ဆုံနိုင်ရန်မလွယ်ကူတော့သော မိတ်ဆွေ အပေါင်းအသင်းများနှင့် စကားပြောစရာမလိုဘဲ အဆက်အသွယ်မပြတ်ရှိနေနိုင်ခဲ့လေပြီ။

… ကိုယ်မြတ်နိုးဖူးသူရဲ့ လက်နဲ့.. ကိုယ်တိုင်ရေးလို့ထားရှာတယ်.. အရင်တုန်းက ရင်ခုန်ဖူးခဲ့တဲ့ စာလုံးဝိုင်းလေးတွေရယ်….. ဆိုသည်မှာ.. နားထောင်ကောင်းရုံသီချင်းအနေနှင့်သာ ကျန်ရစ်တော့သလိုလို။ စာမျက်နှာပေါင်းများစွာ မနားတမ်းချရေးနိုင်ခဲ့သော ကျွန်မလက်များသည်လည်း မိမိနာမည်စာသုံးလုံးကိုရေးရုံဖြင့်ပင် ညောင်းညာချင်သယောင်ယောင် အကျင့်ပျက်ခဲ့လေပြီ။ ဆယ်ကျော်သက်အရွယ် စာအုပ်ကြားထဲညှပ်၍ စာပေးခြင်းများ၊ လွယ်အိတ်ထဲ ကမန်းကတမ်းထည့်ပေးတတ်ကြသော စာလေးများ၊ စက္ကူလေယာဉ်ပျံမှ စာလေးများနေရာတွင် တတုန်တုန်အသံများဖြင့် စက်ကိရိယာမှရိုက်ပေးသောစာတိုများ၊ စတစ်ကာအရုပ်ကလေးများက နေရာယူသွားကြပြီလား။

ဘာရယ်မဟုတ်သော်ငြား..  တခါတရံ စာဗျို့.. စာ.. ဟူသောခြံတံခါးဝမှအသံကို ကျွန်မ အိမ်မက်မက်တတ်လေသည်။ ။

CHOICE

၁။
ပထမဆုံးလက်က ပြုံးပြုံးလေး..
မျက်တောင်ခတ်တာကအစ.. သူ. တာလီချိုးတယ်..
၄၆နာရီနဲ့ ၂မိနစ်အဆက်အသွယ်ပြတ်မှုနဲ့
ခြေဆောင့် စိတ်ကောက်လို့ .. အဲဒီလက်တွေဖျတ်ခနဲဖြုတ်ဖူးတယ်။

၂။
ဒုတိယအသက်ရှုသံက ချိုချိုလေး..
ကဗျာသံ စာသံကြား.. သူ.. ၀င်သက်ထွက်သက်ကို အလွတ်ကျက်တယ်..
အလွမ်းချိုချိုတွေကို ပိုမက်မောမှုနဲ့
ချာခနဲလှည့်ထွက်လို့ အသက်ရှူရပ်ပစ်ဖူးတယ်။

၃။
သွေးခုန်နှုန်းနွေးနွေးလေးက တတိယမြောက်..
မြင့်မားခမ်းနားတဲ့အိမ်မက်တွေကြား.. သူ.. အရူးအမူးပဲလို့ တခါတလေရေရွတ်တယ်..
ယုံကြည်ရာတွေ မာကျောမှုနဲ့
ဟာခနဲ သွေးတွေခဲအောင် လေအေးတွေကြားဖြတ်ပြေးဖူးတယ်။

၎။
စတုတ္ထ
၅။
ပဉ္စမ
၆။
ဆဌမ
၇။
သတ္တမ
၈။
အဌမ

၉။
စိတ်အခြေအနေအလိုက် ဆံပင်အရောင်ပြောင်းရတာ ကြိုက်တယ်။
ရာသီအလိုက် အ၀တ်အစားပြောင်းရတာ ကြိုက်တယ်။
ခံစားမှုအလိုက် ဖိနပ်တွေပြောင်းစီးရတာ ကြိုက်တယ်။
ခဏခဏပြုံးရတာ ကြိုက်တယ်။
မကြာမကြာငိုရတာ ကြိုက်တယ်။
အကြိမ်ကြိမ်အေးခဲသွားတာ ကြိုက်တယ်။
ရံဖန်ရံခါနွေးထွေးလာတာ ကြိုက်တယ်။
တကယ်တော့..
ဆောင့်ကြွားကြွား မြောက်ကြွကြွ.. တကိုယ်တည်းလျှောက်ရတဲ့လမ်းကို ပိုကြိုက်တယ်။ ။

လွင့်

ဝဲဘက်ပုခုံးပေါ် ယာဘက်ပါးလေးတင်လို့
ညာဘက်လက်ထဲ ဘယ်ဘက်လက်လေးထည့်လို့
ဒီလက်တွေနဲ့ အမြဲတွဲထားပေးဖို့အကြောင်း
သနပ်ခါးရနံ့သင်းသင်းလေးနဲ့
နှလုံးသားဗဟိုတည့်တည့်ကို နားချခဲ့သူ ညီမလေးရေ။

ရုန်းနေရရင် ပွန်းမှာစိုးတယ်
တွဲထားရရင် ညောင်းမှာစိုးတယ်
သက်တောင့်သက်တာ လွင့်သွားနိုင်ဖို့
လက်ဖ၀ါးနှစ်ဖက်လုံးကို ဖြန့်ပေးလိုက်တယ်။

ကျန်ရစ်ခဲ့ရခြင်းကို မသိသလို
ချန်ပစ်ခဲ့ရခြင်းမျိုးနဲ့လည်း ဝေးပါစေ။

မျက်လုံးတောက်တောက်လေးတွေ အမြဲပြုံးလို့
နှုတ်ခမ်းကွေးကွေးလေးတွေ အစဉ်ညွတ်နိုင်ပါစေ။

ဖြန့်ပေးလိုက်တဲ့ လက်တွေထဲမှာ
ဘ၀တချို့ပါသွားတဲ့အကြောင်း
ညီမလေးသာသိရင်
သံသရာတလျှောက်..
ဒီ သနပ်ခါးရနံ့လေးကို မှတ်မိသူသာ ဖြစ်ရပါစေ။ ။

နိဒါန်း

2014၂၀၁၄
ကြည်လင်သာယာသော ကနဦး နေ့သစ်လေးများ။ နေရောင်နွေးနွေးနဲ့ ခြေခင်းလက်ခင်းသာသော အားလပ်ရက်တချို့။ တစ်နှစ်လုံးစာ အားအင်အပြည့်ဖြည့်ထားဖို့ တိုက်တိုက်တွန်းတွန်း။ ဟုတ်ကဲ့.. တယုတယသုံးစွဲခဲ့ပါတယ်။

သက္ကရာဇ်အသစ် ပြောင်းပြောင်း မပြောင်းပြောင်း ရက်စွဲတွေကတော့ ပုံမှန်အတိုင်းကုန်လွန်နေတာပါပဲ။ ခဏလေး မျက်စိတမှိတ်ပဲ။ သို့သော်ငြား ပြောင်းလဲချင်ရင် အရာရာပြောင်းလဲနိုင်ဖို့ အနေတော်အချိန်၊ လုံလောက်သောအချိန်။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်…၊ တစ်ခု၊ နှစ်ခု၊ သုံးခု…၊ ပြောင်းလဲမှုများ၊ အပြောင်းအလဲများ။ ဘယ်တခု မပြောင်းမလဲ ကျန်နေပါလိမ့်။ မှန်ထဲ မြင်မြင်နေရတဲ့ အမျိုးသမီးကိုလည်း တစတစ မမှတ်မိချင်လာတော့ဘူး။ မျက်လုံးထဲမှာ ဘာအရောင်မှလည်း ရှိမနေဘူးလို့ ကြားဖူးခဲ့တာ ဘယ်လောက်မှတော့ မကြာခဲ့သေးသလိုလို။ ခုမြင်ရတဲ့ မျက်လုံးထဲလည်း ဘာအရောင်မှ ရှိမနေတော့ပါဘူးလေ။ ရှိမနေပုံချင်းသာ ကွာခြားသွားခဲ့တာ။ တခါက စွဲလမ်းနှစ်ခြိုက်ခဲ့ဖူးတဲ့ ၀တ္ထုဇာတ်ကောင်တွေ၊ ဟီးရိုးတွေအပေါ် စိတ်ခံစားချက်တွေလည်း ပါးလျလာနေလေပြီ။

မငြီးငွေ့ချင်သေးပါဘူး။ မငြီးငွေ့သင့်သေးပါဘူး။ ၂၉ဆိုတာ တက်ကြွနေရဦးမယ့် အသက်အရွယ် မဟုတ်ပါလား။ warm-up, warm-upနဲ့တော့ သတိထားပြီး အော်နေရတာပါပဲ။ ခဏခဏ ငြိမ်မသွားဖို့ သတိထားနေလျက် တခါတခါလည်း အတက်ကြွလွန်နေပြန်ရော။ သားရေကွင်းများလိုပဲ စိတ်ခံစားမှုဆိုတာ အလျော့အတင်း၊ အတက်အကျများရင် လျော့ရဲပြတ်တောက်မသွားလောက်ဘူးလို့တော့ ထင်ရတာပါပဲ။ Frozen ထဲက Annaလို နှလုံးသားတခုလုံး အေးခဲသွားဖို့ ကြံကြံဖန်ဖန် တွေးမိလေရဲ့။

မြေကြီးများ လေးလံလာလေပြီလား။ ဆယ်ကျော်သက်အရွယ် မက်ခဲ့တဲ့ အိမ်မက်တွေ ခုထိကို မကြာမကြာ ပြန်မက်တတ်တုန်းမဟုတ်ပါလား။ ဒါဆို လုံလောက်ရမယ် မဟုတ်ပါလား။ အသက်ရှူရတဲ့ အရသာလေးတော့ သိနေမှ။ ပြန်ပေးခဲ့ချင်တဲ့အရာတွေ၊ ချန်ရစ်ထားချင်တဲ့အရာတွေ ရှိတယ်မဟုတ်ပါလား။ ကိုယ်တိုင် မတ်မတ်ရပ်နိုင်မှသာ အခြားသူကို ကူနိုင် တွဲနိုင်မယ် မဟုတ်ပါလား။ .. မဟုတ်ပါလား။ .. မဟုတ်ပါလား။

ကဲပါလေ။ ကောင်းခြင်းတွေကိုပဲ သယ်လာလာ၊ ညစ်ညူးစရာတွေပဲ သယ်လာလာ မငြီးမညူ လက်ခံယူလို့ အသင့်အနေအထား။  ကြည်ကြည်လင်လင် ငြိမ်းငြမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ်။
May the tears come from laughingပေါ့။