အချစ်ဆိုတာ

အချစ်ဆိုတာ.. စိတ်ရှည်လက်ရှည်ရေးထားပြီးမှ မလိုတော့လို့ commentပိတ်ချလိုက်ရတဲ့အရာ။

အချစ်ဆိုတာ.. တကြောင်းတည်းနဲ့ပြီးမယ့်function ရှိတာ နားမလည်ဘဲ loopingမျိုးစုံပတ်ပြီး ရေးနေမိတဲ့အရာ။

အချစ်ဆိုတာ.. ပြန်ထွက်မယ့် conditionမေ့ကျန်နေလို့ endless loopဖြစ်မှန်းမသိ ဖြစ်နေတဲ့အရာ။

အချစ်ဆိုတာ.. exceptionတွေ မတရားဖမ်းထားမိလို့ လိုရင်းကို handleမလုပ်နိုင်တော့တဲ့အရာ။

အချစ်ဆိုတာ.. private, public, protected စသဖြင့် သဲသဲကွဲကွဲ မသိဘဲ ဇဝေဇဝါ declaration လုပ်ခဲ့တဲ့အရာ။

အချစ်ဆိုတာ.. မလိုအပ်ဘဲ parameterတွေ ပွထနေအောင် လှမ်းပို့မိတဲ့အရာ။

အချစ်ဆိုတာ.. performanceကောင်းအောင် ပြင်ရင်း ပြင်ရင်း Editထပ်လိုပြီဆို ဘယ်နားထိရမှန်း နားမလည်တော့တဲ့အရာ။

အချစ်ဆိုတာ.. ဖြုတ်လိုက်တပ်လိုက် requirements တွေကြား ဖာရာထေးရာ အထပ်ထပ်နဲ့ အထိမခံတော့တဲ့အရာ။

ဒီလိုပါပဲ…

တချို့များ ပြောပါတယ်။ 「အသုံးချခံခဲ့ရတာ」တဲ့။ 「အဖြည့်ခံပါပဲ」တဲ့။ နာကျည်းသံလေးစွက်လျက် စိတ်မကောင်းသံလေးနဲ့ ပြန်ပြောတတ်ကြတယ်။  ဖြည့်ချင်တာတောင် ဖြည့်ခွင့်မရတဲ့အခြေအနေတွေ၊ အသုံးကျချင်တာတောင် အသုံးချမခံရတဲ့ ဘ၀တွေ ဒုနဲ့ဒေးနဲ့ ရှိပါတယ်ဆိုရင် သူတို့နားလည်နိုင်ပါ့မလား။

ပေးတယ်ဆိုတာ ယူတဲ့သူမရှိရင် အလကားပဲကိုး။ အလကားဖြစ်ဖို့ကိုပဲ အဆင်သင့်ဖြစ်နေတဲ့လူတွေလည်း ရှိနေပါသေးရဲ့။ အသိအမှတ်ပြုခံရမှသာ လုပ်ဆောင်ချက်တစ်ခု အထမြောက်တယ်ဆိုပဲ။ တခါမှ လှည့်ကြည့်မခံရဘဲ နောက်ကျောကိုပဲ ကြည့်နေရတဲ့ ဘ၀တွေမှာလည်း တခုခုပြီး တခုခု လုပ်ဆောင်ပေးချင်နေတတ်ပါသေးတယ်။ သနားစရာကောင်းတယ် လို့တော့ မတွေးလိုက်ပါနဲ့။ ဒါလည်း ခံစားပုံ ခံစားနည်းတစ်မျိုးပါပဲ။ အန္တရာယ်ကြီးတာ တစ်ခုတော့ရှိတယ်။ သူတို့တွေက သိပ်စွဲမြဲလွန်းတယ်။ ဘာမှ မရဖူးတော့ ဆုံးရှုံးရလေခြင်းဆိုတာ မခံစားရဘူး။ အမှတ်တရလေး တစ်ခုခုအတွက် လနဲ့ချီ နှစ်နဲ့ချီ စောင့်စားရလို့ နေ့တိုင်းဟာ တန်ဖိုးရှိနေတတ်ပြန်တယ်။ ပင်ပန်းတယ်တော့ ဘယ်ဟုတ်မလဲ။ ဒီလိုပါပဲ…။

「ငါတို့ နေ့တိုင်း နင့်ခေါင်းကိုပုတ်လိုက်၊ နင့်ဆံပင်ကိုဖွလိုက် ကျတော့ နင်ကဘာမှ အာရုံမထားဘူး။ ဘာမှမဟုတ်ဘဲ ဘာခံစားချက်မှမပါဘဲ မတော်တဆသဘောလောက်နဲ့ ခေါင်းလေးပုတ်တာကျတော့ ၂နှစ်လောက်ကြာပြီးတာတောင် မမေ့နိုင်ဘူး။ ဘက်လိုက်လွန်းတယ်။」တဲ့။ တိုးတိုးဖော် သူငယ်ချင်းလေးက ပြောပါတယ်။ 「နင်ကလည်းဟာ」ဆိုတာကလွဲပြီး ဘာမှ ပြန်မပြောနိုင်ပါဘူး။ 「တယောက်ယောက်ကို စိတ်ကောက်နေတာ ထင်တယ်」ဆိုတဲ့အသံရယ်၊ ခေါင်းကိုဖွဖွပုတ်လိုက်တာရယ်ပဲ စိတ်ထဲ ပြန်ပြန်သတိရနေတတ်တယ်။ အမြဲအုပ်စုနဲ့ တရုံးရုံးရှိနေတတ်တာ တယောက်တည်း ငူငူငိုင်ငိုင်ထိုင်နေမှတော့ စိတ်ကောက်နေတယ်ဆိုတာ လူတိုင်းအလိုလို သိနိုင်တဲ့ကိစ္စ၊ သူလည်း သတိထားမိတာ ဘာဆန်းမလဲ။ ဒီအမှန်တရားကိုလည်း သိနေတာပါပဲလေ။ ဒါပေမယ့် အဲဒီတုန်းကတော့ ဘာမှန်းမသိ အသက်ရှူသံတွေ ခဏရပ်သွားဖူးတယ်။ ဒီလိုပါပဲ…။

「သူဘက်က ဘာမှအာရုံမပါဘူး၊ အမှတ်တမဲ့ချည်းပဲ။ နင်သာ အကုန်သိမ်းထား။」 ဂရုဏာဒေါသံသံတွေ၊ ကျေးဇူးတင်ပါတယ်။ တကယ်ပါ မနာကျင်ပါဘူး။ ယူထားပါရစေ။ ဒီလိုပါပဲ…။ အိမ်မက်ထဲမှာတော့ သူအမြဲပြုံးပြတတ်တယ်ဆိုတာ သူတို့ကို ဘယ်လိုပြောပြရမလဲ။ ဒါနဲ့ပဲ အိပ်ဆေးတွေ ပုံမှန်သောက်ဖြစ်လာတယ်ဆိုတာလည်း မပြောဖြစ်တော့ဘူးပေါ့။ သူနဲ့ပတ်သက်ပြီး အမျှော်လင့်ဆုံးတစ်ခုကို ပြောပါဆိုရင်လား။ 「ပင်ပန်းလိုက်တာဗျာ」 ဆိုတာမျိုး အမှတ်တမဲ့ပဲဖြစ်ဖြစ် ပြောစေချင်ပါတယ်။ ဘာမှမလုပ်ပေးနိုင်ပါဘူး။ ဘာမှမလုပ်ပေးနိုင်ပါဘူး။ ဒီလိုပါပဲ…။

ဒီလိုပါပဲ…။ ဘာရယ်မဟုတ်ဘူး။ ဒီလိုပါပဲ…။

ဆက်ရန်ရှိသည်။

Bad Day

ပြင်ဆင်ထားတဲ့ စကားတွေအတွက်
အဆင်သင့်မဖြစ်ရတဲ့ မနက်။

ပါးစပ်ထဲ မှောက်ချမယ့် Milo တွေ
KeyPad ပေါ်လောင်းချတဲ့ မနက်။

မနေ့တနေ့က အဆင်ချောသမျှတွေ
ပြသနာကောက်တက်တဲ့ မနက်။

ဝက်သားဒုတ်ထိုးနဲ့ စီးချင်းထိုးပြီး
လက်ဖျားတွေအေးတဲ့ မနက်။

ဟိုဘက် ဒီဘက်နဲ့
နေရာမရွေ့တမ်း ငုတ်တုတ်ထိုင်ရတဲ့ နေ့လည်။

၎ထပ်နဲ့ ၁၀ထပ်ကြား
ဖျောက်ဖျောက်ထားတဲ့ နေ့လည်။

မရှိတော့တဲ့ မှတ်ဥာဏ်တွေ
အတင်းဆွဲထုတ်ခိုင်းတဲ့ နေ့လည်။

တဖက်ကို ဖေးမချင်တာနဲ့
တယောက်က လစ်လပ်သွားတဲ့ နေ့လည်။

အပြစ်လုပ်ထားတဲ့ ကြက်တူရွေးလေး
စိတ်ကောက်နေတဲ့ ညနေ။

တဖျစ်တောက်တောက်ကို
အရူးအထင်ခံရမယ့် ညနေ။

တခရီးတည်းသွားရင်း
၁၀၀၀တန်တချပ်နဲ့ စကားများတဲ့ညနေ။

ထိုင်စရာ ခုံပြည့်လို့
နှစ်ဆိုင်ပြောင်းသုံးရတဲ့ ညနေ။

You had a bad day.. You’re taking one down.. You sing a sad song just to turn it around.. You say you don’t know.. You tell me don’t lie……… စသဖြင့်နဲ့
Bad Day နားထောင်ဖြစ်မယ့် ည။

Love knows what is essential

Some people fear that when beauty fades, so does love. These individuals have little real knowledge of love and less respect for themselves, for in reality, it is the other way around; beauty fades only when love is gone.

Love makes us more comfortable with and accepting of each other’s imperfections. It doesn’t care that we’ve accquired a new set of wrinkles on our face, that our skin is flabbier than it used to be, that we have developed a more substantial midriff.

When we love, we see through such inconsequential things. We concentrate on internal beauty that is unaffected by time or age. It is not that love is blind, it is, rather, that love sees what is essential.


/* 21.2.2008 က For my dearest and nearest little sister Hsu ဆိုပြီး  မမငု ကျွန်မကို ပေးခဲ့သော လက်ဆောင်ပေါင်းများစွာထဲက တစ်ခုပါ။ ရုတ်ချည်း သတိရလာတာနဲ့ အမှတ်တရ ပြန်တင်ထားလိုက်တာပါ။ တကယ်ပဲ အချစ်က ဘာအရေးကြီးလဲဆိုတာပြောပြပေးလားတော့ ကျွန်မ ခုထိ မသိသေးပါဘူး။ */

ပျာယီးပျာယာ .. သုတ်သီးသုတ်ပျာ..

ဟိုဘက်တံခါးက ထွက်လာတယ်.. ပျာယီးပျာယာ..

ဒီဘက်တံခါးထဲ ထပ်ဝင်တယ်.. သုတ်သီးသုတ်ပျာ..

ပျာယီးပျာယာနဲ့ တချို့တချို့ကို မေ့ကျန်တယ်..

သုတ်သီးသုတ်ပျာနဲ့ မလိုတာတွေ ယူလာတယ်..

ဟိုဘက်တံခါးထဲမှာ ဘာမှန်းမသိ ပျာယီးပျာယာနိုင်လွန်းတယ်..

ဒီဘက်အ၀င်တော့ နားနေတာတောင် သုတ်သီးသုတ်ပျာ..

ဟူး……….

Brain Vs Heart

ဒီတခုက ဟိုဘက်လမ်းဆို
ဟိုတခုက ဒီဘက်လမ်း။

ဒီတခုက သတိရသင့်တယ်ဆို
ဟိုတခုက မေ့မေ့သွားတယ်။

ဒီတခုက မေ့ထားပါဆို
ဟိုတခုက တသသနဲ့။

ဒီတခုက တက်ကြွနေချိန်
ဟိုတခုက လေးလွန်းပြန်တယ်။

ဒီတခုက ထိုင်းမှိုင်းပြန်တော့
ဟိုတခုက တဒိတ်ဒိတ်နဲ့။

ဒီတခုက ထိန်းထိန်းထားပြီး
ဟိုတခုက လွှတ်လွှတ်ပေးတယ်။

ဒီတခုက သွားခိုင်းပြန်တော့
ဟိုတခုက မလှုပ်ရှားဘူး။

ဒီတခုက ခေါင်းမာနေတုန်း
ဟိုတခုက အလျှော့ပေးနေတယ်။

ဒီတခုက လိုက်လျောပြန်တော့
ဟိုတခုက ခက်ထန်ချင်တယ်။

ဟော..
ဒီတခုက စာကျက်နေရင်
ဟိုတခုက ကဗျာရေးနေရော။

ကဲ..
နင်တို့နှစ်ခု harmony မဖြစ်သမျှ
ငါက နေရင်းထိုင်ရင်း ပင်ပန်းတယ်။

Weak points and Good points

မနေ့က google groups တစ်ခုကို apply လုပ်တော့ မေးခွန်းသုံးခုမေးခြင်း ခံရပါတယ်။ ကိုယ့်ရဲ့ weak points နဲ့ good points ကိုသုံးချက်စီရေးပါတဲ့။

ရုတ်တရက် skip လုပ်လိုက်မယ် စိတ်ကူးပေမယ့် အဲဒီစိတ်ကူးနောက်မှာ ဘာလို့ငါမဖြေနိုင်တာလဲ ဆိုတဲ့အတွေးက ချက်ချင်းကပ်ပါလာပါတယ်။ ဒါနဲ့ပဲ ကျွန်မသေသေချာချာ စဉ်းစားပြီး၊ ဖြေလိုက်ပါတယ်။ ဒီလိုလေးပါ။

Weak point – (1)lazy (2)easy to change (3)difficult to change

Good point – (1)positive view (2)easy to forget (3)easy to believe

Weak points (1) lazy

ကိုယ့်ကိုကိုယ် အားမရဆုံးနဲ့ အားနည်းချက်လို့ အထင်ဆုံးက အပျင်းကြီးတာပါ။ ကျွန်မသိပ်ပျင်းပါတယ်။ လုပ်သင့်နေမှန်းသိရက် ပျင်းပြီးမလုပ်ပါ။ ကိုယ့်ကိုကိုယ်လည်း သိပ်သနားတတ်ပါတယ်။ ငါပင်ပန်းနေပြီ ဆိုပြီး သိပ်သနားတတ်ပါတယ်။ အဲဒါကလည်း lazy ကနေ မြစ်ဖျားခံလာတာပါပဲ။

Weak points (2) easy to change

အပြောင်းအလဲ သိပ်မြန်ပါတယ်။ ဒီလူက ဒီလိုပြောရင်း ဒီဘက်ပါတတ်ပြီး နောက်တစ်ယောက်ပြောပြန်ရင်လည်း ဟုတ်သားပဲ ဆိုပြီး ပြောင်းတတ်ပါသေးတယ်။ ဒီနေ့ခံစားမှုက ဒီလိုဆိုပေမယ့် နောက်နေ့ဆို မတူတော့ပြန်ပါဘူး။

Weak points (3) difficult to change

တခါတလေ သိပ်ခေါင်းမာပါတယ်။ ဒါလုပ်မယ် ဆုံးဖြတ်ထားရင် လုပ်ဖြစ်အောင်လုပ်ပါတယ်။ ဘယ်သူဘာပြောပြော မပြောင်းပါဘူး။ ဒီလိုလုပ်မယ် ဆိုရင်လည်း အားလုံးက မလုပ်ဖြစ်တော့ဘူးဆိုရင်တောင် ကျွန်မကတော့ မပြောင်းလဲနိုင်ဘဲ လုပ်ဖြစ်အောင်လုပ်တတ်ပါတယ်။ တခါတလေ အပြောင်းအလဲ လုပ်ရမှာကို သိပ်ကြောက်ပါတယ်။

Good points (1) positive view

အကောင်းမြင်တတ်တာကို ဆိုလိုချင်တာပါ။ များသောအားဖြင့် ကျွန်မ ဘယ်အရာကိုမဆို အကောင်းမြင်တတ်ပါတယ်။ ဒါကိုတော့ ကျွန်မရဲ့ အားသာချက်လို့ အမြဲတွေးတတ်ပါတယ်။ ဘယ်လောက်ဒေါသထွက်ထွက်၊ စိတ်ညစ်ညစ်၊ အမြင်ကတ်ကတ် အကောင်းဘက်ကလှည့်စဉ်းစားရင် ကိုယ်ရော စိတ်ရော အေးချမ်းတယ်လေ။

Good points (2) easy to forget

မေ့လွယ်ပျောက်လွယ်တာလည်း ကောင်းတဲ့အချက်လို့ သတ်မှတ်ထားပါတယ်။ စိတ်ညစ်စရာဆိုလည်း ခဏလေးမေ့ပါတယ်။ ဘယ်အရာမှ ရင်ထဲမှာ ကြိတ်ခံစားနေတာ မရှိပါဘူး။ စိတ်ညစ်တဲ့ခဏမှာပဲ အသားကုန် စိတ်ညစ်ပစ်လိုက်ပြီး နောက်တော့လည်း မေ့သွားတာပါပဲ။

Good points (3) easy to believe

လွယ်လွယ်ကူကူ ယုံပေးတတ်တာလည်း ကျွန်မရဲ့ အားသာချက်ပါပဲ။ ဘယ်သူဘာပြောပြော ကျွန်မစိတ်ထဲ သံသယပွားတာ ရှားပါတယ်။ ယုံပါတယ်။ အန္တရယ်များတယ်လို့ ဆိုကြမလား။ ကျွန်မကတော့ လွယ်လွယ်ကူကူ ယုံနိုင်တာကိုပဲ ကျေနပ်ပါတယ်။

ဒါပါပဲ။ ကျွန်မရဲ့ weak point နဲ့ good point သုံးချက်စီပါ။ အားလုံးလည်း စဉ်းစားကြည့်ကြပါဦး။