ဆုတောင်းများ

ဒါကတော့ ကျွန်မရုံးကလူတွေ ကျွန်မတို့ရဲ့ google group မှာ တင်လိုက်တဲ့စာတွေပါ။ ဖတ်ကြည့်ကြပါဦး။

****************************************************************

ဆု
ဘုန်းကြီးပါစေ။ အသက်ရှည်ပါစေ။ ကျန်းမာပါစေ။ ချမ်းသာပါစေ။ ယောက်ျားရပါစေ။

နင့်ရဲ့ ကိုတိုးကြီး

**************************************************************************************

ညီမလေး ”ဆု” အတွက်
မအိ ငယ်ငယ်တုန်းက စာသင်ပေးခဲ့တဲ့ အစ်ကိုကြီးတစ်ယောက်က စာနဲ့ပတ်သက်ပြီး ပြောခဲ့ဘူးတာ။ အရမ်းသဘောကျလို့ ”ဆု” အတွက် မွေးနေ့လက်ဆောင်အဖြစ်ရေးပေးလိုက်တယ်နော်။

”ဒီနေ့ဟာ မနက်ဖြန်အတွက် နောင်တရစရာနေ့တစ်နေ့မဖြစ်ပါစေနဲ့”
တဲ့ အရမ်းကောင်းတဲ့စာသားပဲနော်။
ဆု မွေးနေ့မှာ ပျော်ရွှင်ပါစေ။

မအိ

**************************************************************************************

ချစ်သော မဆု

မဆုရဲ့မျက်နှာပေါ်မှာ စိတ်ဆိုးတဲ့အရိပ်အယောင်ကို တစ်စွန်းတစ်စတောင် မတွေ့ဖူးဘူးနော်။ စခင်တဲ့အချိန်ကစပြီး အခုချိန်ထိပေါ့။ ပြီးတော့
ပျော်ပျော်လဲနေတတ်တယ်နော်။ အဲဒီလို နေတတ်တဲ့ မဆု တစ်ယောက် ယနေ့ကျရောက်သော 24 နှစ်မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင်
ချစ်သော၊ ခင်သော သူများနှင့် ဆုံဆည်းနိုင်ပြီး စိတ်ညစ်စရာတွေ မြူတစ်မှုန်မှမရှိဘဲ ဘ၀ကို အေးချမ်းပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်။

နွေးယု

**************************************************************************************

ဆု
ငကြောင် or ဂဂျောင် အသက်ရှည်ပြီး များများကြောင်နိုင်ပါစေ။ဂျောင်လည်းဂျောင်နိုင်ပါစေ၊
ဟဲ…ဟဲ…ဟဲ…ချစ်လို့ခေါ်တာစိတ်မဆိုးရဘူးနော်… ဂဂျောင်…သိလား

သူသူထွန်း(အို)

**************************************************************************************

ဆု
မွေးနေ့မှနောင်နှစ်ပေါင်းများစွာ ပျော်ပျော်ရွင်ရွင်နေ့သွားနိုင်ပါစေ။
ကြိတ်ကြိတ်ပြီး သဘောကျနေ တာတွေလည်း ရပါစေ။
ပြီးတော့ မယ်တွန် ဆိုတဲ့နာမည်လဲ့မေ့မသွားနဲ့
ငါ ဆုပြောနေကျ ငကြောင် ။ စွတ်ပြုတ် ဆိုတဲ့စကားတွေကိုလည်း အမှတ်ရနေတဲ့

E-bay

**************************************************************************************

”ဆု” ရေ
– ပင်လယ်ကြီးက မာန်ဖီနေတယ်
– ကျောက်ဆောင်တွေလောက် မင်းနှလုံးသားက မာကျောသလားတဲ့
– ကောင်းကင်ကြီးက အပြာနုရောင်လွမ်းခြုံထားတယ်
– မင်းစကားလုံးတွေ ဘယ်လောက်ထိ ကျယ်ပြန့်နိုင်မလဲတဲ့
– ကဗျာဆရာတွေလည်း ဇဝေဇ၀ါဖြစ်နေတယ်
– မင်းကလောင်က ကဝေ တစ်ယောက်လို စွမ်းသလားတဲ့

ဒါတွေအားလုံးထက်

– တော်ဝင်တဲ့ ပန်းသဇင်က လည်တိုင်တမော့မော့နဲ့
မင်းနဲ့ပြိုင် ယှဉ်ချင်လို့တဲ့
– ebayလည်း discount ချနေတယ်
မင်းနဲ့ပြိုင် စွံအောင်လုပ်မလို့တဲ့
– အရိုးလည်း စကားပြောကျင့်နေတယ်
မင်းနဲ့ပြိုင် မျောက်လိုချင်သတဲ့
– ငကြောင်လည်း စာတွေဖတ်နေတယ်
မင်းနဲ့ပြိုင် “အို“ လုပ်မလို့တဲ့
– အနားက တစ်ယောက်လည်း အတိတ် မေ့အောင် ကြိုးစားနေတယ်
မင်းနဲ့ပြိုင် “အောင်း“ ချင်သတဲ့
– တစ်ယောက်ကလည်း ကလောင်သွေးနေတယ်
မင်းနဲ့ပြိုင် blog မှာ ရန်ဖြစ်မလို့တဲ့
– leader ကတော့ ရူးချင်နေတယ်
မင်းကို မေ့မရမှာ စိုးလို့တဲ့

Birthday အမှတ်တရ

ma san(မစမ်းနဲ့နော် ဆု။ ကြောက်လို့)

**************************************************************************************

ဆု ရေ

အမကတော့ word file နဲ့ တင်ပေးထားတယ်။ ဖတ်ကြည့်နော်။
မွေးနေ့မှာ ပျော်ရွှင်ပါစေ။

သဇင်(ပန်းတော့ မဟုတ်ဘူးနော်။)

**************************************************************************************

ဆု

နင့်ရဲ့ အနားက နင့်ကိုချောင်းနေတဲ့ ငါကွ

ဂျက်လီရဲ့ 24 နှစ်မြောက် မွေးနေ့မှာ ဖြစ်ချင်တဲ့ ဆန္ဒအားလုံးပြည့်စုံပါစေ
ငါက ကျန်တဲ့ ဆု မတောင်းပေးတော့ဘူးနော်။
နင့်မှာ က ဆု ရှိနေတာပဲ။
ဒါပေမယ့် ဒီနေ့ မှာ ငါရဲ့ အချိန်အားလုံးကို နင့်ကိုပေးမယ်။
နင်ဖြစ်ချင်တဲ့ ကိစ္စအားလုံးငါလုပ်ပေးမယ်။
ပျော်ရွှင်ပါစေ

နင့်ရဲ့ အောင်းဖော်အောင်းဖက်
နှင်းဦး

***************************************************************************

သူငယ်ချင်းဆု………………

…..
………………………………………………………………………..
အော် အသက်တွေတောင် တဖြည်းဖြည်းကြီးလာပါရောလားနော်…………………….
ဘာလိုလိုနဲ့…………………………………………
………………………………………………………………………..
………………………………………………………………………..
ဘယ်လိုဆုတောင်းပေးရင်ကောင်းမလဲလို့ စဉ်းစားတော့
………………………………………………………………………..
………………………………………………………………………..
ဟိုးတုန်းက ငါတို့ Eco ဆရာပေးနေကြ ဆုတောင်းလေးပဲ ပေးလိုက်တယ်

<><><><><><><><><><><><><><><><><><>
<>     ကြိတ်ကြိတ်ပြီးတောင်းတဲ့ဆုတွေပြည့်ပါစေ     <>
<><><><><><><>><><><><><><><><><><>

ခင်တဲ့
kg

Hi Sister

အင်း တနေ့တနေ့ ရုံးကိုလာလိုက်၊ အလုပ်လုပ်လိုက်၊ သင်တန်းလေးသွားပြေးတက်လိုက်၊ စာတွေကျက်လိုက်နဲ့ အချိန်တွေလည်းကုန်မှန်းမသိကုန် ကုန်နေလိုက်တာ။
အချိန်ကုန်နေတာနဲ့အမျှ အသက်တွေလည်း တဖြေးဖြေးကြီးကြီးလာပြီပဲ။
ဟာ အသက်ဆိုမှသတိရတယ်၊ ဒီနေ့ သူငယ်ချင်းတယောက်ရဲ့မွေးနေ့ရှိတာပဲ၊ ငါ့နဲ့နော် အရေးကြီးတဲ့နေ့ကိုမေ့နေရတယ်လို့။
သူကအလုပ်ဝင်မှခင်တဲ့သူငယ်ချင်းလေ၊ သူငယ်ချင်းဆိုပေမဲ့ ကိုယ့်ထက်တော့မဆိုစလောက်လေး ကြီးတယ်(အသက်ကိုပြောတာပါ)
သူ့ပုံစံလေးကို နဲနဲပြောပြမယ်လေ သိချင်တယ်မဟုတ်လား
သူကလောကကြီးကိုဘောင်ခတ်ပြီးကြည့်တဲ့သူမျိုးလေ(မျက်မှန်တပ်ထားလို့ပါ) သွားတော့မထိလိုက်နဲ့Fighter နော်၊ဘာမှတ်နေလဲ(ကိုယ်လည်း အတူတူပါပဲ)
သီချင်းဆိုလည်းကောင်းတယ် ၊ ကော်ဖီလဲကြိုက်တယ်
ဘီယာဆိုလည်းရတယ်(ဟ ဟ ငါကွမိန်းမ)
စိတ်သဘောလည်းကောင်းတယ်၊ စိတ်ဆိုးစိတ်ကောက်တာ တခါမှမမြင်ဖူးဘူး(ကိုယ့်လိုပဲပေါ့)
ခင်ဖို့ကောင်းပြီး ပျော်ပျော်ရွှင်ရွှင်ပဲနေတတ်သူလေးပါ
ဒီနေ့သူ့မွေးနေ့လေ(ဪ မေ့ပြန်ပြီ နာမည်ပြောဖို့)
စုဝေထွန်းလို့ခေါ်ပါတယ်၊ လှတယ်နော်(နာမည်လေးကိုပြောပါတယ်)

အဟမ်း အဟမ်း (လူရှိန်အောင်ပေါ့ )
အခုကစပြီးတော့ မစုအတွက် ချစ်ညီမ ဇင်လေးက မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးပါတော့မယ်ရှင့်(ဒီလိုပဲညာစားနေတာ ကြာပေါ့)

ဘီယာများများသောက်နိုင်ပါစေ(သတိ ဘီယာသောက်ခြင်းသည် ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါသည်)
အခက်ခဲဆုံး Program တွေလဲများများရေးနိင်ပါစေ(Input 1&2, Process +, Output bar htwet ma lal ma thi woo naw)
မျောက်ကြီး အဲ ဟုတ်ပါဘူး အကိုကြီးကိုလည်းများများ ကြောင်နိုင်ပါစေ(ကြောင်တာဟုတ်ပါဘူး ချစ်တာနော်)
လိုချင်တဲ့ဆုတွေလဲမတောင်းပဲပြည့်ပါစေ(တောင်းရင်ပြည့်ချင်မှပြည့်မှာနော်)

နောက်တာပါ၊ ဒီတခါတော့ အတီ(အတည်)နော်(ဒါဆို ခုနကတော့ ဘယာကြော်ကုလားကြီးပေါ့) ဟီးဟီး

၂၄နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်ပြီး၊ အေးချမ်းသောဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေ။
ဘဝလမ်းခရီးမှာ ကြုံတွေ့လာရမဲ့ အခက်အခဲ၊အတာအစီးတွေကို ကျော်လွှားကာ အောင်မြင်မှုပန်းတိုင်ကို လှမ်းတတ်နိုင်ပါစေ။
စု မွေးနေ့မှာပျော်ရွှင်ပါစေနော်

ဇင်လေးပြောခဲ့တဲ့ စကားတွေထဲမှာ အမှားပါရင်ခွင့်လွှတ်ပါနော်။
စုကို မွေးနေ့မှာ ပျော်စေချင်တဲ့ စိတ်တခုပဲရှိပါတယ်။

ပြောမရ ဆိုမရ တဲ့ ညီမ
ဇင်လေး

************************************************

ရုံးက ချစ်ညီမလေးရဲ့မေးလ်ပါ။ သူနာမည်စာလုံးပေါင်းတော့မှားနေတယ်။ ဆုဝေထွဏ်းကို စုဝေထွန်းလို့မှားနေတယ်။ ရှိစေတော့။

24နှစ်စာ ကောက်ကြောင်း

1984 နှစ်စပိုင်း……..
မိသားစုလေးတစ်စု ရှိပါတယ်။ အဖေရယ်၊ အမေရယ်၊ ၆နှစ်အရွယ်သားကြီးတစ်ယောက်ရယ်၊ ၃နှစ်အရွယ် သားငယ်တစ်ယောက်ရယ်နဲ့ မြန်မာပြည် တတိယမြို့တော်က အိမ်လေးတစ်လုံးမှာ နေထိုင်ကြပါတယ်။ သားကြီးက ခပ်ပိန်ပိန်နဲ့ ချူချာတဲ့ကလေးတစ်ယောက်ဖြစ်ပြီး၊ သားငယ်ကတော့ လုံးနေအောင် ၀ပါတယ်။ အများသူငါလိုပါပဲ။ သားနှစ်ယောက်ပဲရှိတဲ့ အဖေနဲ့အမေဟာ သမီးမိန်းကလေး တစ်ယောက်ကို တောင့်တလာကြပါတယ်။ တစ်နေ့ အမေလုပ်သူဟာ တရုတ်ဘုံကျောင်းတစ်ကျောင်းကို မိတ်ဆွေတစ်ယောက်နဲ့ အဖော်လိုက်သွားရင်း သားဆုပန်လို့ရတယ် ဆိုတာနဲ့ပဲ၊ သမီးတစ်ယောက်လိုချင်ကြောင်း ဆုတောင်း ဖြစ်ပါတယ်။ ဥာဏ်ပညာထက်မြက်ပြီး၊ ကိုယ်လက်အင်္ဂါစုံစုံနဲ့ ကျန်းကျန်းမာမာ သမီးလေးတစ်ယောက် လိုချင်ကြောင်းပေါ့။

1984 နှစ်ကုန်ပိုင်း……….
အမေလုပ်သူမှာ ကိုယ်ဝန်လွယ်ထားရပါပြီ။ ကိုယ်ဝန်ရှိစမှာပဲ အိမ်မက်မက်ပါတယ်။ အိမ်မက်ထဲမှာ ပန်းဖြူဖြူဖွေးဖွေးတွေ အများကြီးတွေ့ပါတယ်။ ပန်းတွေ ပန်းတွေ အားလုံး အဖြူတွေချည်းပါပဲ။ မွှေးလည်းမွှေးပါတယ်။ အဲဒီအိမ်မက်ကိုချည်း ၃ရက်ဆက်တိုက်မက်ပြီး အိမ်မက်ကနိုးလာရင် အပြင်အထိကို ပန်းအနံ့မွှေးနေတယ်လို့ ခံစားရပါတယ်။ အလယ်တန်းပြ ဆရာမလေးဖြစ်တဲ့ အမေဖြစ်သူဟာ ထူးထူးခြားခြားတော့ ဘာမှဖြစ်တယ်မရှိ။ ပုံမှန်အတိုင်း ကျောင်းတက် စာသင်တာပါပဲ။ ထမင်းစားချင်စိတ် မရှိလို့တော့ မုန့်ဟင်းခါးကိုချည်းပဲ လနဲ့ချီ ထမင်းလွတ်စားဖြစ်ပါသတဲ့။

ဒီလိုနဲ့ပဲ………
1985 ခုနှစ် ဇွန်လ ၁၈ရက် အင်္ဂါနေ့……………
မိုးတွင်းကာလပေမယ့် မိုးမရွာဘဲ နေသာနေတဲ့ မနက်ခင်းတစ်ခု။ သားနှစ်ယောက် ကျောင်းသွားပြီးတဲ့ အချိန်မှာပဲ၊ နေ့စေ့လစေ့ ဖြစ်နေပြီ ဖြစ်တဲ့ အမေဖြစ်သူဟာ ဗိုက်နာလာပါတယ်။ စီစဉ်ထားပြီးတဲ့အတိုင်း ဆေးခန်းကိုရောက်။ မနက် 10နာရီကျော်မှာ မျှော်လင့်ထားတဲ့အတိုင်း ကျန်းကျန်းမာမာ သမီးလေးတစ်ယောက်ကို မွေးဖွားပါတယ်။ အဲဒီနေ့ကစ သူတို့မိသားစုထဲ ကလေးမလေးတစ်ယောက် တိုးလာခဲ့ပါတော့တယ်။

တပတ်သမီးအရွယ်ရောက်တဲ့အချိန်မှာပဲ အဖေကိုယ်တိုင်နားဖောက်ပေးပါတယ်။ အစ်ကိုနှစ်ယောက်နဲ့ ခပ်ဆင်ဆင် နာမည်တစ်ခုကိုလည်း သိပ်စဉ်းစားစရာမလိုပဲ အဖေကိုယ်တိုင် ရွေးချယ်ပေးခဲ့ပါတယ်။ ဘင်္ဂဖွားမို့လို့ ပေပဲလား။ ကလေးမလေးဟာ အနာရောဂါထူပြောပါတယ်။ အသက်၃နှစ်အရွယ်လောက်အထိ ရေကျောက်ဆိုလည်း ပေါက်ပြန်ပြီ။ ရေယုန်ဆိုလည်း ခြေဖ၀ါးအထိ ပေါက်နေလို့ မတ်တပ်တောင်မရပ်နိုင်တဲ့အထိ။ ဟိုဆေးဆရာဆီပြေး၊ ဒီဆေးလေးနဲ့ကု။ အဖေနဲ့ အမေလုပ်သူဟာ မိဘတို့ထုံးစံ ဖတ်ဖတ်မောခဲ့ရပါတယ်။

တဖြည်းဖြည်းကြီးလာပြန်တော့လည်း ဆော့ရင်း လှေကားပေါ်က ပြုတ်ကျလို့ မေးကွဲတာ၊ စက်ဘီးတိုက်တာ၊ မြောင်းထဲလန်ကျတာ၊ ပြေးရင်း မှောက်လဲတာ၊ အသက်10နှစ် မတိုင်ခင်အထိမှာကို မျက်နှာပေါ်တင် ချုပ်ရာပေါင်း ၅ခုတိတိရှိလာခဲ့ပါတယ်။ သားနှစ်ယောက်တုန်းက ဒီလိုမဖြစ် သမီးမိန်းကလေးမှ ဒီလိုဖြစ်တယ်လို့ အမေလုပ်သူ ညည်းညူစပြုလာပါပြီ။ စဖတ်တတ်တဲ့အရွယ် ရောက်ကတည်းကလည်း အစ်ကိုနှစ်ယောက် နဲ့အတူ မိုးသောက်ပန်း၊ တေဇ၊ ရွှေသွေး၊ မင်္ဂလာမောင်မယ်၊ ရတနာမွန် စတဲ့စာစောင်တွေကို လုဖတ်နေပါပြီ။ လေးတန်းကျောင်းသူဘ၀မှာတော့ အမေငှားဖတ်တတ်တဲ့ လမင်းမိုမိုတို့ကို စကိုင်လာပါပြီ။

သားတွေကိုရော သမီးကိုရော ကိုယ့်အ၀တ်ကိုယ်လျှော်တတ်အောင်၊ မနက်ချက်ပြုတ်တဲ့နေရာမှာ တောက်တိုမယ်ရကူခိုင်းပြီး ချက်ပြုတ်တာနဲ့ မစိမ်းအောင် လေ့ကျင့်ပေးထားတဲ့အမေဟာ သမီးဖြစ်သူကိုကျတော့ သူတတ်ထားတဲ့ပညာတွေ အကုန်ပေးချင်ပုံရပါတယ်။ တစ်ချောင်းထိုး၊ နှစ်ချောင်းထိုး၊ တက်တင်း၊ အချုပ်အလုပ် ပညာတွေအတွက် ကလေးမလေး ၇တန်းနှစ်အရောက် ကျောင်းအားချိန်တိုင်းမှာ စသင်ပါတယ်။ ဒါပေမယ့်လည်း ကလေးမလေးရဲ့အာရုံဟာ ဖွတ်မြီးထိုးတဲ့နေရာမှာ ရှိရမယ့်အစား ဗီဒိုထဲမှာထားတဲ့ အရင်က မဂ္ဂဇင်းအဟောင်းတွေ၊ စွယ်စုံကျမ်းကြီးတွေဆီ ရောက်ရောက်နေတတ်ပါတယ်။ ဘယ်လိုသင်သင် ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ဘာတစ်ခုမှ တတ်မလာပါဘူး။ အဲဒီမှာပဲ အမေက ပန်းဖြူဖြူဖွေးဖွေး နူးနူးညံ့ညံ့တွေ အိမ်မက်မက်ထားပေလို့သာပဲတဲ့။ ကြမ်းကြမ်းတမ်းတမ်းနေတတ်တဲ့ သမီးကိုကြည့်ရင်း ညည်းတတ်ပါတယ်။ ဆုတောင်းတုန်းကလည်း ကျန်းကျန်းမာမာ၊ ထက်ထက်မြက်မြက်ကိုသာ တောင်းမိပြီး၊ ချောချောလှလှ နူးနူညံ့ညံ့ဆိုတာ ကျန်နေခဲ့တာကိုး။

ဇွန်လပေါင်း 20၀န်းကျင် ဖြတ်သန်းပြီးတဲ့အချိန်မှာတော့ ကလေးမလေးဟာ အမေထားပေးထားတဲ့ ကျစ်ဆံမြီးဆံပင်အရှည်ကို ယောက်ျားလေးဆံပင်ပုံစံနဲ့ အစားထိုးတတ်ခဲ့ပါပြီ။ အချက်အလုပ်ပညာ သင်ပေးဖို့ကိုလည်း အမေက လက်လျော့ခဲ့ပါပြီ။ ကိုယ်လုပ်ချင်ရင် မှားမှားမှန်မှန် လုပ်တတ်တဲ့ အကျင့်လေးကလည်း ပြုပြင်မရ အားကောင်းလာခဲ့ပါပြီ။

ဒီနေ့ 2009ခုနှစ် ဇွန်လ 18ရက်။ 24နှစ်တိတိ ကြာပြီးတဲ့အချိန်မှာတော့ …………………
အဲဒီကောင်မလေးဟာ အမေနဲ့ အဖေရဲ့ ထီးရိပ်အောက်မှာ လုံခြုံနေတုန်းပါပဲ။ အစ်ကိုနှစ်ယောက်နဲ့ စာအုပ်လုတုန်းပါပဲ။ နောက်…………….
အမေဖြစ်စေချင်တာနဲ့ ကွဲလွဲစွာပဲ မိန်းမသိပ်မဆန်တဲ့ မိန်းမတစ်ယောက် ဖြစ်လာပါပြီ။ ကိုယ်ထင်တာ ကိုယ်လုပ်တတ်တဲ့ အထွတ်အထိပ်အချိန်ကို ရောက်နေပါပြီ။ ခေါင်းအမာတတ်ဆုံး ဖြစ်နေပါပြီ။ ဘယ်သူဘာပြောပြော ကိုယ်လုပ်ချင်တာ လုပ်ရမှဆိုတဲ့အကျင့်ဆိုးကိုလည်း မက်မက်မောမော ဖက်တွယ်ထားပါပြီ။

ဟိုလိုလိုဒီလိုလိုနှင့်ပတ်သက်၍

ဘလော့ဂ်လာ သူငယ်ချင်း၊ မိတ်ဆွေများကို ပြောပြချင်ပါသည်။

ကျွန်မ ဟိုလိုလိုဒီလိုလို(hololodilolo) ဆိုတဲ့ nick ကိုယူခဲ့တာ 2007 Sept ကတည်းကပါ။ 2007 Sept မှာ ကျွန်မရဲ့ ဟိုလိုလိုဒီလိုလိုလေးကို blogspot ကနေအစပြုခဲ့ပါတယ်။

www.hololodilolo.blogspot.com မှာတော့ ဟိုလိုလိုဒီလိုလိုကို ကျွန်မက ဘလော့ဂ်နာမည်အနေနဲ့ စပေးဖြစ်တာပါ။ ဘလော့ဂ်လေးကို နာမည်ပေးမယ်ဆိုတော့ ဟိုစဉ်းစား ဒီစဉ်းစား၊ ဟိုနာမည်ရွေး ဒီနာမည်ရွေးနဲ့ နောက်ဆုံး အမြဲတမ်း ဟိုလိုလိုဒီလိုလို ဖြစ်နေတတ်တဲ့ ကျွန်မကိုယ်ကျွန်မ အစွဲပြုပြီး ဟိုလိုလိုဒီလိုလို လို့နာမည်တပ်ဖြစ်ခဲ့ပါတယ်။ blog post တင်တော့ author, posted by တွေမှာတော့ ကျွန်မနာမည်ဖြစ်တဲ့ prizewai ကိုပဲသုံးဖြစ်ပါတယ်။

နောက်ပိုင်း ဘလော့ဂ်ဂါ သူငယ်ချင်းတွေလည်း များလာပါတယ်။ ဟိုလိုလိုဒီလိုလိုကို အကြောင်းပြုပြီး ခင်မင်ခွင့်ရခဲ့တဲ့ သူငယ်ချင်းတွေလည်း အများကြီးဖြစ်လာပါတယ်။ ကျွန်မရဲ့
ဟိုလိုလိုဒီလိုလိုလေးက တကယ်တော့ ကျွန်မ ခံစားချက်တွေ၊ ပြောချင်တာတွေနဲ့ ပြည့်နေတာပါ။ ဗဟုသုတရလောက်စရာ မရှိပါဘူး။ ဘာဖြစ်ဖြစ် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အသုံးကျသည်ဖြစ်စေ၊ အသုံးမကျသည်ဖြစ်စေ ဒါဟာ ကျွန်မရဲ့ identity သာဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မက ဘလော့ဂ်နာမည်ဆိုပြီး ပေးထားတဲ့ ဟိုလိုလိုဒီလိုလို ဆိုတာကလည်း ကျွန်မရဲ့ nick တခုဖြစ်လာပါတယ်။ တချို့ သူငယ်ချင်းတွေက prizewai ဆိုတာကိုမမှတ်မိဘဲ ဟိုလိုလိုဒီလိုလို လို့ပဲသိထားကြတယ်။ ခေါ်ကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း ကျွန်မရဲ့ nick တခုအဖြစ် နှစ်နှစ်ခြိုက်ခြိုက် ခံယူဖြစ်လာပါတယ်။

MysteryZillion Forum ကိုဝင်တော့ ကျွန်မ nick ကို hololodilolo လို့ပေးဖြစ်ပါတယ်။ နောက်မကြာသေးခင်ကပဲ blogspot ကနေ wordpress ကို ရွှေ့ဖြစ်တော့ author နေရာမှာ hololodilolo လို့ပဲ
ပေးဖြစ်ပါတော့တယ်။ ဒါကြောင့် ဒီဘက် wordpress ကိုလာလည်တဲ့ သူငယ်ချင်းတစ်ယောက်ကတောင် prizewai ဆိုတာပျောက်နေတယ်ဆိုပြီး ပြောပါသေးတယ်။ (ခု wordpress post တွေတိုင်းမှာ posted by တွေပျောက်နေတာ သတိထားကြည့်ပါ။ အဲဒါကတော့ ဘယ်လိုထည့်ရမှန်း မသိလို့ပါ။ တကယ်လို့ ထည့်လို့ရရင်တောင် posted by hololodilolo ပဲတက်မှာပါ။)

ဟုတ်ကဲ့။ ရှည်ရှည်လျားလျား ရှင်းပြပြီး ဘာလုပ်မလို့ပါလဲ။ ခုတလော စိတ်ညစ်ရတဲ့ အကြောင်းရှိနေပါတယ်။ လွန်ခဲ့တဲ့ အပတ်လောက်ကမှ စသိတာပါ။ တချို့သော social ဆိုဒ်တွေမှာလည်း ဟိုလိုလိုဒီလိုလို ဆိုတဲ့user ရှိပါတယ်တဲ့။ (မြန်မာစာလုံးပေါင်းရော အင်္ဂလိပ်လို hololodilolo ရောတူတာပါ။ ning တစ်ခုမှာလည်း ဟိုလိုလိုဒီလိုလိုဆိုတဲ့ nick သုံးတဲ့သူရှိပါတယ်။ ကျွန်မသူငယ်ချင်းတွေက အဲဒါကိုလည်း ကျွန်မပဲထင်နေတာပါတဲ့။ အရေးအသားနဲ့ပတ်သက်ပြီး ကောချင်လာလို့ ကျွန်မကို လာကောပါတယ်။ ကျွန်မက ကျွန်မမရေးဘူး ပြောရင်းနဲ့မှ နောက် ဟိုလိုလိုဒီလိုလိုတွေထပ်ရှိမှန်းသိတာပါ။ မနေ့ညက အဲဒီအကြောင်းကို ကျွန်မအစ်ကိုနှစ်ယောက်ကို ပြောပြဖြစ်တော့ ကိုကိုငယ်က သူတို့ဆိုဒ်မှာလည်း ရှိတယ်လေတဲ့။ နင်မဟုတ်ဘူးလား ဆိုတော့ ငိုတောင်ငိုချင်သွားတယ်။ အဲဒီဆိုဒ်မှာလည်း ကျွန်မ မဟုတ်တဲ့ ဟိုလိုလိုဒီလိုလို ရှိနေပါတယ်။ ကျွန်မအစ်ကို ကိုယ်တိုင်က သူ့ညီမပဲထင်နေတာလေ။ အဲလိုဆိုတာနဲ့ပဲ အားချင်း ကျွန်မသူငယ်ချင်းတွေကို
လျှောက်မေးရပါတယ်။ ဒီနာမည်တွေ တွေ့မိလားပေါ့။ သူတို့ကတော့ အေးဆေးပဲ။ ဟိုလိုလိုဒီလိုလို ဆိုတိုင်း ကျွန်မချည်းပဲ တထစ်ချယုံလိုက်တာကိုး။

online ပေါ်မှာ nick ပေးတာ ကြိုက်တာပေးခွင့်ရှိပါတယ်။ ကျွန်မအပိုင်ပါလို့ ပြောလို့မရတာ သိပါတယ်။ ဒါပေမယ့်…………ဒီနာမည်မျိုးက လာတူတော့လည်း……………။ ဟိုလိုလိုဒီလိုလို ဆိုတဲ့ကျွန်မနာမည်ကိုတောင် “ဟင်.. ဒါလူနာမည်မှမဟုတ်တာ” တို့ ၊ “ကြံကြံဖန်ဖန်”တို့၊ “ကိုယ့်နာမည်လည်း ကိုယ်ပြန်ကြည့်ပါဦး”တို့ အပြောခံရဖူးတော့၊ မကြားဖူးထားရင် ဒီနာမည်မျိုးဆိုတာ စဉ်းစားမိဖို့ ခဲယဉ်းပါတယ်။ ပြောချင်တာက ကျွန်မ ဟိုလိုလိုဒီလိုလိုနာမည်နဲ့ စာရေးတာ ဒီကျွန်မဘလော့ဂ်တစ်ခုပဲရှိပါတယ်။ ဘယ်ဆိုဒ်၊ ဘယ်ဖိုရမ်မှာမှ မရေးပါ။ ဟိုလိုလိုဒီလိုလို(hololodilolo) ဆိုတဲ့ nick ကိုသုံးတာက MysteryZillion Forum ရယ် Twitter ရယ်မှာပဲ သုံးတာပါ။ တခြားဘယ်မှာမှ မသုံးပါ။ တမင် သီးသန့်ဖြစ်အောင် ထားထားတာပါ။ ကျန်တဲ့ Facebook တို့ ဘာတို့မှာ အကောင့်ရှိရင်တောင် user name က prizewai ပဲ။

မတူအောင် ပေးထားတဲ့ ဒီနာမည်လေး လာတူနေတော့ ငိုချင်တာပါပဲ။ စိတ်ညစ်တယ်ရှင်။

အမှတ်တရ

ဒီနေ့ ကျွန်မ တကယ်ကံကောင်းခဲ့ပါတယ်။ မမေ့နိုင်မယ့် နေ့လေးတစ်နေ့ပါပဲ။

ဘာရယ်မဟုတ်ပါဘူး။ မမေ့အောင် ဒီမှာလာမှတ်တာပါ။

ဆင်ခြေ

ကျွန်မအိမ်လေးမှာ ပို့စ်အသစ်တွေတက်တာ တော်တော်လေးကိုနည်းလာတယ်။ ပထမဆုံးကျွန်မက ၀င်ရခက်တာကို အကြောင်းပြတယ်။ ဒါပေမယ့် တင်ချင်ရင် မေးလ်ကနေ ပို့စ်တင်လို့ရတာပဲ(blogspot မှာဆိုရင်)။ ဘာလို့မတင်လဲ။ မရေးဖြစ်လို့ပေါ့။ ဘာလို့မရေးဖြစ်လဲ။ မအားတာကို အကြောင်းပြမယ်။ တကယ်ကတော့ အိပ်နေရလို့ မအားတာပါ။ ခု နောက်အကြောင်းပြချက် စဉ်းစားမိပြန်တယ်။

အရင်က ကျွန်မရေးခဲ့သမျှစာတွေ(ပို့စ်တင်ဖြစ်တာရော၊ မတင်ဖြစ်တာရော) အကြမ်းချရေးတာက စာရွက်ပေါ်မှာပါ။ ရေးချင်တဲ့စိတ်ပေါ်လာရင် ရေးချလိုက်တယ်။ ဒါကြောင့် ရေးဖြစ်တယ်။ နောက်ပိုင်းတော့ keyboard နဲ့ notepad ပဲသုံးဖြစ်တော့တယ်။ ညဘက်၂နာရီ၊ ၃နာရီ တရေးနိုးရင် စာထရေးတတ်တယ်(မီးလာနေရင်ပေါ့)။ ခုနောက်ပိုင်း ကျွန်မအိမ်မှာ ကျွန်မရဲ့ လူဆိုး၀၀ကြီး ပြန်ရောက်နေတယ်လေ။ သူက ကွန်ပျူတာကို မောင်ပိုင်စီးထားရော။ ကျွန်မသုံးချင်ရင် ခဏဖယ်ပေးမယ်။ ဒါပေမယ့် သူကအနောက်ကလောနေရော။ ဒါနဲ့ပဲ ကွန်ပျူတာနဲ့ခပ်ဝေးဝေးရောက်ရတယ်။ ညဆိုလည်း သူကတော်တော်နဲ့မအိပ်တော့ ကျွန်မသုံးဖို့အချိန်မရှိရော။

တခုခုဖတ်မိတဲ့အချိန်၊ တခုခုနားထောင်မိတဲ့အချိန်၊ တခုခုပြောချင်တဲ့အချိန်၊ ပြောရရင်တော့ စာရေးချင်စိတ် ပေါ်လာတဲ့ အချိန်မှာ အဲဒါကို ရေးမယ်လို့ပဲ တေးထားလိုက်တယ်။ ဒါပေမယ့် နည်းနည်းကြာတော့ ခံစားမှုလေး လျော့သွားရော။ ကွန်ပျူတာဆိုတာကလည်း မီးဆိုတာရှိမှ ဖြစ်တာမျိုးကိုး။ အဲဒီအပြင် ကျွန်မစာရိုက်နေတာကို တယောက်ယောက်ကြည့်မယ်ဆိုရင် မရေးတတ်တော့ဘူး။ အဲဒီတော့ အခြေအနေအရ စိတ်ကူးပေါ်လာတိုင်း မရေးဖြစ်ဘူး။ အချိန်အခါပေးပြန်တော့လည်း စိတ်ကူးလေးက ရှိချင်မှရှိတတ်တော့တာ။

ကဲ..အဲဒီတော့ ခဲတံ၊ ဘောပင်ကိုမသုံးဘဲ၊ keyboardကိုသုံးဖြစ်လာခြင်းက ကျွန်မကို စာမရေးဖြစ်စေတဲ့ အကြောင်းတရပ်ပါပဲ။

နှမြောတသခြင်း

ကျွန်မအပြစ်ပါပဲ။
ကျွန်မရဲ့computer အစုတ်ကလေးထဲမှာ 2002 လောက်ကတည်းက စုလာဆောင်းလာတဲ့ data တွေတော်တော်များနေပါပြီ။ 160GB ကို windowတင်ထားတဲ့ C က 60GB နဲ့ data ထည့်ထားတဲ့ D က 100GB ထားထားပါတယ်။ အများဆုံးသိမ်းထားတာကတော့ mp3သီချင်းတွေရယ် (မြန်မာသီချင်းတော်တော်စုံစုံလင်လင်စုထားတာပါ။ တော်တော်လည်း စုံနေပါပြီ။ သေသေချာချာ သပ်သပ်ရပ်ရပ် folder လေးတွေခွဲပြီး စုထားတာ။) EBookတွေရယ် (ITစာအုပ်တွေရော၊ တခြားရသစာအုပ်၊ အစုံအလင်ပါပဲ။ ရသမျှသိမ်းထားတာ။)။ နောက်ကျွန်မရေးထားသမျှစာတွေ(သူများကိုပြဖူးတာရော။ ဘယ်သူမှမပြရသေးတာရော)။ နောက် ကျွန်မလုပ်ထားတဲ့ portfolio တွေပေါ့။ နောက်ကျွန်မတို့မောင်နှမသုံးယောက်လုံး စုထားတဲ့ software ပေါင်းစုံ။ တော်တော်များများ မျိုချထားရှာတဲ့ hard disk လေးခမျာ ဒီမနက်ပဲ ကြွသွားရှာပါတော့တယ်။
ကျွန်မတို့ အပြစ်က CD, DVD တို့နဲ့ ဘာ backup မှမထားထားတာပါပဲ။ ခုတော့ ရင်ကွဲရောပဲ။ ခံပေါ့။
ကျွန်မနှမြောဆုံးကတော့ ebook တွေပဲ။ သူ့စာရေးဆရာနဲ့သူ သေချာခွဲထားတာ။ ပြန်ရှာရင် ရနိုင်ပေမယ့် အချိန်အများကြီး တဖြည်းဖြည်းစုထားရတာလေ။
တော်ပါပြီ။ ဆက်ရေးဖို့တောင် အားမရှိဘူး။ နှမြောလွန်းလို့။ 😀