တဝက်တပျက်မနက်ခင်း

အပြုအမူတစ်ခုကို သုံးပတ်လောက် ဆက်တိုက်လုပ်ရင် အဲဒါဟာ အလေ့အကျင့်ဖြစ်လာသတဲ့။ ဆိုရင်.. စောစောထစရာမလိုတဲ့ ပိတ်ရက်မျိုးမှာလည်း လူကအလိုလို နိုးလာတာ အထူးအထွေတော့လည်း မဟုတ်ဘူးပေါ့။ ၂နာရီလောက် အချိန်တွေပိုနေသေးသည်ပဲ။ လူပျင်းအလုပ်လို့ပဲဆိုဆို မထသေးဘဲ တွေးချင်ရာတွေး အိပ်ပျော်သွားလိုက် ပြန်နိုးသလိုလိုဖြစ်လိုက် နိုးတဝက်နဲ့ မထသေးဘဲ ဆက်နှပ်တယ်လို့ ပြောလေ့ရှိတဲ့ ဇိမ်ယူခြင်းကို လုပ်ဖို့ပဲ အိပ်ချင်မူးတူး အာရုံရောက်တယ်။
sound cloudကို လှမ်းဖွင့်ထားလိုက်တယ်။

「ကိုယ်တယောက်တည်း စောင့်နေမယ် ဒီအိမ်လေးထဲမှာကွယ်…」
အိမ်စောင့်သူ။ ဟုတ်တယ်။ ကိုယ်အမြဲတမ်း စိတ်ပူတယ်လေ။

「လက်ထပ်ဝတ်စုံ ကိုယ်ပေါ်မှာ သိပ်လှတဲ့ အချစ်ကလေး.. 」
၂၅မိနစ်ဆိုတဲ့အချိန်က တခုခုကို ပြောင်းလဲနိုင်မှာမို့လား။

ဟော.. ခဏခဏနားထောင်ဖြစ်တဲ့ မြရဲ့လ။ အကြိမ်ကြိမ်ဖတ်ဖူးပြီးသား ဆရာမဂျူးရဲ့ မြရဲ့လ။ စာဖတ်ခြင်းကိုလည်း သဘောကျသလို ဒီလိုမျိုး အသံနဲ့ ဖတ်ပြတာကိုလည်း နှစ်ခြိုက်သည်လေ။ ဒါကြောင့် ကျွန်မကိုယ်တိုင်လည်း ကျွန်မသဘောကျတဲ့ ဝတ္ထုတိုလေးတွေကို ဖတ်ကြည့်ပြီး အသံဖမ်းထားဖို့ ခဏခဏ ကြိုးစားဖူးသည်ပဲ။ သူ့လို အသံချိုချိုလေးနှင့် စိတ်ဝင်စားအောင် အာရုံထဲပါ မြင်လာအောင် မဖတ်တတ်ပေ။

「မြို့ပြ၏ စီးပွားရေးနှင့် လူမှုရေးသံသရာမှာ စိတ်ပါလက်ပါ လှည့်ပတ်နေထိုင်ရင်း ကျွန်တော်နှင့် သဘာဝတရားသည် ဝေး၍ဝေး၍ လာခဲ့သည်။ 」
တိုးတက်ဖွံ့ဖြိုးနေတဲ့ ရုပ်ဝတ္ထုတွေနဲ့ ပိုပိုနီးလာလေလေ သဘာဝတရားတွေနဲ့ ပိုပိုဝေးသွားလေလေဖြစ်လာတာပါပဲ။ ပတ်ဝန်းကျင် ရှုခင်းတွေမြင်နိုင်တဲ့ ခရီးသွားနေရင်းတောင် အပြင်ဘက်ထက် ကိုယ့်လက်ထဲက စကရင်သေးသေးလေးဆီသာ အာရုံရောက်နေတတ်သည်။ အပြင်က အသံတွေနားထောင်နေဖို့ထက် အိမ်ကစထွက်ကတည်းက နားထဲနားကြပ်ကိုထည့်ပြီး အသံခပ်ကျယ်ကျယ်ပဲ ဖွင့်ထားဖြစ်တော့သည်ပဲ။ မြို့ပြထဲ ကျွန်မ စိတ်ပါလက်ပါ စီးမျောခဲ့သည်။ စီးမျောနေသည်။ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေတောင် ပြောင်းပြောင်းလာခဲ့သည်အထိ။ စိတ်ပါလက်ပါ စီးမျောဖြစ်ဦးမှာလည်း သေချာသည်။

「ကျွန်တော့်ဇနီးသည် အရာရာတွင် ခေတ်နောက်ပြန်ဆွဲသော အမြင်ရှိသူဖြစ်၏။ သူမကို သက်သက်ညှာညှာပြောရလျှင် ဂန္တ၀င်အမြင်ရှိသူဟု  ခေါ်နိုင်မည် ထင်ပါသည်။ ဘယ်လောက်များ ဂန္တ၀င်ဆန်လိုက်သလဲ ဆိုလျှင် နာမည်ကိုက…. 」

အိုး.. ဘယ်တုန်းက ခြံစည်းရိုးက ပန်းတွေက ခရမ်းနဲ့ အနီချည်းပဲ ကျန်တော့တာလဲ။ ပြီးခဲ့တဲ့နှစ် ရာသီချိန်ကုန်တော့ အဖြူပင်အကုန် ကျွန်မပစ်လိုက်ပြီလား။ ဘယ်လိုဖြစ်ဖြစ် ပန်းတွေလှနေရင် ပြီးတာပါပဲလေ။ ကျောင်းကားကလည်း လမ်းမှာ စက်ပျက်နေသေး။ အမေရေ.. ဘာချက်ထားတုန်း။ အကျင့်ပါနေတဲ့လက်က ကြောင်အိမ်ကို ဖွင့်ပြီးသား။
အော်.. ဒီအခန်းလေးထဲ သစ်သားကြောင်အိမ်လေးမှ မရှိဘဲ။ ရေခဲသေတ္တာထဲပဲ အကုန်ရှိနေမှာပါ။
စောင်ခြုံထားမှပဲ။ မိုးမရွာတော့ပေမယ့် အအေးဓါတ်ကရှိနေတုန်း။

「မြအပေါ် ကျွန်တော်စိတ်ပျက်ရခြင်းမှာ မြသည် တိုက်ခန်းကျဉ်းကျဉ်းမှာ နေထိုင်ရသည့် ဘဝနှင့် ဘယ်လိုမှ နေသားကျမလာခြင်းကြောင့်ဖြစ်သည်။」
ဇာတ်လမ်းအဆုံးတွင် မြရေတွင်းထဲ ကျသွားမှာ သိနေပြီးဖြစ်လို့ မြအကြောင်းစကတည်းက ကျွန်မ မြကို သံသယနှင့် စကြည့်ပြီးသား။ ဒီနေရာမှာ မြဟာ အထီးကျန်တယ်လို့ ခံစားနေရမှာ။ ဒါကတော့ မြ သေချာပေါက် စိတ်ထိခိုက်ရမှာပဲ။ ဘာလို့များ မြဟာ…. ။ စသဖြင့်။
ဒီလိုဖြစ်တော့မယ် ဒီလိုလုပ်နေတယ် သိရုံလေးနဲ့ လူတစ်ယောက်ကို မယုံကြည်နိုင်တော့တာလည်း အသက်အရွယ်ကပေးတဲ့ သင်ခန်းစာဖြစ်လောက်တာပါပဲ။ အထူးတလည် ပြောင်းလဲယူမနေချင်တော့ပါ။

「မျက်စောင်းထိုးလျက် ရယ်မောတော့ ကျွန်တော့်ဒေါသတွေ ပြေလျော့ကျခဲ့ရတာပါပဲ။」

ဒုက္ခပါပဲ။ ဒုက္ခပါပဲ။ ဒါလည်း လုပ်ရဦးမယ်။ ဒီဖိုင်တွေလည်း မပြီးသေးဘူး။ ခဏက ဒါသွားဖတ်လိုက်တာ အချိန်ကုန်တာပဲ အဖတ်တင်တယ်။ ဒါမျိုးတွေ သိအောင်လုပ်ရဦးမယ်။ ဟင်.. ဒီပတ်စဝေါ့က ဘာပါလိမ့်။ ဟေး.. ဟေး. ခဏ. ခဏလေး. ငါဒါတွေ မသိဘူးဟ။

အော်.. စိတ်ထဲက ဖိစီးမှု၊ ပူပင်မှုတွေက အိပ်သွားမှ၊ အိပ်ချင်မူးတူးဖြစ်သွားမှ ပေါ်ပေါ်လာတာ ပိုပင်ပန်းတယ်။ သတိရခြင်းနဲ့ နာကျင်မှုတွေလည်း ထိုနည်းလည်းကောင်းပါပဲ။

「တဖက်မှာ တောင်တန်း၊ တဖက်မှာ မြစ်၊ ရာသီဥတုသည် နှစ်သက်စဖွယ်ရှိသည်။
ကျွန်မတို့ မြို့မှာ ဆောင်းဥတုဟာ ဆောင်းဥတုနဲ့ တူအောင်အေးတယ် အစ်ကို။ နွေဥတုမှာတော့ သစ်ရွက်တွေ တကယ်ကြွေကြတယ်။ တောင်လေတကယ်လာတယ်။ လေဟာ ခြောက်သွေ့ပြီး လတ်ဆတ်နေတာ။ သစ်ပင်ရိပ်ကြောင့်သာ သိပ်မပူဘဲ အေးမြနေတာကိုး။
ရာသီသုံးမျိုးတွင် ထင်ရှားကွဲပြားစွာတွေ့မြင်ရသော သက်ဆိုင်ရာရှုခင်းများကို ……」
ခုတော့ဖြင့် မြရဲ့မြို့လေးနဲ့ ဆန့်ကျင်စွာ ဟိုနေရာမှာ ဒီနေရာမှာ ရေကြီး၊ လေကြီး။ အချိန်အခါမဟုတ်မိုးရွာ။ အရိုးကွဲအောင်အေး။ ကျောကော့အောင်ပူ။ ဖောက်ပြန်လာနေသော ရာသီဥတုများ။ ရှားပါးလာသော သံယံဇာတများ။ ပျက်စီးလာနေသော မြေဆီမြေနှစ်များ။ ကျွန်မတို့ ယူသုံးတာ သိပ်များသွားကြပြီ။ အယူသာရှိပြီး စောင့်ရှောက်ခြင်း၊ ဖြည့်တင်းခြင်း ပါးရှားခဲ့ကြခြင်း ပြယုဂ်များသာ။

သတင်းထကြည့်ရင်ကောင်းမလား။ နေပါတော့လေ။ ကျွန်မဆက်လှဲနေချင်သေးသည်။

「မြ ဒီမှာ နေရတာ မပျော်ဘူးလား။
ကျွန်တော် မြအား စူးစိုက်စွာကြည့်ရင်း မေးမိတော့ မြက ကျွန်တော့်ကို ပြုံးရယ်ကာ ခေါင်းရမ်းပြခဲ့၏။
အို.. အဲလို အဓိပ္ပါယ်နဲ့ ပြောတာမဟုတ်ပါဘူး အစ်ကိုရဲ့။」
မြ ဘာလို့ ပွင့်ပွင့်လင်းလင်းမပြောခဲ့တာပါလိမ့်နော်။ အနည်းဆုံးတော့ လူတစ်ယောက်ဟာ သူပျော်တယ် မပျော်ဘူးဆိုတာလောက်တော့ ပြောပြခွင့်၊ ပြောပြရဲတဲ့သတ္တိရှိရမှာပေါ့။ သတ္တိ။ တကယ်တော့ သူလည်း အသုံးချခံ စကားလုံးတစ်ခုသာ။

「ကျွန်တော်တို့သည် မိမိတို့ဘဝမှ မည်သည့်ဂဏန်းတစ်လုံးကိုသော်မျှ နှုတ်ယူခွင့် မရှိနိုင်ပါ။」
မရှိနိုင်တာပဲ ကောင်းပါတယ်လေ။ တခုခုကို ဘဝထဲက ဆွဲထုတ်ပါဆိုရင်တောင် ဘာကိုဆွဲထုတ်ရမယ်မှန်း ကျွန်မဆို ကောင်းကောင်းသိမှာမဟုတ်ဘူးပဲ။ ဖျက်ထုတ်ချင်တဲ့ကိစ္စတွေပဲ မရှိတာလား။ များလွန်းလို့ ဘယ်ဟာကို ဖျက်ထုတ်ပစ်ရမလဲဆိုတာ မရွေးနိုင်တော့တာလား။ ကိုယ့်ကိုယ်ကို မသေချာ။

「ရေစိုရွှဲနေသော မြ၏အလောင်းကို ကျွန်တော်မြင်လိုက်ရသောအခါ ကျွန်တော်သည် သောကနှင့် နာကျင်ကြေကွဲမှု၊ ခြောက်ခြားတုန်လှုပ်မှုတို့ဖြင့် သတိလက်လွတ်ဖြစ်သွားခဲ့ရပါသည်။ 」
ကိုယ့်ဘေးက ကိုယ်ချစ်သောသူ သေဆုံးသွားသောအခါ ကျွန်မရော ဘယ်လိုများ ဖြစ်မှာပါလိမ့်။ စမ်းသပ်ချင်၊ မြည်းစမ်းကြည့်ချင်စိတ်တော့ လုံးလုံးမရှိပါ။ လောကမှာ မစမ်းသပ်ကောင်းသောအရာများ၊ မသိဘဲနေရတာက ပိုကောင်းတဲ့အရာများ တော်တော်များများရှိတယ်လို့ ကျွန်မယုံထားလိုက်ပြီးသားဖြစ်တာကိုး။

「လသည် ကျွန်တော့်အတွက် အလွန်ခက်ခဲသော ပုစ္ဆာတစ်ပုဒ် ဖြစ်ပါသည်။」
တဲ့။
ကျွန်မအတွက်တော့ လူသားများသည် စိတ်ဝင်စားဖို့အကောင်းဆုံးသော၊ အလွန်ခက်ခဲသော ပုစ္ဆာများဖြစ်သည်။

「နာရီသံတွေ ဆူညံလို့နေ.. ရင်ခုန်သံတွေ မြန်တယ်အချစ်ရေ.. 」

ကဲ.. အိမ်မက်နှင့် အပြင်လောက သဲကွဲမနေသေးသော ကျွန်မဦးနှောက်ကို နှိုးမှဖြစ်ပေတော့မည်။ နေ့စဉ်ပုံမှန်အချိန်ဇယားမှ ထွက်ပြေးခွင့်ရှိသော နေ့ရက်တချို့။ ဆိုသော်လည်း ပြန်ဝင်ရမည်လေ။
အခွင့်ရှိသည်ဆိုတိုင်း ပရမ်းပတာသုံးပစ်တတ်သော ကျွန်မကို နာရီတွေနဲ့ ဘောင်ခတ်ထားတာပဲ ကောင်းပါမည်။ လွတ်မြောက်နိုင်မှာ မဟုတ်မယ့်အတူတူ ကျွန်မ နာရီတွေနဲ့အတူ ကျေကျေနပ်နပ် အသက်ရှင်ဖို့ကိုပဲ ရွေးရပါမည်။

အချိုးအကွေ့မှလူတချို့ (၂)

လူ ၁။

နေရာသစ်တစ်ခုရောက်တိုင်း တော်ရုံနေသားမကျနိုင်တာကလည်း အကျင့်ဆိုးဆိုးတစ်ခု။ အလုပ်ခွင်ဆိုပေမယ့် အရာအားလုံးက ထူထောင်ခါစမို့လို့ ပုံသေအရာမရှိသေး။ မနက် ၈နာရီကစ စာတွေသင်လိုက်၊ သင်တန်းရှိရာပြေးတက်လိုက်၊ စည်းမျဉ်းတွေလေ့လာလိုက်နဲ့ ညနေ၅နာရီဆို အိမ်ပြန်။  လေ့ကျင့်ရေးတွေနဲ့ချည်း တနေကုန်တော့ အလုပ်ခွင်ထက် စာသင်ကျောင်းနဲ့သာ ပိုတူနေပါသေးတယ်။ နေသားမကျတကျ၊ အချင်းချင်းကလည်း ရင်းနှီးကာစ၊ အသွားအပြန်လမ်းချင်းတူတဲ့ တချို့တလေနဲ့ ကားပေါ်ဆုံတော့လည်း အတွေ့အကြုံဖလှယ်ရင်း စကားစမြည်ပေါ့။

အသင်းတွေ အသီးသီးခွဲထားတဲ့အတိုင်း နေရတော့ ကျွန်မက ခပ်အေးအေး တရုတ်မလေးတစ်ယောက်ရဲ့အသင်းမှာ အသင်းသားတစ်ယောက်။ လူတွေအကုန်က ခပ်အေးအေး။ အဆင်ပြေပြေပါပဲ။ အပြန်လမ်းမှာ အတူတူဆုံနေကြ ကောင်မလေးကတော့ ကျွန်မထက် နံပါတ်တစ်ခုငယ်တဲ့ အသင်းက အသင်းသား။ သူ့အသင်းအကြောင်း ခဏခဏ ပြောပြောပြနေတဲ့အထဲ “အစ်မ သိလား.. အဲတစ်ယောက်ကလေ.. ပြောတယ်.. သူ့အနားသိပ်မကပ်နဲ့.. သူ ပူအိုက်တယ်တဲ့.. ခပ်ဝေးဝေးထိုင်ပါတဲ့.. ဘယ်သူက ကပ်ချင်မလဲ.. နေရာတွေက ဒီလိုပဲ ကပ်နေတာကိုနော်.. နောက် ရေသောက်ရင်လည်းလေ. သူ့ခွက်နဲ့သူ.. သူ့ထမင်းချိုင့်ကိုဆို လက်နဲ့ထိတာတောင် မကြိုက်တဲ့ပုံ..” စသဖြင့်။ ကျွန်မကတော့ ရယ်ချင်ပက်ကျိ နားထောင်ရင်း “အင်း.. ကိုကြီးကျယ် နေမှာပေါ့” စသဖြင့်။ သူပြောတဲ့ ကောင်လေးကိုလည်း သတိထားမိသွားတယ်။

နောက်တစ်လလောက်အကြာ အသင်းတွေပြန်ခွဲတော့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီကောင်လေးရှိတဲ့အသင်းထဲ ကောက်ကာငင်ကာ ရောက်လေသတည်းပေါ့။ အသင်းခေါင်းဆောင် အစ်ကိုကြီးကြည့်ရတာလည်း ဆူမယ့်ပုံ။ ဂွကျကျလူတွေလည်း ရှိမယ့်အသင်း။ စိတ်ပိန်လိုက်တာ စိတ်ပိန်လိုက်တာ ဆိုပြီး စိတ်ထဲ တဖျစ်တောက်တောက်ပေါ့။ ကံဆိုးပြီထင်ရင် ဆက်တိုက်ဆိုးသလို နေရာချတော့လည်း ဂွကျကျလူဘေး ထိုင်ရတယ်။ ရှေးကကြားဖူးပြီးသား စကားရှိလေတော့ သူ့အနားကပ်မိတယ် မဖြစ်အောင် ကိုယ်ကိုတတ်နိုင်သမျှ ချုံ့ထားရသေးတယ်။ အဲဒီကောင်လေးကလည်း အကောင်ကြီးကြီး၊ ထိုင်ရင်လည်း  ကျယ်ကျယ်ဝန်းဝန်း ထိုင်လေတော့ ကျွန်မမှာ သူ ကျယ်ကျယ်ထိုင်သလောက် ကျုံ့ကျုံ့သွားရတယ်။ အဲလိုနဲ့ အသင်းတစ်ခုတည်း ဆိုရာကနေစ၊ နည်းနည်းချင်းစီ သူ့အကြောင်းသိသိလာတယ်။ Team Wrok Team Work ဆိုတဲ့ခေါင်းစဉ်အောက် ရုံးတွင်းတင်မက၊ အပြင်မှာပါ အုပ်စုလိုက်ကြီး လျှောက်လည်လိုက်၊ စားလိုက်၊ သောက်လိုက်နဲ့ (၇)ဂဏန်းတစ်စု တဖြည်းဖြည်းရင်းနှီးလာတယ်။

အဲလိုနဲ့ အဲလိုနဲ့.. ကာလတွေရွေ့လျားတော့ တကယ်အလုပ်တွေလည်း လုပ်ရပြီ။ အသင်းတွေလည်း ဟိုဒီထပ်ပြောင်း၊ လူတွေလည်း ဟိုစားပွဲရောက် ဒီစားပွဲရောက်။ တရုံးရုံးနဲ့ အားလုံးရင်းနှီးလာကြတဲ့အထဲ ဂွကျကျသူငယ်ချင်းတစ်ယောက်လည်း ပါကိုပါလာတော့တာပေါ့။ တကယ်က စိတ်ရင်းလည်း ကောင်းသလို၊ တကယ်ကို ကိုးလိုးကန့်လန့် လူတစ်ယောက်လည်းဖြစ်ပါတယ်။ အတုယူစရာ အရည်အချင်းအများကြီး ပိုင်ဆိုင်ထားပြီး၊ တကယ်လည်း အလုပ်လုပ်နိုင်တဲ့ သူတစ်ယောက်ပါ။ ဒါကြောင့်မို့လည်း ၂နှစ်အတွင်း ပရောဂျက်ခေါင်းဆောင်၊ နောက် မန်နေဂျာအဆင့်အထိ ရောက်ပြီး သူ့အရည်အချင်းတွေ ပြနိုင်ခဲ့တာပေါ့။ အလုပ်နဲ့ပတ်သက်တာရော။ တစ်ချို့တစ်ချို့သော စိတ်နေစိတ်ထားတွေကိုပါ ကျွန်မ သူ့ဆီက သင်ယူခဲ့ရတာတွေ အများကြီး။ ကျွန်မအတွက်တော့ သူဟာ စာအုပ်တစ်အုပ်။ သူ့ဆီက အားအကျဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရယ်၊ ဘာလုပ်လုပ် ကိုယ့်ပုံစံနဲ့ကိုယ် ရဲရဲကြီး လုပ်ရဲတာရယ်။ ကျွန်မမှာ မရှိတဲ့အရည်အချင်းတွေအပြည့်ရှိတဲ့ လေးစားအားကျနေရတဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် ဆုံဖူးသည်ပေါ့။

လူ ၂။

အဲဒီကောင်မလေးကိုတော့ အလုပ်မ၀င်ခင် သင်တန်းတက်စဉ်ကာကတည်းက မျက်မှန်းတန်းမိတယ်။ မှတ်မှတ်ထင်ထင် စ စကားပြောဖူးတာက… တစ်ရက် သင်တန်းသားတွေကို သင်တန်းကအပြန် အလုပ်က ပြောပြစရာရှိလို့ ဆိုပြီး စုခိုင်းတယ်။ အဲဒီအချိန်တုန်းက လိုဂိုဒီဇိုင်းဝင်ပြိုင်လို့ရတယ်ဆိုပြီး သတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက်။ ပြိုင်မယ့်သူတွေက ပြိုင်ပွဲဝင်လိုဂို အပ်ရတော့မယ့်ရက်ပေါ့။ ကျွန်မကတော့ ဒီဇိုင်းဆို ဖိုတိုရှော့ ဖွင့်တာတောင် မဖြောင့်ချင်တဲ့သူဆိုတော့ စိတ်ဝင်တစားရှိမနေဘူး။ အဲဒီနေ့ သင်တန်းက အပြန် စုခိုင်းတဲ့နေရာကို ၅ယောက်လား ၆ယောက်လားမသိ တူတူသွားဖြစ်တယ်။ မနက် ၇နာရီက ၉ခွဲအထိသင်တန်းမှာနေပြီး မနက်စာ မစားရသေးတဲ့လူပဲ များနေတော့ မုန့်ဟင်းခါးအရင် ၀င်စားမယ်လည်း ဆိုရော၊ အဲကောင်မလေးက သူမစားဘူး သွားနှင့်မယ်တဲ့ဆိုပြီး သူတစ်ယောက်တည်း အရင်လမ်းခွဲသွားတယ်။ ကျွန်မက အော် မစားလည်းထိုင်လိုက်တာမဟုတ် စောသေးတာကိုလို့ တွေးမိရုံ။ စားပြီး အခန်းထဲရောက်တာတောင် စောသေးတာကိုး။ အခန်းထဲရောက်လည်း ဟိုပြော ဒီပြောနဲ့နေတုန်း မီးပျက်သွားတယ်။ နေ့ခင်းကြီးပေမယ့် အလင်းရောင် မကောင်းတော့ မီးမရှိတာနဲ့ မှောင်ကျသွားရော။ အဲဒီကျမှ အခန်းထောင့်မှာ အမ်ပီဖိုးတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ဟိုကောင်မလေးကို သတိထားမိတယ်။ မှောင်ထဲမှာတောင် အမ်ပီဖိုးကြီးကြည့်နေတာကို တွေ့မှ။ အာ.. သူလိုဂို ပြိုင်မလို့ဘဲ။ ဘယ်လိုကြောင့် ဒီလိုဒီဇိုင်း၊ ဒီကာလာရွေးဖြစ်တယ် စသဖြင့်ပါ ရေးပေးရမှာကိုး။ ကောင်မလေး မရေးရသေးဘူး ထင်ပ။ အဲလိုနဲ့ သတိထားမိသွားတယ်။

ကျွန်မထက် တစ်လနောက်ကျပြီး အလုပ်ဝင်လာပြီး၊ ကျွန်မတို့ စားပွဲတစ်ဝိုင်းထဲ ထိုင်ဖြစ်တဲ့ တစ်ညနေ။ အချင်းချင်း ဟိုပြော ဒီပြောနဲ့။ ဥာဏ်သုံးတွက်ရတဲ့ သင်္ချာ ပဟေဌိမေးခွန်းတွေနဲ့ ကစားကြတော့။ သူမ သေသေချာချာ အာရုံစိုက်ဖြေတာ တော်တော်လေးသတိထားမိပြီး၊ အဲဒီနေရာမှာ ဥာဏ်တော်တော်ကောင်းတာလည်း သတိထားမိသွားတယ်။ ဥာဏ်ပြေးတဲ့ မိန်းမတွေကို သဘောကျတတ်တဲ့ ထုံးစံအတိုင်း ကျွန်မစိတ်ထဲ သူမကို နှစ်သက်တဲ့စိတ်က အလိုလိုဝင်လာတဲ့နေ့ပေါ့။

ကံကောင်းစွာနဲ့ သူမသည်လည်း ကျွန်မတို့ နံပါတ်(၇)အဖွဲ့ထဲက တစ်ယောက်ဖြစ်လေတော့ တရုံးရုံးကြားမှာ တရင်းနှီးနှီးဖြစ်လာတော့တာပေါ့။ အလုပ်လုပ်စရာ ကွန်ပျူတာလေးတွေ အပြည့်အစုံမရခင် ကျွန်မတွဲကြည့်ခွင့်ရတာက သူမကွန်ပျူတာနံပါတ် ၄၃။ ဟိုကလိဒီကလိ ဟိုဟာစမ်း ဒီဟာစမ်းနဲ့ သူမရဲ့ စိတ်ပါဝင်စားမှုကိုလည်း ထဲထဲဝင်ဝင် ခံစားမိလာတယ်။

တခါမှ စိတ်တိုတယ်။ စိတ်ဆိုးတယ်။ သူများအကြောင်းပြောတယ်ဆိုတာ မရှိတဲ့သူငယ်ချင်း။ အသင်းတွေ ပြန်ခွဲလို့၊ သူမတစ်ယောက်တည်း ဟိုးဘက်ရောက်သွားတော့ အိမ်သာထဲဝင် မျက်ရည်ကျဖူးသတဲ့။ တကယ်ကျတော့လည်း အသင်းတွေကွဲသွားပေမယ့် ကျွန်မတို့အဖွဲ့ထဲက အရင်းနှီးဆုံး၊ ကျွန်မ အယုံကြည်ရဆုံး၊ ကျွန်မဘေးက သူငယ်ချင်းတစ်ယောက်အဖြစ် သူမရှိနေခဲ့တယ်။ သူမဆီက အားအကျဆုံးအချက်က တကယ့်ကိုဖြောင့်ဖြောင့်လေး တွေးတတ်တဲ့စိတ်လေးနဲ့ ထက်မြက်တဲ့ ဥာဏ်ရည်။ ဘယ်အချိန် စိတ်ဘယ်လောက် နောက်ကျိနေပစေ သူမရယ်လို့ ကြည့်လိုက်ရင် ကြည်လင်သွားစေတဲ့.. ကျွန်မရဲ့ ရေသန့်လေး ဖြစ်ပါတယ်။

အသင်း ၇။

Team Work ဆိုတဲ့သဘောတရားကို သင်ယူမိစေတဲ့ ပထမဆုံးအဖွဲ့အစည်း။ ကျွန်မဘ၀ရဲ့ အရင်းနှီးဆုံး၊ အယုံကြည်ရဆုံး၊ အားအကျရဆုံး သူငယ်ချင်းတော်တော်များများကို ကျွန်မဆီကိုပေးခဲ့တဲ့အဖွဲ့။ ခုချိန်ထိ ဘာမဆို အားကိုးတကြီး တိုင်ပင်ဖြစ်တဲ့ အစ်မတွေ။ တတွတ်တွတ် တီးတိုးတီးတိုး သဖန်းပိုး ပေါက်ကရလေးဆယ် တနေကုန်လုပ်နေလို့ ဒီ၂ယောက်ကပ်ရင် စကားချည်းပဲလို့ ပြောရလောက်တဲ့သူငယ်ချင်း။ ခေါင်းခပ်မာမာညီမလေး။ ကြောက်သလိုလိုနဲ့ အမြဲပြန်ပြန်ပြောမိနေတဲ့ ခေါင်းဆောင်။ ပျော်စရာအမှတ်တရတွေကိုချည်း ပေးခဲ့တဲ့အဖွဲ့။ ဘ၀မှာ ပျော်စရာအကောင်းဆုံးနဲ့ အတက်ကြွဆုံး အချိန်ကို ထောက်ပြပါဆိုရင် နံပါတ်၇ နဲ့တူတူရှိနေတဲ့အချိန်ကို ထောက်ပြစရာကျန်နေအောင် ရခဲ့တဲ့ ကျွန်မအတွက် အကောင်းဆုံး လက်ဆောင်တစ်ခု။

if i die now, …

အလွန်အမင်း ပူပြင်းခြောက်သွေ့လျက် အေးအောင်လုပ်ပေးနိုင်သည်ဆိုသော ကိရိယာပင်လျှင် လျှပ်စစ်မီးချို့ယွင်းချက်ကြောင့် အေးမြခြင်းငှာ မစွမ်းဆောင်နိုင်သော အနှီတခုသော နေ့လယ်ခင်းတစ်ခုတွင် အကျွန်ုပ်သည်လည်း အများသူငါ ကြည့်မြင်ခြင်းငှာ မစွမ်းနိုင်သော ချောင်တစ်ချောင်တွင် ကပ်နိုင်သမျှ ကုတ်ကပ်ထိုင်နေချိန်။ ကျွန်ုပ်၏ရှေ့မှောက်တွင်ကား ကိုးနတ်ရှင် ကြွတချက် မကြွတချက် ဖြစ်လတ္တံ့သော လယ်တောတစ်လုံးချလျက် ဟိုသည်ကို ဆည်းပူးလေ့လာသယောင် ဤသည်ကို စေ့ငုသုံးသပ်သယောင်သော အမှုကိုပြုလျက် ကိုးနတ်ရှင် ကြွလာလို ကြွလာငြား လုပ်ဆောင်ချက်ခလုတ်များစွာထဲမှ ပြန်လည်သစ်ဆန်းမှုခလုတ်တစ်ခုကို တွင်တွင်နှိပ်လျက် ရှိနေတော့ချေသည်တည့်။

အေးဆေးငြိမ်သက်စွာ နေနိုင်ခြင်းဘက်၌ ပါရမီအခံနည်းပါးရှာသော ကျွန်ုပ်သည် စဉ်းငယ်ခန့်မျှသော အချိန်၌ပင် ပျင်းရိငြီးငွေ့လာလျက် မည်သူ့အား နှောင့်ယှက်ရသော် သင့်တော်လေအံ့ဟု ၀ဲယာ ဘေးဘီအား ရှုစားလတ္တံ့လေလျှင်။ မိန့်မိန့်အိန့်အိန့်ကြီး ထိုင်လျက် မွေးမြူရေးလုပ်ငန်း၌ အာရုံဝင်စားနေအံ့သော၊ ထွန်ယက်စိုက်ပျိုးဖြင်းဖြင့် ပျော်မွေ့လျက်ရှိသော၊ မုန့်ဖုတ်ခြင်းလုပ်ငန်းကို တွင်တွင်ကြီး ချဲ့ထွင်လျက်ရှိသော အပေါင်းအသင်းရောင်းရင်းများကို မြင်ချေသည် ဟူလို။ အနှီတွင်ပင် ကျွန်ုပ်၏ ခေါင်းထဲ၌ အနီရောင်၊ အနက်ရောင် ရောနှောလျက် တောက်ပသော အတွေးအမျှင်တချို့ လင်းလက်လာချေသတည်း။ အကြင်သူတို့အား ဒုက္ခပေးတော့အံ့။

ယခုလက်ငင်း ကျွန်ုပ်သေလွန်သွားခဲ့သော် အဆွေတို့ မည်ရွေ့မည်မျှကာလအထိ ကျွန်ုပ်အား သတိရနေမည်နည်း။ ကျွန်ုပ်၏ ရုပ်ခန္ဓာ မြှုပ်နှံရာသို့ အခေါက်အခါမည်မျှ သင်လာဖြစ်မည်ဟု ထင်သနည်း။ တို့နှယ် ဤနှယ် သို့နှယ် သည့်နှယ် အမေးများအား ကံဆိုးရှာသော ကျွန်ုပ်၏ ရောင်းရင်းများထံ ပို့လွှတ်၍ အနှီတို့၏ ငြိမ်းချမ်းခြင်းအား ဖျက်ဆီးချေပြီတမုံ့။ အကြင်သူတို့သည် ကျွန်ုပ်အား သတိမရ၊ ချက်ချင်းမေ့ပါမည်ဟု ဖြေလတ္တံသော် ကျွန်ုပ်၏ အမျက်ချောင်းချောင်းထွက်ခြင်းကို ခံရလတ္တံ့။ အစဉ်အမြဲ နစ္စဒူဝ အမှတ်ရနေမည် ဆိုပါလျှင်လည်း ဖြစ်နိုင်ချေမရှိသော အဖြေကိုပေး၏ဟု ကျွန်ုပ်၏ ရစ်ခြင်း ဂျီခြင်းကို ခံရလတ္တံ့။ မျက်မှောက်ကာလကဲ့သို့သော မြေကြီးများ ရှားပါးလာရာ ခေတ်ကြီးထဲတွင် အသုံးမကျတော့သော ရုပ်ခန္ဓာအတွက် ဘယ်ပုံဘယ်နည်းနှင့် လေးပေ ခြောက်ပေဟူသော ကြီးမားကျယ်ပြန့်သည့် ကျင်းကြီးတစ်ကျင်းရနိုင်အံ့။ အလုံးစုံကို လောင်ကျွမ်းခြင်းဖြင့်သာ အဆုံးသတ်ရပေမည် မဟုတ်ပါတကား။ သို့ကြောင့် မြှုပ်နှံရာ အရပ်ဒေသသို့ မည်ရွေ့မည်မျှ လာရောက်ပါမည်ဟုဆိုခဲ့ချေသော် မဟုတ်မမှန်သော စကားကိုဆိုသည်ဟူသော ထောင်ချောက်သို့ အကြင်တို့ သက်ဆင်းရလတ္တံ့။

ခြေခြေမြစ်မြစ် တိတိကျကျ ဆိုရလေသော် အနှီယခုပင်သေလွန်ခဲ့သော် ဟူသော မေးခွန်းကား ယခုမှ ချောက်ချနှောင့်ယှက်လို၍ ထွက်လာသော မေးခွန်းကား မဟုတ်ပါချေ။ ရှေးမဆွကပင် အကျွန်ုပ်၏ စိတ်သန္တန်၌ စွဲထင်ကပ်ငြိလျက်ရှိသော အမေးပင်ဖြစ်ချေ၏။ လူဆိုသည်ကား တချိန်ချိန်၌ သေလွန်ရမည်။ အကြင်သူ တဦးတယောက်မှ ရှောင်လွဲခြင်းငှာ မစွမ်းသာ ဟူလို။ အသို့သော် မွေးပြီးနောက် နှစ်သုံးဆယ်ပင် မပြည့်မီ လက်ငင်းချက်ချင်း ဖြုတ်ခနဲ သေလွန်သည်ရှိသော် အရွယ်ကောင်းစဉ် ကြွေလွင့်ရှာသည်ဟု စုတ်တသပ်သပ် ရှိချေမည်မှာ မလွဲ။ လက်ခမောင်းထခတ်သူလည်း မရှိဘူးဟု ပြောနိုင်ပါမည်လော။ ထင်ရှားကျော်ကြားသူများကို အသာထား၊ ကျွန်ုပ်ကဲ့သို့သော လူသာမန်ပါမွှားကလေး သေလွန်လေလျှင်ပင် မျက်ရည်လည်ရွဲဝမ်းနည်းမည့်သူမရှားသကဲ့သို့ ပြုံးထေ့ထေ့ လုပ်မည့်သူလည်း ရှိပေလိမ့်မည်။ အကြင်သူအားလုံးသည် ကျွန်ုပ်ဟူသော အမည်နာမကို မည်ရွေ့မည်မျှ အမှတ်ရနေကြမည်နည်း။

ယထာဘူတကျကျ စေ့ငုသုံးသပ်သော် ကိစ္စများမြောင်လူတို့ဘောင် ဟုဆိုလတ္တံ့သော လူ့ဘောင်လောကတွင် ရှင်သန်ကျန်ရစ်သူတစ်ယောက်သည် သေလွန်သူ တစ်ဦးတစ်ယောက်အား စက္ကန့်မလပ် အမှတ်ရတမ်းတနေရန် ဟူသည်မှာ ဖြစ်နိုင်ချေရာနှုန်း အလွန်နည်းပါးသော အမှုပင် ဖြစ်ချေသည်။ မေ့လျော့လိုက်သည်ဟု မဆိုနိုင်သော်ငြား အကြောင်းတစုံတခု၊ အဖြစ်အပျက်တစုံတရာ၊ နေ့ရက်တချို့တလေ တိုက်ဆိုင်မှသာ ပြန်ပြောင်းအောက်မေ့လာသည်သာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်လေ၏။ အသို့ဆိုသော် ကျွန်ုပ်မှသာ ထူး၍ ကျွန်ုပ်သေလွန်သော် ကျွန်ုပ်အား တစိုက်မတ်မတ် သတိရတမ်းတနေရန် အလိုရှိသည်လော။ လားလားမျှ မသက်ဆိုင်ပါလေ။ ကျွန်ုပ်၏ အမည်နာမကို မြည်တမ်းလျက် တငိုငိုတရယ်ရယ် ဖြစ်နေမည့် အကြင်သူ တစ်ဦးတစ်ယောက်ကိုမျှ အလိုမရှိပါပေ။ သို့ဖြစ်ပါလျက် ဘဇာကြောင့် အထက်ပါကဲ့သို့ အမေးမျိုးတွေးမိအံ့နည်း။ မေးမိအံ့နည်း။

မှန်ပေ၏။ ကျွန်ုပ်သည် အရွယ်မလွန်ခင် သေလွန်ခဲ့သည်ရှိသော် ကျန်ရစ်သူတို့ မည်သို့ တွေးတောပြုမူကြမည်ကို အလွန်အမင်း သိချင်သော စိတ်ဆန္ဒပြင်းပြပေသည်။ ဖြစ်နိုင်ချေရှိသည် ဖြစ်သင့်သည် မဖြစ်သင့်သည် အပထား၊ တမလွန်သို့ ခရီးမနှင်မီ အချိန်သုံးရက်ခန့် လိုချင်လှပေသည်။ အနှီသုံးရက်အတောအတွင်း ကျွန်ုပ်သွားလို၊ တွေ့လိုသူတို့အား တိတ်တဆိတ် ကြည့်ရှုလျက် အကြင်သူတို့ မည်သို့ပြုမူသည်ကို သိလိုလှပေသည်။ နောင် တစ်နှစ်ခန့်ကြာသောကာလတွင်လည်း တိတ်တဆိတ်ပြန်လာ၍ ထိုသူတို့အား တဖန်ကြည့်မြင်လိုလေချေသည်တည့်။ အထူးအနေနှင့် ကျွန်ုပ်၏ မွေးချင်းပေါက်ဖော် အစ်ကိုတော် နှစ်ယောက်အား အလွန်တရာ စောင့်ကြည့်လိုလှသည်။ ဘဇာကြောင့်ဆိုသော် အကြင်သူနှစ်ဦးသည် ကျွန်ုပ်သေလွန်သည် ရှိသော် ငါတို့နှင့် ကွန်ပျူတာလုရာ၊ ရုပ်ရှင်လုကြည့်ရာ၊ ငါတို့ အ၀တ်အစား အသုံးအဆောင်များအား မျက်စောင်းထိုးရာ၊ ငါတို့အား အပြစ်မရှိအပြစ်ရှာ ပွစိတိုက်ရာ၊ ငါတို့အပြစ်မြူမှုန်မျှအား ဟိမ၀န္တာသဖွယ် ပြောဆိုတိုင်တောရာ သတ္တ၀ါတစ်ကောင် မရှိလေတော့ ဟူ၍ ပွဲလမ်းသဘင်ပင် ၀ှဲချီးကျင်းပနေမည်လားဟု သံသယ၀င်မိသောကြောင့်ပင် ဖြစ်ချေသည်တည့်။ မည်သို့ပင်ဆိုစေကာမူ အနှီကား အသုံးမ၀င် အဆင်မပြေသော ချင်ခြင်းပင် ဖြစ်လေသည်တမုံ့။

ဤသို့ ဤနှယ်တွေးတောနေခြင်းကို စေ့ငု၍ ကျွန်ုပ်သည် သေခြင်းတရားကို ကြောက်ရွံ့ခြင်းအလျဉ်းမရှိ ငံ့လင့်နေသည်ဟု ထင်မြင်က မှားချေမည်တည်း။ ဘွင်းဘွင်း ရှင်းရှင်း ဖွင့်ဟရသော်.. ကျွန်ုပ်သည်ကား ကားလမ်းကူးရင်း ကားတိုက်ခံရမည်ကို ကြောက်ပေ၏။ လေယာဉ်စီးရင်း လေယာဉ်ပျက်ကျမည်ကို ကြောက်လေ၏။ ရေထဲဆင်းရင်း ရေနစ်မည်ကို ကြောက်လေ၏။ မီးခလုတ်ဖွင့်ရင်း ဓါတ်လိုက်ခံရမည်ကို ကြောက်လေ၏။ ကွင်းခေါင်ခေါင်တွင် မိုးကြိုးပစ်ခံရမည်ကို ကြောက်လေ၏။ လေဆင်နှာမောင်းထဲ လွင့်ပါသွားမည်ကို ကြောက်လေ၏။ အစားစားရင်း စားပို့နင့်မည်ကို ကြောက်လေ၏။ မတည့်သောအစာများ အတူတွဲစား၍ အစာအဆိပ်သင့်မည်ကို ကြောက်လေ၏။ လမ်းသွားရင်း လူမှားဓါးထိုးခံရမည်ကို ကြောက်လေ၏။ လမ်းကြိုလမ်းကြား လမ်းလျှောက်နေရင်း တိုက်ပေါ်မှ ပန်းအိုး ပြုတ်ကျမည်ကို ကြောက်လေ၏။ ခွေးရူးအကိုက်ခံရမည်ကို ကြောက်လေ၏။ ခြေချော်ပြုတ်ကျ၍ ကျောက်တုံးနှင့်ခေါင်းရိုက်မိမည်ကို ကြောက်လေ၏။ မမြင်မစမ်းသွားရင်း မြောင်းထဲကျမည်ကို ကြောက်လေ၏။ အဆုံးစွန်သော် ရေသောက်ရင်း ရေသီးမှာကိုပင် ကြောက်လေတော့သည်ဟူသတည်း။ ။

(ပိတ်ရက်သုံးရက်တွင် ဂျက်ကွမ်းခြံကုန်း၏ ဘုတ်အုပ်စာပေများအား တွင်တွင်ကြီး ဖတ်ရှုပြီးသကာလ ထိုသို့နှင်နှင် စာမျိုးရေးကြည့်ရသော် သင့်တော်လေအံ့ဟု မတန်မရာ တွေးတောလျက် ဤစာပိုဒ်အား ရေးခြစ်မိလေတော့သတည်း။ ဤကား စကားချပ်)

ခေတ်လူငယ်များနှင့် ခေတ်ပေါ်ရောဂါ

တနေ့က ကျွန်မ gmail status message မှာ “စိတ်ဓါတ်အ၀ီစိထိရောက်နေပါသည်.” လို့တင်ထားမိတယ်။ တကယ်လည်း ကိုယ့်ကိုယ်ကို ဒေါသထွက်၊ အပြစ်တင်၊ အားမလိုအားမရဖြစ်ရင်း မုန်းတဲ့အဆင့်ရောက်လာလို့ Fall in Hell ဆိုတဲ့ပို့စ်လေးတောင် ရေးဖြစ်ပါရောလား။ ကျွန်မက ကျွန်မတစ်ယောက်လည်း အလိုမကျဖြစ်နေတယ် မှတ်တာ။ ဘယ်ဟုတ်ပါ့မလဲ။ တခြားမကြည့်နဲ့ gmail status message တွေမှာတင် စိတ်ဓါတ်ကျသံပါတဲ့ message တွေပုံလို့။ online မှာလည်း ဟိုလူက စိတ်တွေလေ၊ ဒီလူက စိတ်တွေလွင့်နဲ့။ ခေါင်းကိုက်ရတာနဲ့၊ မျက်မှောင်ကြုတ်ထားရတာနဲ့။ အမြင်ပုံစံအရတော့ ကျွန်မတို့အားလုံး ရယ်မောပျော်ရွှင်နိုင်နေသေးတာပဲ။ ဒါပေမယ့် ရယ်မောနေတာနဲ့အတူ အလိုမကျခြင်းတွေက တွဲပါနေကြတယ်။ ဘာလို့များပါလိမ့်။

ဒီခေတ်ကြီးထဲမှာ အသက်ရှင်နေရတဲ့ ကျွန်မတို့မှာ လိုချင်တာတွေ၊ ဖြစ်ချင်တာတွေ သိပ်များလာတာကိုး။ လူဆိုကတည်းက လိုချင်တာတွေ၊ ဖြစ်ချင်တာတွေနဲ့ တွဲနေတာပါပဲ။ ခုခေတ်ထဲမှာက ပိုများလာတာပဲ ရှိတယ်။ ရည်မှန်းချက်တွေ သိပ်ကြီးလာကြတယ်။ အမြင်တွေပွင့်လာကြတယ်။ သူများတော်တာတွေကို မြင်လာကြတယ်။ အားကျလာကြတယ်။ ဖြစ်ချင်လာကြတယ်။ နောက်ကျန်ခဲ့ရမှာ ရှက်တတ်လာကြတယ်။ ကိုယ်ကိုယ်တိုင်တော့ သိပ်ပြီး ရည်မှန်းချက်တွေ မရှိဘူးဆိုဦးတော့ အဲဒီလို ဖြစ်နေတဲ့ အသိုင်းအ၀ိုင်းကြားရောက်ရင် အလိုလိုရောပါသွားရပြန်ရော။ သူများတွေ ဒါလုပ်တတ်တယ်။ ငါကမတတ်ဘူး။ အဲဒီလိုဆိုရင် အားငယ်လာရော။ သူများတွေ ဒီလိုဖြစ်တယ်။ ငါဘာလို့ မဖြစ်ရမှာလဲ။ အဲဒီလိုဆိုပြန်တော့ မအေးချမ်းနိုင်ပြန်တော့ဘူး။ ခုခေတ်ကြီးမှာကလည်း အလုပ်ထဲမှာလည်း အလုပ်ထဲမှာမို့၊ ပညာရေးလည်း ပညာရေးမို့၊ နေရာအစုံမှာ လိုက်လို့မကုန်၊ လိုချင်လို့ကိုမဆုံးနိုင်ကြဘူး။

သူများနဲ့မယှဉ်နဲ့၊ ကိုယ့်ကိုယ်ကိုနဲ့ပဲယှဉ်ဆိုတဲ့စကားလေးက ဟိုးအရင်ကတည်းက ကျွန်မတို့ကြားဖူးပြီးသား၊ သိဖူးပြီးသားပါ။ ကျွန်မတို့ မေ့မေ့နေကြတာပါ။ မမေ့ဘဲ ခံနိုင်ရိုးလား။ ကိုယ့်မျက်စိရှေ့မှာ သူများတွေ တော်နေ၊ ကျော်နေတာတွေ မြင်နေရ၊ ကြားနေရတယ်လေ။ အားကျနေရတယ်လေ။ သူနဲ့မယှဉ်ပါဘူးဆိုရင်တောင် အားကျရာကနေ အလိုလိုယှဉ်မိသလို ဖြစ်သွားရော။ သူများတွေကိုကြည့်ရင်း အားကျရာကနေ အားငယ်လာရော၊ စိတ်ဓါတ်ကျလာရော။

ကျွန်မတို့ နည်းနည်းလောက် လှည့်စဉ်းစားကြည့်ကြမယ်။ မနေ့ကကျွန်မနဲ့ ဒီနေ့ကျွန်မဘာကွာလဲ။ လွန်ခဲ့တဲ့နှစ်ကနဲ့ ဒီနှစ်ကနဲ့ ဘာတွေများပိုတတ်လာပြီလဲ။ ဘာတွေများတိုးတက်လာပြီလဲ။ သူများတော်လာတာ မကြည့်ဘဲ ကိုယ့်ဘာသာပဲ ကြည့်ကြည့်ရအောင်။ ကျွန်မထင်ပါတယ်။ ကျွန်မတို့တွေ နည်းနည်းလေးတော့ မတိုးတက်လာပဲ မနေပါဘူး။ ဒါပေမယ့် အဲဒါကလည်း ဒီလောက်အခြေအနေနဲ့က ဒီလောက်ပဲ တိုးတက်စရာလား။ တွန်းလို့ ရွေ့တာလား။ တွန်းပေးတဲ့အရှိန်ကိုရော အသုံးချဖြစ်ရဲ့လား။ ပြန်စဉ်းစားရပါဦးမယ်။ အဲဒီလိုကျရင် “ဟင်.. ငါအများကြီးဖြစ်လာသင့်ရက်သား”နဲ့ ဆိုတာမျိုး ကိုယ်အသုံးမကျခဲ့တာတွေ မြင်လာဦးမယ်။ မြင်ကိုမြင်မှာ။ လူဆိုတာမျိုးကလည်း မရခင်ကသာ 50ရရင်တော်ပြီ။ ဟော.. 50လည်းရပြီးရော ငါ 100ရရမှာဆိုတဲ့စိတ် ဖြစ်သွားရော။ လိုချင်တာတွေ၊ ဖြစ်ချင်တာတွေလည်း ခဏခဏ ဖြစ်ဖူး၊ ရဖူးကြတာပဲ။ အဲဒီအချိန်လည်း ပျော်ဖူးကြတာပဲ။ ဒီကြားထဲ မတင်းမတိမ်နဲ့ ခဏခဏလည်း စိတ်ဓါတ်ကျနေကြတာပဲ။ ဒီတော့ မရောင့်ရဲနိုင်သရွေ့ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိဦးမှာပဲ။

ရှိသေးတယ် နောက်တမျိုး။ ဒီခေတ်ကြီးမှာ ကျွန်မတို့အားလုံးက အလုပ်လည်းလုပ်ရ၊ ဟိုသင်တန်းဒီသင်တန်းလည်း ပြေးတက်ရနဲ့။ ခန္ဓာကိုယ်က ခံနိုင်သ၍ မနားနိုင်ဘဲ နေကြတယ်။ တဖြည်းဖြည်းနဲ့ စိတ်ကို အနားပေးတဲ့အချိန် ရှားပါးလာတယ်။ ပစ္စည်းတောင် ကုန်တတ်သေးတာပဲ။ စိတ်လည်း ပင်ပန်းလာတော့ အရည်အသွေးတွေလည်း ကျလာတယ်။ အလိုလို စိတ်တိုလာတယ်။ စိတ်တွေလေလာတယ်။ လွင့်လာတယ်။ အလိုမကျဖြစ်လာတယ်။

ကဲ.. သူများနဲ့လည်း မယှဉ်ဘူး။ တော်ပြီ ကိုယ်ရသရွေ့လေးနဲ့ပဲနေတော့မယ်။ နားနားနေနေပဲ။ အဲဒီလိုဆိုရင်ရော။ ဒီခေတ်ကြီးထဲမှာ အသက်ရှင်ဖို့တောင် ခက်သွားဦးမယ်။ ဘယ်ရမလဲ။ အောက်ဆုံးမှာ ပြားပြားလေး ဖြစ်နေမှာပေါ့။ ကြိုးစားကို ကြိုးစားရမယ်။ ရုန်းကို ရုန်းကန်ရမယ်။ ဟော.. ဟော.. အပေါ်ကအဆင့်တွေ ပြန်ရောက်ပြန်သွားပြီ။ ဒါကြောင့်ပြောပါတယ်။ ခေတ်ရောဂါပါလို့။ ရေပန်းအစားဆုံး ခေတ်ရောဂါပါဆို။ ကျွန်မတို့က ဒီလိုခေတ်မှာမှ လူဖြစ်နေကြတာကိုး။ ဒီတော့…….

ခင်ဗျားချည်းပဲ စိတ်ဓါတ်ကျတယ် မထင်ပါနဲ့။ ခင်ဗျားချည်းလည်း ပင်ပန်းတယ် မထင်ပါနဲ့။ ခင်ဗျားချည်းပဲ အလိုမကျတယ် မထင်ပါနဲ့။ ခင်ဗျားချည်းပဲ အသုံးမကျဘူး မထင်ပါနဲ့။ ကျွန်တော်တို့လည်း တူတူပါပဲ။

JLPT

JLPT (Japanese Language Proficiency Test)

Japan Educational Exchange & Services (JEES) မှကြီးမှူးကျင်းပသောဂျပန်စာ အရည်အချင်းစစ် စာမေးပွဲဖြစ်ပါသည်။ mother language ဂျပန်မဟုတ်သော လူတိုင်းအတွက်ရည်ရွယ်သော စာမေးပွဲဖြစ်ပါသည်။ JLPT စာမေးပွဲကို 1984 မှာစတင်ခဲ့ပြီး၊ နိုင်ငံပေါင်း 15နိုင်ငံတွင် ဖြေဆိုသူပေါင်း 7,000လောက်ဖြင့်သာ စတင်ကျင်းပခဲ့သည်။ 2005ခုနှစ်တွင်မူ နိုင်ငံပေါင်း 50တွင် ဖြေဆိုသူပေါင်း 350,000အထိတိုးတက်လာခဲ့သည်။

JLPT စာမေးပွဲတွင် အဆင့်လေးဆင့်ရှိသည်။ အခြေခံမှာ level 4 ဖြစ်ပြီး၊ အမြင့်ဆုံး level 1 ဖြစ်သည်။ ယင်းစာမေးပွဲကိုတစ်နှစ်လျှင် တစ်ကြိမ် ဒီဇင်ဘာလတွင် ကျင်းပလေ့ရှိသည်။ (ယခုအခါ တရုတ်၊ ကိုရီးယား စသည့် အချို့သောနိုင်ငံများတွင်မူ တစ်နှစ်လျှင်နှစ်ကြိမ်ကျင်းပလျက်ရှိသည်။) ဂျပန်နိုင်ငံသာမက ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ် နိုင်ငံများသည်လည်း JLPT ဖြေဆိုသူအများဆုံး နိုင်ငံများအဖြစ် နှစ်စဉ် စံချိန်တင်လျက်ရှိပါသည်။

Level 1 အဆင့်အောင်မြင်ပြီးသူသည် ကျွမ်းကျင်အဆင့်ဖြစ်၍ ဂျပန်လူ့အဖွဲ့အစည်းတွင် ၀င်ဆံ့နိုင်သော အဆင့်ဖြစ်သည်။ Level 2 အဆင့်သည် ဂျပန်စကားဖြင့် ပြောဆို၊ ရေး၊ ဖတ်နိုင်သောအဆင့်ဖြစ်သည်။ Level 3 သည် beginner course ကိုပြီးဆုံးသောအဆင့်ဖြစ်၍ နေ့စဉ်သုံးဂျပန်စကား (အခြေခံဂျပန်စကား)ကို ပြောဆို၊ ရေး၊ ဖတ်နိုင်သောအဆင့်ဖြစ်သည်။ အောက်ဆုံးအဆင့် Level 4 သည် ရိုးရှင်းသော နှုတ်ဆက်စကားလောက်ကို ပြောဆိုနိုင်၍ beginner course တ၀က်ပြီးဆုံးသော အခြေအနေဖြစ်သည်။

Level အားလုံးမေးခွန်းပုံစံမှာ တူညီ၍ ခက်ခဲမှုသာ ကွာခြားပါသည်။ ဖြေဆိုရာတွင် အပိုင်း()ပိုင်းပါဝင်၍ စုစုပေါင်းအမှတ်(400)ဖြစ်ပြီး Levle 4,3,2 အတွက် အမှတ်(240)(60%) Level 1 အတွက် အမှတ်(280)(70%) သည်အောင်မှတ်ဖြစ်သည်။ အပိုင်း()သည် Vocabulary ဖြစ်ပြီး၊ အမှတ်(၁၀၀)ဖြစ်သည်။ အပိုင်း()မှာ Listening ဖြစ်၍ အမှတ်(၁၀၀)ဖြစ်သည်။ နောက်ဆုံး အပိုင်း()မှာ Grammer နှင့် Reading ပိုင်းဖြစ်ပြီး၊ အမှတ်(၂၀၀)ဖြစ်သည်။ မေးခွန်းအားလုံးသည် multiple choice ပုံစံဖြစ်၍ အသင့်လျော်ဆုံးအဖြေကို ရွေးချယ်ရခြင်းဖြစ်သည်။

/* ယနေ့သည် ၂၀၀၈ခုနှစ် ဒီဇင်ဘာလ()ရက်နေ့တွင် ဖြေဆိုထားသော JLPT စာမေးပွဲအောင်စာရင်းထွက်သောနေ့ ဖြစ်ပါသည်။*/

ကြိုးစားမယ်။ ကြိုးစားစို့။ ကြိုးစားစမ်း။

ကြိုးစားမယ်။ ကြိုးစားစို့။ ကြိုးစားစမ်း။ ဒီစကားလုံးလေးတွေဟာ
ကျွန်မတို့တွေ အမြဲလိုလို ပြောနေကျ၊ အပြောခံနေကျရတဲ့ စကားလေးတွေ
မဟုတ်ပါလား။ ကိုယ့်ကိုယ်ကို အားပေးတဲ့စကား၊ သူများကိုအားပေးတဲ့စကား၊
ကိုယ့်ကိုအားဖြစ်စေတဲ့စကား အဲဒီလိုပဲ သတ်မှတ်ထားပါတယ်။ 1996ခုနှစ်ထုတ်
ဂျပန်သတင်းစာတစ်စောင်ရဲ့ ဆောင်းပါးတစ်ပုဒ်မှာပါတဲ့ အကြောင်းအရာလေးကတော့
စိတ်ဝင်စားစရာကောင်းပါတယ်။

ကြိုးစား ဆိုတဲ့စကားလုံးကို မတိကျ မရေရာတဲ့ စကားလုံးလို့ ဆိုထားပါတယ်။
လူသားတိုင်းဟာ ပင်ကိုယ်အားဖြင့် ကြိုးစားမယ်လို့ မပြောလည်း
ကြိုးစားပြီးသားဖြစ်ပါတယ်။ ကြိုးစားမယ်လို့ ထုတ်ပြောလိုက်ပြီဆိုရင်တော့
ပြောင်းပြန်အနေနဲ့ စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားမှုဒဏ်တွေကြောင့်
တကယ့်အရည်အချင်းကို မပြနိုင်ဘဲ ကျေနပ်လောက်တဲ့ရလဒ်တွေမရနိုင်တာက
ပိုများတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လူသားတွေဟာ
ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် သူများကိုပဲဖြစ်ဖြစ် ကြိုးစားပါ့မယ်
ဆိုတာမျိုး၊ ကြိုးစားကြစို့ ဆိုတာမျိုး၊ ကြိုးစားစမ်းပါ ဆိုတာမျိုး
မကြာခဏအသုံးပြုနေကြပါတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် အဲဒီစကားလုံးလေးဟာ
တော်တော့်ကို မရောရာတဲ့ စကားလုံးပါတဲ့။

ဥပမာပေးထားတာကတော့ မွေးရာပါ ခြေထောက်မသန်စွမ်းတဲ့ သူတစ်ယောက်ဟာ
“ခြေထောက်ကမသန်ပေမယ့်လည်းကြိုးစားပါနော်” လို့အမြဲတစေပြောခြင်းခံရပါတယ်။
အဲဒီစကားရဲ့နောက်ကွယ်မှာ ခြေထောက်မသန်ခြင်းဟာ ဆင်းရဲဒုက္ခတစ်ခု
ဖြစ်တယ်ဆိုတာကို သတိပေးနေသလိုပါပဲ။ သူ့အတွက်ကတော့ ခြေထောက်မသန်ပေမယ့်လည်း
မွေးကတည်းကပါတဲ့ အဲဒီခြေထောက်နဲ့ပဲ အဆင်ပြေနေပါတယ်တဲ့။
နောက်ဥပမာတစ်ခုက ကလေးတစ်ယောက်ကို သူ့ရဲ့ဆရာက အမြဲတစေ ကြိုးစားစမ်း
လို့ပြောလေ့ရှိပါတယ်တဲ့။ အဲဒီကလေးရဲ့ခံစားချက်ကတော့
သူအမြဲတမ်းကြိုးစားနေပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ ဘယ်လိုပဲ လုပ်ပေမယ့်
ကြိုးစားစမ်းဆိုတာချည်းပဲ အပြောခံနေရပါတယ်။ ဆရာက အားပေးတာ ဖြစ်ပေမယ့်လည်း
ကြိုးစားစမ်းဆိုတာ ဘယ်လောက်အထိ ဘယ်အတိုင်းအတာအထိလည်းဆိုတာ
ရှင်းရှင်းလင်းလင်းကို မပြသနိုင်ပါဘူး။

ကြိုးစားမယ် လို့ပြောမိရင် ဘယ်နေရာကမှန်းမသိ သုတ်သုတ်ပျာပျာခံစားချက်
ဖြစ်လာပါတယ်။ ကြိုးစားစမ်း ဆိုတာကလည်း တခါတလေကျရင် ညှာတာစိတ်မရှိ
ရက်စက်တဲ့ ပဲ့တင်သံတစ်ခု ဖြစ်သွားတတ်ပါတယ်လို့ ဖော်ပြထားပါတယ်။

Love and Me

အချစ်။ ပိုင်ဆိုင်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ ပေးဆပ်ခြင်း၊ ရယူခြင်း၊ အဓိပ္ပါယ်ပေါင်းများစွာ။ ကျွန်မအတွက်တော့ အချစ်ဆိုတာ ခပ်ဝေးဝေးက ကြယ်တစ်ပွင့်သာ ဖြစ်ပါသည်။

ဆယ်ကျော်သက်အချိန်မှာ ကြုံဆုံခဲ့ရတဲ့ အချစ်တွေဟာ ရင်ခုန်စရာအကောင်းဆုံး၊ အဖြူစင်ဆုံး၊ မမေ့နိုင်ဆုံး၊ တန်ဖိုးအရှိဆုံးလို့ ဆိုစမှတ်ရှိကြပါသည်။ ကျွန်မအတွက်ရော.. အဲဒီအချိန်က ကျွန်မဘာလုပ်နေခဲ့ပါလိမ့်။ ရင်ခုန်သယောင် ရှိဖူးကောင်းရှိဖူးခဲ့လိမ့်မည်။ သေချာတာကတော့ ၀မ်းနည်းစရာကောင်းလှစွာ ကျွန်မမှာ အမှတ်ရစရာ ဆယ်ကျော်သက်ဇာတ်လမ်းမျိုးရှိမနေပါ။

တော်ရုံတန်ရုံ အစွမ်းအစလောက်နဲ့ အချစ်ဆိုသော အရာသည် ကဗျာများ၊ စာများ၊ သီချင်းများ၊ နေရာတိုင်းတွင် နေရာယူနိုင်မည်မဟုတ်ပါ။ အမှန်တကယ်အစွမ်းထက်မည်မှာ သေချာပါသည်။ ထိုအချစ်ကြောင့်ပင် အောင်မြင်တတ်ကြသည်။ ထိုအချစ်ကြောင့်ပင် ကျရှုံးတတ်ပါသေးသည်။ အဆိုများအရ ချိုမြိန်မှု၊ ခါးသီးမှု၊ ပျော်ရွှင်မှု၊ နာကျင်မှု ဆန့်ကျင်ဘက်အရသာ တော်တော်များများကို ပေးစွမ်းတတ်ပါသေးသည်။ အချစ်ဆိုတာ ဘ၀တစ်ခုလုံးမဟုတ်ပေမယ့် အရေးကြီးဆုံး အစိတ်အပိုင်းထဲတွင် ပါဝင်မည်မှာသေချာပါသည်။

မည်သို့ပင်ဆိုစေ ကျွန်မအတွက်ကတော့ အချစ်ဆိုသည်မှာ အနားပင် မသီနိုင်သော အရာမျှသာဖြစ်ပါသည်။ ရင်ခုန်ခြင်း၊ လွမ်းမောခြင်း အစရှိတဲ့ ခံစားချက်အားလုံးသည် အချစ်ဆိုသောအရာနှင့်တွဲဖက်ပစ္စည်းများဖြစ်သည်ဟု ဆိုသော်လည်း ကျွန်မအတွက် အချစ်နဲ့ တွဲလျက်ပါသည်က တစ်မျိုးတည်းသာ ရှိပါသည်။ ထိုအရာသည် ငေးကြည့်ခြင်းသာဖြစ်ပါသည်။ အချစ်ကို ကျွန်မအနားရောက်လာစေရန် မဖိတ်ခေါ်ဖူးပါ။ သူ့အလိုအလျောက်လည်း တံခါးလာမခေါက်ဖူးပါ။ သူဘာသာနေ၍ ကျွန်မဘာသာ ဝေးဝေးက ငေးကြည့်ခြင်းသာ ဖြစ်ပါသည်။ အားကျစွာဖြင့်လည်း ငေးကြည့်ဖူးပါသည်။ စိတ်ပျက်လက်ပျက်ဖြင့်လည်း ငေးကြည့်ဖူးပါသည်။ ငေးကြည့်ရုံမှတပါး ဘာကိုမှ မလုပ်ချင်ပါ။ ယခုအတိုင်းသာ ငေးရုံငေးချင်ပါသည်။

ထို့ကြောင့် ကျွန်မအတွက် အချစ်သည် ခပ်ဝေးဝေးတွင် တောက်ပနေသော ကြယ်တစ်ပွင့်သာ ဖြစ်ပါသည်။