အမှုမဲ့

သူ.. အသားအရေတွေ မွဲခြောက်လာတယ်..
သူ ပစ်စလက်ခတ်နေတယ်လို့ ကျွန်မက ထင်တုန်း။

သူ.. ဝုန်းခနဲ ပိန်ကျသွားတယ်..
သူ အလည်လွန် အပျော်အပါးလွန်နေတယ်လို့ ကျွန်မက ထင်တုန်း။

သူ.. တော်ကြာ ဝဖောင်းဖောင်း ပွယောင်းယောင်းဖြစ်လာတယ်..
သူ မတရားစားသောက်နေပြန်တယ်လို့ ကျွန်မက ထင်တုန်း။

သူ.. မျက်လုံးတွေ ဝေဝေလာတယ်..
သူ မအိပ်မနေ ရုပ်ရှင်တွေကြည့်ပြန်တယ်လို့ ကျွန်မက ထင်တုန်း။

သူ.. ကြည့်လိုက်တိုင်း တဟားဟားနဲ့..
သူ ဟေးလားဝါးလားကြိုက်သေးတယ်လို့ ကျွန်မက ထင်တုန်း။

သူ.. ချက်ချင်း ငြိမ်ငြိမ်ကျသွားတယ်..
သူ အိုဗာတွေ သိပ်လုပ်တာပဲလို့ ကျွန်မက ထင်တုန်း။

သူ.. ခုပဲကြည်လင်လိုက်.. ခုပဲမှုန်မှိုင်းလိုက်..
သူ အပြောင်းအလဲ သိပ်မြန်တာပဲလို့ ကျွန်မက ထင်တုန်း။

သူ.. တနေ့လုံး အိပ်အိပ်နေနိုင်တယ်..
သူ အပျင်းထူ ဇိမ်ယူပြန်တယ်လို့ ကျွန်မက ထင်တုန်း။

သူ.. ဘယ်တော့မှ ပြန်မလာတော့ဘူး..
သူ ပုန်းနေတယ်လို့ ကျွန်မက ထင်နေတုန်းပါ။

တဝက်တပျက်မနက်ခင်း

အပြုအမူတစ်ခုကို သုံးပတ်လောက် ဆက်တိုက်လုပ်ရင် အဲဒါဟာ အလေ့အကျင့်ဖြစ်လာသတဲ့။ ဆိုရင်.. စောစောထစရာမလိုတဲ့ ပိတ်ရက်မျိုးမှာလည်း လူကအလိုလို နိုးလာတာ အထူးအထွေတော့လည်း မဟုတ်ဘူးပေါ့။ ၂နာရီလောက် အချိန်တွေပိုနေသေးသည်ပဲ။ လူပျင်းအလုပ်လို့ပဲဆိုဆို မထသေးဘဲ တွေးချင်ရာတွေး အိပ်ပျော်သွားလိုက် ပြန်နိုးသလိုလိုဖြစ်လိုက် နိုးတဝက်နဲ့ မထသေးဘဲ ဆက်နှပ်တယ်လို့ ပြောလေ့ရှိတဲ့ ဇိမ်ယူခြင်းကို လုပ်ဖို့ပဲ အိပ်ချင်မူးတူး အာရုံရောက်တယ်။
sound cloudကို လှမ်းဖွင့်ထားလိုက်တယ်။

「ကိုယ်တယောက်တည်း စောင့်နေမယ် ဒီအိမ်လေးထဲမှာကွယ်…」
အိမ်စောင့်သူ။ ဟုတ်တယ်။ ကိုယ်အမြဲတမ်း စိတ်ပူတယ်လေ။

「လက်ထပ်ဝတ်စုံ ကိုယ်ပေါ်မှာ သိပ်လှတဲ့ အချစ်ကလေး.. 」
၂၅မိနစ်ဆိုတဲ့အချိန်က တခုခုကို ပြောင်းလဲနိုင်မှာမို့လား။

ဟော.. ခဏခဏနားထောင်ဖြစ်တဲ့ မြရဲ့လ။ အကြိမ်ကြိမ်ဖတ်ဖူးပြီးသား ဆရာမဂျူးရဲ့ မြရဲ့လ။ စာဖတ်ခြင်းကိုလည်း သဘောကျသလို ဒီလိုမျိုး အသံနဲ့ ဖတ်ပြတာကိုလည်း နှစ်ခြိုက်သည်လေ။ ဒါကြောင့် ကျွန်မကိုယ်တိုင်လည်း ကျွန်မသဘောကျတဲ့ ဝတ္ထုတိုလေးတွေကို ဖတ်ကြည့်ပြီး အသံဖမ်းထားဖို့ ခဏခဏ ကြိုးစားဖူးသည်ပဲ။ သူ့လို အသံချိုချိုလေးနှင့် စိတ်ဝင်စားအောင် အာရုံထဲပါ မြင်လာအောင် မဖတ်တတ်ပေ။

「မြို့ပြ၏ စီးပွားရေးနှင့် လူမှုရေးသံသရာမှာ စိတ်ပါလက်ပါ လှည့်ပတ်နေထိုင်ရင်း ကျွန်တော်နှင့် သဘာဝတရားသည် ဝေး၍ဝေး၍ လာခဲ့သည်။ 」
တိုးတက်ဖွံ့ဖြိုးနေတဲ့ ရုပ်ဝတ္ထုတွေနဲ့ ပိုပိုနီးလာလေလေ သဘာဝတရားတွေနဲ့ ပိုပိုဝေးသွားလေလေဖြစ်လာတာပါပဲ။ ပတ်ဝန်းကျင် ရှုခင်းတွေမြင်နိုင်တဲ့ ခရီးသွားနေရင်းတောင် အပြင်ဘက်ထက် ကိုယ့်လက်ထဲက စကရင်သေးသေးလေးဆီသာ အာရုံရောက်နေတတ်သည်။ အပြင်က အသံတွေနားထောင်နေဖို့ထက် အိမ်ကစထွက်ကတည်းက နားထဲနားကြပ်ကိုထည့်ပြီး အသံခပ်ကျယ်ကျယ်ပဲ ဖွင့်ထားဖြစ်တော့သည်ပဲ။ မြို့ပြထဲ ကျွန်မ စိတ်ပါလက်ပါ စီးမျောခဲ့သည်။ စီးမျောနေသည်။ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေတောင် ပြောင်းပြောင်းလာခဲ့သည်အထိ။ စိတ်ပါလက်ပါ စီးမျောဖြစ်ဦးမှာလည်း သေချာသည်။

「ကျွန်တော့်ဇနီးသည် အရာရာတွင် ခေတ်နောက်ပြန်ဆွဲသော အမြင်ရှိသူဖြစ်၏။ သူမကို သက်သက်ညှာညှာပြောရလျှင် ဂန္တ၀င်အမြင်ရှိသူဟု  ခေါ်နိုင်မည် ထင်ပါသည်။ ဘယ်လောက်များ ဂန္တ၀င်ဆန်လိုက်သလဲ ဆိုလျှင် နာမည်ကိုက…. 」

အိုး.. ဘယ်တုန်းက ခြံစည်းရိုးက ပန်းတွေက ခရမ်းနဲ့ အနီချည်းပဲ ကျန်တော့တာလဲ။ ပြီးခဲ့တဲ့နှစ် ရာသီချိန်ကုန်တော့ အဖြူပင်အကုန် ကျွန်မပစ်လိုက်ပြီလား။ ဘယ်လိုဖြစ်ဖြစ် ပန်းတွေလှနေရင် ပြီးတာပါပဲလေ။ ကျောင်းကားကလည်း လမ်းမှာ စက်ပျက်နေသေး။ အမေရေ.. ဘာချက်ထားတုန်း။ အကျင့်ပါနေတဲ့လက်က ကြောင်အိမ်ကို ဖွင့်ပြီးသား။
အော်.. ဒီအခန်းလေးထဲ သစ်သားကြောင်အိမ်လေးမှ မရှိဘဲ။ ရေခဲသေတ္တာထဲပဲ အကုန်ရှိနေမှာပါ။
စောင်ခြုံထားမှပဲ။ မိုးမရွာတော့ပေမယ့် အအေးဓါတ်ကရှိနေတုန်း။

「မြအပေါ် ကျွန်တော်စိတ်ပျက်ရခြင်းမှာ မြသည် တိုက်ခန်းကျဉ်းကျဉ်းမှာ နေထိုင်ရသည့် ဘဝနှင့် ဘယ်လိုမှ နေသားကျမလာခြင်းကြောင့်ဖြစ်သည်။」
ဇာတ်လမ်းအဆုံးတွင် မြရေတွင်းထဲ ကျသွားမှာ သိနေပြီးဖြစ်လို့ မြအကြောင်းစကတည်းက ကျွန်မ မြကို သံသယနှင့် စကြည့်ပြီးသား။ ဒီနေရာမှာ မြဟာ အထီးကျန်တယ်လို့ ခံစားနေရမှာ။ ဒါကတော့ မြ သေချာပေါက် စိတ်ထိခိုက်ရမှာပဲ။ ဘာလို့များ မြဟာ…. ။ စသဖြင့်။
ဒီလိုဖြစ်တော့မယ် ဒီလိုလုပ်နေတယ် သိရုံလေးနဲ့ လူတစ်ယောက်ကို မယုံကြည်နိုင်တော့တာလည်း အသက်အရွယ်ကပေးတဲ့ သင်ခန်းစာဖြစ်လောက်တာပါပဲ။ အထူးတလည် ပြောင်းလဲယူမနေချင်တော့ပါ။

「မျက်စောင်းထိုးလျက် ရယ်မောတော့ ကျွန်တော့်ဒေါသတွေ ပြေလျော့ကျခဲ့ရတာပါပဲ။」

ဒုက္ခပါပဲ။ ဒုက္ခပါပဲ။ ဒါလည်း လုပ်ရဦးမယ်။ ဒီဖိုင်တွေလည်း မပြီးသေးဘူး။ ခဏက ဒါသွားဖတ်လိုက်တာ အချိန်ကုန်တာပဲ အဖတ်တင်တယ်။ ဒါမျိုးတွေ သိအောင်လုပ်ရဦးမယ်။ ဟင်.. ဒီပတ်စဝေါ့က ဘာပါလိမ့်။ ဟေး.. ဟေး. ခဏ. ခဏလေး. ငါဒါတွေ မသိဘူးဟ။

အော်.. စိတ်ထဲက ဖိစီးမှု၊ ပူပင်မှုတွေက အိပ်သွားမှ၊ အိပ်ချင်မူးတူးဖြစ်သွားမှ ပေါ်ပေါ်လာတာ ပိုပင်ပန်းတယ်။ သတိရခြင်းနဲ့ နာကျင်မှုတွေလည်း ထိုနည်းလည်းကောင်းပါပဲ။

「တဖက်မှာ တောင်တန်း၊ တဖက်မှာ မြစ်၊ ရာသီဥတုသည် နှစ်သက်စဖွယ်ရှိသည်။
ကျွန်မတို့ မြို့မှာ ဆောင်းဥတုဟာ ဆောင်းဥတုနဲ့ တူအောင်အေးတယ် အစ်ကို။ နွေဥတုမှာတော့ သစ်ရွက်တွေ တကယ်ကြွေကြတယ်။ တောင်လေတကယ်လာတယ်။ လေဟာ ခြောက်သွေ့ပြီး လတ်ဆတ်နေတာ။ သစ်ပင်ရိပ်ကြောင့်သာ သိပ်မပူဘဲ အေးမြနေတာကိုး။
ရာသီသုံးမျိုးတွင် ထင်ရှားကွဲပြားစွာတွေ့မြင်ရသော သက်ဆိုင်ရာရှုခင်းများကို ……」
ခုတော့ဖြင့် မြရဲ့မြို့လေးနဲ့ ဆန့်ကျင်စွာ ဟိုနေရာမှာ ဒီနေရာမှာ ရေကြီး၊ လေကြီး။ အချိန်အခါမဟုတ်မိုးရွာ။ အရိုးကွဲအောင်အေး။ ကျောကော့အောင်ပူ။ ဖောက်ပြန်လာနေသော ရာသီဥတုများ။ ရှားပါးလာသော သံယံဇာတများ။ ပျက်စီးလာနေသော မြေဆီမြေနှစ်များ။ ကျွန်မတို့ ယူသုံးတာ သိပ်များသွားကြပြီ။ အယူသာရှိပြီး စောင့်ရှောက်ခြင်း၊ ဖြည့်တင်းခြင်း ပါးရှားခဲ့ကြခြင်း ပြယုဂ်များသာ။

သတင်းထကြည့်ရင်ကောင်းမလား။ နေပါတော့လေ။ ကျွန်မဆက်လှဲနေချင်သေးသည်။

「မြ ဒီမှာ နေရတာ မပျော်ဘူးလား။
ကျွန်တော် မြအား စူးစိုက်စွာကြည့်ရင်း မေးမိတော့ မြက ကျွန်တော့်ကို ပြုံးရယ်ကာ ခေါင်းရမ်းပြခဲ့၏။
အို.. အဲလို အဓိပ္ပါယ်နဲ့ ပြောတာမဟုတ်ပါဘူး အစ်ကိုရဲ့။」
မြ ဘာလို့ ပွင့်ပွင့်လင်းလင်းမပြောခဲ့တာပါလိမ့်နော်။ အနည်းဆုံးတော့ လူတစ်ယောက်ဟာ သူပျော်တယ် မပျော်ဘူးဆိုတာလောက်တော့ ပြောပြခွင့်၊ ပြောပြရဲတဲ့သတ္တိရှိရမှာပေါ့။ သတ္တိ။ တကယ်တော့ သူလည်း အသုံးချခံ စကားလုံးတစ်ခုသာ။

「ကျွန်တော်တို့သည် မိမိတို့ဘဝမှ မည်သည့်ဂဏန်းတစ်လုံးကိုသော်မျှ နှုတ်ယူခွင့် မရှိနိုင်ပါ။」
မရှိနိုင်တာပဲ ကောင်းပါတယ်လေ။ တခုခုကို ဘဝထဲက ဆွဲထုတ်ပါဆိုရင်တောင် ဘာကိုဆွဲထုတ်ရမယ်မှန်း ကျွန်မဆို ကောင်းကောင်းသိမှာမဟုတ်ဘူးပဲ။ ဖျက်ထုတ်ချင်တဲ့ကိစ္စတွေပဲ မရှိတာလား။ များလွန်းလို့ ဘယ်ဟာကို ဖျက်ထုတ်ပစ်ရမလဲဆိုတာ မရွေးနိုင်တော့တာလား။ ကိုယ့်ကိုယ်ကို မသေချာ။

「ရေစိုရွှဲနေသော မြ၏အလောင်းကို ကျွန်တော်မြင်လိုက်ရသောအခါ ကျွန်တော်သည် သောကနှင့် နာကျင်ကြေကွဲမှု၊ ခြောက်ခြားတုန်လှုပ်မှုတို့ဖြင့် သတိလက်လွတ်ဖြစ်သွားခဲ့ရပါသည်။ 」
ကိုယ့်ဘေးက ကိုယ်ချစ်သောသူ သေဆုံးသွားသောအခါ ကျွန်မရော ဘယ်လိုများ ဖြစ်မှာပါလိမ့်။ စမ်းသပ်ချင်၊ မြည်းစမ်းကြည့်ချင်စိတ်တော့ လုံးလုံးမရှိပါ။ လောကမှာ မစမ်းသပ်ကောင်းသောအရာများ၊ မသိဘဲနေရတာက ပိုကောင်းတဲ့အရာများ တော်တော်များများရှိတယ်လို့ ကျွန်မယုံထားလိုက်ပြီးသားဖြစ်တာကိုး။

「လသည် ကျွန်တော့်အတွက် အလွန်ခက်ခဲသော ပုစ္ဆာတစ်ပုဒ် ဖြစ်ပါသည်။」
တဲ့။
ကျွန်မအတွက်တော့ လူသားများသည် စိတ်ဝင်စားဖို့အကောင်းဆုံးသော၊ အလွန်ခက်ခဲသော ပုစ္ဆာများဖြစ်သည်။

「နာရီသံတွေ ဆူညံလို့နေ.. ရင်ခုန်သံတွေ မြန်တယ်အချစ်ရေ.. 」

ကဲ.. အိမ်မက်နှင့် အပြင်လောက သဲကွဲမနေသေးသော ကျွန်မဦးနှောက်ကို နှိုးမှဖြစ်ပေတော့မည်။ နေ့စဉ်ပုံမှန်အချိန်ဇယားမှ ထွက်ပြေးခွင့်ရှိသော နေ့ရက်တချို့။ ဆိုသော်လည်း ပြန်ဝင်ရမည်လေ။
အခွင့်ရှိသည်ဆိုတိုင်း ပရမ်းပတာသုံးပစ်တတ်သော ကျွန်မကို နာရီတွေနဲ့ ဘောင်ခတ်ထားတာပဲ ကောင်းပါမည်။ လွတ်မြောက်နိုင်မှာ မဟုတ်မယ့်အတူတူ ကျွန်မ နာရီတွေနဲ့အတူ ကျေကျေနပ်နပ် အသက်ရှင်ဖို့ကိုပဲ ရွေးရပါမည်။

အချစ်ဆိုတာ

အချစ်ဆိုတာ.. စိတ်ရှည်လက်ရှည်ရေးထားပြီးမှ မလိုတော့လို့ commentပိတ်ချလိုက်ရတဲ့အရာ။

အချစ်ဆိုတာ.. တကြောင်းတည်းနဲ့ပြီးမယ့်function ရှိတာ နားမလည်ဘဲ loopingမျိုးစုံပတ်ပြီး ရေးနေမိတဲ့အရာ။

အချစ်ဆိုတာ.. ပြန်ထွက်မယ့် conditionမေ့ကျန်နေလို့ endless loopဖြစ်မှန်းမသိ ဖြစ်နေတဲ့အရာ။

အချစ်ဆိုတာ.. exceptionတွေ မတရားဖမ်းထားမိလို့ လိုရင်းကို handleမလုပ်နိုင်တော့တဲ့အရာ။

အချစ်ဆိုတာ.. private, public, protected စသဖြင့် သဲသဲကွဲကွဲ မသိဘဲ ဇဝေဇဝါ declaration လုပ်ခဲ့တဲ့အရာ။

အချစ်ဆိုတာ.. မလိုအပ်ဘဲ parameterတွေ ပွထနေအောင် လှမ်းပို့မိတဲ့အရာ။

အချစ်ဆိုတာ.. performanceကောင်းအောင် ပြင်ရင်း ပြင်ရင်း Editထပ်လိုပြီဆို ဘယ်နားထိရမှန်း နားမလည်တော့တဲ့အရာ။

အချစ်ဆိုတာ.. ဖြုတ်လိုက်တပ်လိုက် requirements တွေကြား ဖာရာထေးရာ အထပ်ထပ်နဲ့ အထိမခံတော့တဲ့အရာ။

အချစ်ဆိုတာ

အချစ်ဆိုတာ… မိုးသည်းထဲမှာ သူ့ဘက်တိုးလို့ ထီးမိုးပေးတာ။
အချစ်ဆိုတာ… ပြေနေတဲ့ သူ့ဖိနပ်ကြိုးလေး ကိုယ်ချည်ပေးတာ။
အချစ်ဆိုတာ… ပေမှာစိုးလို့ ကိုယ့်ဘောင်းဘီအနားလေး သူခေါက်ပေးတာ။
အချစ်ဆိုတာ… ဘေးနားထိုင်ရင်း ကိုယ့်ပုခုံးပေါ် သူလာမှီတာ။
အချစ်ဆိုတာ… ရေစိုနေတဲ့ ဆံပင်ကို တဘက်နဲ့ သုတ်ပေးတာ။
အချစ်ဆိုတာ… သူစားဖို့ မနက်စာလေး ဝယ်သွားတာ။
အချစ်ဆိုတာ… fruit ninja ကို နဖူးတောက်ကြေး ကစားရတာ။
အချစ်ဆိုတာ… ဘယ်နှစ်စီးမြောက်မှာ ကိုယ်တို့စီးမယ့်busကား လာမလဲ လောင်းရတာ။
အချစ်ဆိုတာ… မျက်နှာမြင်ရုံနဲ့ နှုတ်ခမ်းလေးက ပြုံးလာတာ။
အချစ်ဆိုတာ… သူ့နာမည်ဖွဖွရွတ်ရုံနဲ့ မျက်ရည်ဝဲလာတာ။
ဒီလိုပါပဲ…. ကျွန်မသိတဲ့ အချစ်ဆိုတာ ချစ်တယ်လို့ ဘယ်တော့မှ ထပ်မပြောဖြစ်တော့တာ။

စာ

Letter

စာဗျို့.. စာ..
အသံလာရာ ခြံတံခါးဝဆီသို့ အပြေးအလွှား။

လွန်ခဲ့သော နှစ်ပေါင်း၂၀ကျော်ကျော်နှစ်များဆီက ကျွန်မတို့နယ်မြို့လေး၏ ဆက်သွယ်ရေးစနစ်ဟုဆိုသည်မှာ စာတိုက်နှင့် လက်ချိုးရေလို့ရသော အရည်အတွက်ရှိ တယ်လီဖုန်းများသာ။ ရှားပါးသေးသော တယ်လီဖုန်းများကိုတော့ ရံဖန်ရံခါအသုံးပြု၍ ပုံမှန်ဆက်သွယ်မှု၊ သာကြောင်းမာကြောင်း၊ သတိရကြောင်းများကိုတော့ စာရွက်ဖြင့်ချရေးကာ စာတိုက်မှတဆင့် စာပို့ဦးလေးကြီးများကျေးဇူးဖြင့် သိရှိစေခဲ့ကြသည်။

ကျွန်မပထမဆုံး စာရေးဖူးသည်မှာ ကျွန်မဘကြီးနဲ့ကြီးတော်ဆီသို့ ဖြစ်ပေလိမ့်မည်။ ဒီနှစ်စာမေးပွဲအောင်ကြောင်း၊ ဒုတိယတန်း တက်ရတော့မည် ဖြစ်ကြောင်းစသဖြင့် မောင်နှမတွေ တစ်ယောက်တစ်စောင်စီရေးကာ စုပေါင်း၍ စာတိုက်မှတဆင့်ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထို့နောက်… နွေရာသီကျောင်းပိတ်ရက်တွင် တစ်မြို့တည်းနေထိုင်သော၊ (မော်တော်ဆိုင်ကယ်ဖြင့်သွားလျှင် နာရီဝက်ခန့်နှင့်ရောက်နိုင်သော) သူငယ်ချင်းများဆီသို့။ ထို့နောက်.. စာအသွားအပြန် ခပ်စိပ်စိပ်ရေးဖြစ်ခဲ့သည်မှာ ကိုးတန်းနွေရာသီ ကျောင်းပိတ်ရက် ရန်ကုန်တွင် နေထိုင်ရာမှ ရရှိခဲ့သော သူငယ်ချင်းများဆီသို့ ဆယ်တန်းနှစ်တွင်ရေးဖြစ်ခဲ့သော စာများဖြစ်သည်။ အမြန်ချောပို့စနစ်ပေါ်ပေါက်နေပြီဖြစ်သောကြောင့် အမြန်ချောပို့ရောက်နိုင်သော မြို့နယ်များတွင် နေထိုင်သောသူငယ်ချင်းများထံ အမြန်ချောပို့ဖြင့်လည်းကောင်း၊ အမြန်ချောပို့စနစ်တွင် မပါဝင်သေးသောမြို့နယ်များတွင် နေထိုင်သူ သူငယ်ချင်းများထံ မှတ်ပုံတင်စာဖြင့်လည်းကောင်း ကျွန်မစာတွေ မပြတ်တမ်းရေးပို့ခဲ့ဖူးသည်။ တက္ကသိုလ်ကျောင်းသူဘ၀တွင်တော့ Top Englishနှင့် အလင်္ကာဂီတဂျာနယ်မှတဆင့် လွိုင်ကော်၊ တောင်ကြီး၊ ကလော၊ ကသာအစရှိသည့်မြို့များမှ Pen Friendများ တိုးပွားလာခဲ့သည်။

မမြင်ဖူးသော ၀ါသနာတူသူငယ်ချင်းများနှင့် စာအုပ်များအကြောင်း၊ သီချင်းများအကြောင်း အပြန်အလှန် စာတွေရေးဖြစ်ကြသည်။ သူစပ်ထားသောကဗျာကို ကိုယ်သဘောကျရင်း၊ ကိုယ်ချရေးလိုက်သောကဗျာကို သူတို့ချီးမွမ်းခဲ့ကြသည်။ ငြင်းဖြစ်၊ ခုန်ဖြစ်ကြသည်။ မရောက်ဖူးသောမြို့များကိုလည်း စာထဲမှ စကားများအတိုင်း ပုံဖော်ကြည့်ခဲ့သည်။ မတူညီသော နေထိုင်မှုပတ်ဝန်းကျင်များကို စာထဲမှ နားထောင်ခဲ့သည်။ မရောက်ဖူးသောအရပ်ဒေသရှိ ပွဲတော်များကို စာများထဲမှတဆင့် ဆင်နွှဲခဲ့ဖူးသည်။  ခြံဝင်းတံခါးဆီမှ ကျွန်မနာမည်ခေါ်သံနှင့် စာဗျို့.. စာ..ဟူသော စာပို့ဦးလေးကြီးကို ကျွန်မမျှော်တတ်ခဲ့သည်။ ကြောင်အိမ်အမိုးပေါ်တင်ထားတတ်သော ကျွန်မကျောင်းသွားနေစဉ်ရောက်လာသော စာများက ကျွန်မကို ပျော်ရွှင်စေခဲ့ဖူးသည်။ စာရေးစက္ကူနှင့် စာအိတ်သည် ကျွန်မအမြဲတစေ ၀ယ်ယူသော ပစ္စည်းများဖြစ်ခဲ့သည်။ စာရွက်ပေါ်တွင် တလုံးချင်းရေးချ၍ လေးမျက်နှာ၊ ငါးမျက်နှာမကသော စာများကို ကျွန်မတို့အပြန်အလှန်ရေးခဲ့ကြဖူးသည်။ မိုးတွင်းကာလ လမ်းပန်းဆယ်သွယ်ရေးခက်ခဲသောရာသီဥတုများတွင် ကြန့်ကြာတတ်သောစာများက ကျွန်မသူငယ်ချင်းများ နေထိုင်မှကောင်းရဲ့လားဟူသော စိတ်ပူမှုမျိုးဖြင့် ကျွန်မလည်ပင်းညောင်ရေအိုးဖြစ်ဖူးသည်။ ရေငွေ့စိုထိုင်းထိုင်းစာများထဲတွင်လည်း ကျွန်မအတွက် အပြန်အလှန်စိတ်ပူပင်မှုမျိုးပါလာတတ်ပြန်သည်။

ယနေ့ခေတ်အချိန်တွင်မတော့ ဆယ်သွယ်ရေးစနစ်၊ လူမှုကွန်ယက်များ အတိုင်းထက်အလွန် တိုးတက်လာခဲ့ပြီ။ ကမ္ဘာတဖက်တွင် လေပြင်းတိုက်သည့်အကြောင်းကို တခြားတဖက်ရှိလူများ စက္ကန့်ပိုင်းအတွင်း သိရှိနိုင်လာသည်။ မီးလောင်နေသောအရပ်ကို အနီးရှိလူထက် မိုင်ပေါင်းများစွာအဝေးကလူက အလျင်သိရှိနိုင်လာသည်။ လက်ချောင်းလေးများဖြင့် တချက်ချက်ရိုက်ရင်း၊ လက်ညိုးလေး တဖိဖိပွတ်ရင်း စာလုံးများစွာလျင်မြန်စွာ ရိုက်ပို့နိုင်နေပြီ။ စာလုံးထက်ပို၍ စကားပြောသော စတစ်ကာအရုပ်ကလေးများကို အဓိပ္ပါယ်ပါပါ ပေးပို့နိုင်နေပြီ။ ရေခြားမြေခြားနေထိုင်ရသော မိသားစုများကို အချိန်နှင့်တပြေးညီ ဆက်သွယ်ပေးနိုင်ခဲ့ပြီ။ အပြင်လောကတွင် ဆုံနိုင်ရန်မလွယ်ကူတော့သော မိတ်ဆွေ အပေါင်းအသင်းများနှင့် စကားပြောစရာမလိုဘဲ အဆက်အသွယ်မပြတ်ရှိနေနိုင်ခဲ့လေပြီ။

… ကိုယ်မြတ်နိုးဖူးသူရဲ့ လက်နဲ့.. ကိုယ်တိုင်ရေးလို့ထားရှာတယ်.. အရင်တုန်းက ရင်ခုန်ဖူးခဲ့တဲ့ စာလုံးဝိုင်းလေးတွေရယ်….. ဆိုသည်မှာ.. နားထောင်ကောင်းရုံသီချင်းအနေနှင့်သာ ကျန်ရစ်တော့သလိုလို။ စာမျက်နှာပေါင်းများစွာ မနားတမ်းချရေးနိုင်ခဲ့သော ကျွန်မလက်များသည်လည်း မိမိနာမည်စာသုံးလုံးကိုရေးရုံဖြင့်ပင် ညောင်းညာချင်သယောင်ယောင် အကျင့်ပျက်ခဲ့လေပြီ။ ဆယ်ကျော်သက်အရွယ် စာအုပ်ကြားထဲညှပ်၍ စာပေးခြင်းများ၊ လွယ်အိတ်ထဲ ကမန်းကတမ်းထည့်ပေးတတ်ကြသော စာလေးများ၊ စက္ကူလေယာဉ်ပျံမှ စာလေးများနေရာတွင် တတုန်တုန်အသံများဖြင့် စက်ကိရိယာမှရိုက်ပေးသောစာတိုများ၊ စတစ်ကာအရုပ်ကလေးများက နေရာယူသွားကြပြီလား။

ဘာရယ်မဟုတ်သော်ငြား..  တခါတရံ စာဗျို့.. စာ.. ဟူသောခြံတံခါးဝမှအသံကို ကျွန်မ အိမ်မက်မက်တတ်လေသည်။ ။

An Old School

အဖြူအမည်းရုပ်ရှင်တွေကို ခုံမင်ဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

၇၀ခုနှစ်အလွန်Chevroletတွေကို စွဲလမ်းဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

BMXဘီးတွေကို နှစ်သက်ဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

အခပေးဖုန်းရုံလေးတွေကို သဘောကျဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

ရေဒီယိုနားထောင်ခြင်းကို ရင်ခုန်ဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

ဓါတ်ပြားစက်တွေကို တပ်မက်ဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

လေဟာပြင်လက်ဖက်ရည်ဆိုင်လေးတွေကို ချစ်ခင်ဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

Boney M နဲ့ Carpenters ရဲ့ ပရိသတ်ဖြစ်ဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

ကက်ဆက်တိတ်ခွေနဲ့ အသံသွင်းစက်ကို စိတ်ဝင်စားဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

တချောက်ချောက်အသံနဲ့ စာစီစာရိုက်စက်ကို ကြင်နာဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

တံဆိပ်ခေါင်းတပ်ထားတဲ့ ခရုစာလေးတွေကို ငံ့လင့်ဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

အမှတ်တရပို့စကဒ်လေးတွေကို မျှော်လင့်ဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

သင့်တော်သောပမာဏဖြင့် တသလွမ်းဆွတ်ခြင်းဟာ ကျန်းမာခြင်းဆေးတဖုံ…..
ဟုတ်ကဲ့.. ကျွန်မဟာ ရှေးရိုးစွဲတစ်ယောက်ပါ။

★★Credit to my dear Ma Ju..
Original post is here…

စကားစမြည်

လက်ဖက်ရည်ကြမ်းတခွက်ရှေ့ချ..
ကျွန်မနဲ့ ကျွန်မ လေပေးဖြောင့်လို့..

ထွေရာလေးပါး
ဟိုအကြောင်းဒီအကြောင်း
သာကြောင်းမာကြောင်း…

အမှန်တွေဖြစ်သွားသော မျိုသိပ်ခြင်းများအကြာင်း
ထုတ်မပြောဖြစ်တော့သော အမှန်တရားများအကြောင်း

ထမ်းထားချင်လှသော မနိုင်ဝန်များအကြောင်း
လွှတ်မချရက်သော လေးလံမှုများအကြောင်း

မျက်စိတမှိတ်အတွေးအခေါ်များအကြောင်း
ဝေဖန်ပိုင်းခြားနိုင်စွမ်းများအကြောင်း

မိုးအကြောင်း လေအကြောင်း
တာဝန်မယူမှုများအကြောင်း

သေနတ်သံများအကြောင်း
နိမ့်ကျမှုများအကြောင်း

IQအကြောင်း
EQအကြောင်း

ခြောက်ခြားမှုများအကြောင်း
စိတ်ဒဏ်ရာများအကြောင်း

၂၄နာရီအပင်ပန်းခံချင်သော ဦးနှောက်အကြောင်း
နောက်ဆုံး…….
လှုပ်နှိုးမရတော့သော နှလုံးသားအကြောင်း…။ ။