နိဒါန်း

2014၂၀၁၄
ကြည်လင်သာယာသော ကနဦး နေ့သစ်လေးများ။ နေရောင်နွေးနွေးနဲ့ ခြေခင်းလက်ခင်းသာသော အားလပ်ရက်တချို့။ တစ်နှစ်လုံးစာ အားအင်အပြည့်ဖြည့်ထားဖို့ တိုက်တိုက်တွန်းတွန်း။ ဟုတ်ကဲ့.. တယုတယသုံးစွဲခဲ့ပါတယ်။

သက္ကရာဇ်အသစ် ပြောင်းပြောင်း မပြောင်းပြောင်း ရက်စွဲတွေကတော့ ပုံမှန်အတိုင်းကုန်လွန်နေတာပါပဲ။ ခဏလေး မျက်စိတမှိတ်ပဲ။ သို့သော်ငြား ပြောင်းလဲချင်ရင် အရာရာပြောင်းလဲနိုင်ဖို့ အနေတော်အချိန်၊ လုံလောက်သောအချိန်။ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်…၊ တစ်ခု၊ နှစ်ခု၊ သုံးခု…၊ ပြောင်းလဲမှုများ၊ အပြောင်းအလဲများ။ ဘယ်တခု မပြောင်းမလဲ ကျန်နေပါလိမ့်။ မှန်ထဲ မြင်မြင်နေရတဲ့ အမျိုးသမီးကိုလည်း တစတစ မမှတ်မိချင်လာတော့ဘူး။ မျက်လုံးထဲမှာ ဘာအရောင်မှလည်း ရှိမနေဘူးလို့ ကြားဖူးခဲ့တာ ဘယ်လောက်မှတော့ မကြာခဲ့သေးသလိုလို။ ခုမြင်ရတဲ့ မျက်လုံးထဲလည်း ဘာအရောင်မှ ရှိမနေတော့ပါဘူးလေ။ ရှိမနေပုံချင်းသာ ကွာခြားသွားခဲ့တာ။ တခါက စွဲလမ်းနှစ်ခြိုက်ခဲ့ဖူးတဲ့ ၀တ္ထုဇာတ်ကောင်တွေ၊ ဟီးရိုးတွေအပေါ် စိတ်ခံစားချက်တွေလည်း ပါးလျလာနေလေပြီ။

မငြီးငွေ့ချင်သေးပါဘူး။ မငြီးငွေ့သင့်သေးပါဘူး။ ၂၉ဆိုတာ တက်ကြွနေရဦးမယ့် အသက်အရွယ် မဟုတ်ပါလား။ warm-up, warm-upနဲ့တော့ သတိထားပြီး အော်နေရတာပါပဲ။ ခဏခဏ ငြိမ်မသွားဖို့ သတိထားနေလျက် တခါတခါလည်း အတက်ကြွလွန်နေပြန်ရော။ သားရေကွင်းများလိုပဲ စိတ်ခံစားမှုဆိုတာ အလျော့အတင်း၊ အတက်အကျများရင် လျော့ရဲပြတ်တောက်မသွားလောက်ဘူးလို့တော့ ထင်ရတာပါပဲ။ Frozen ထဲက Annaလို နှလုံးသားတခုလုံး အေးခဲသွားဖို့ ကြံကြံဖန်ဖန် တွေးမိလေရဲ့။

မြေကြီးများ လေးလံလာလေပြီလား။ ဆယ်ကျော်သက်အရွယ် မက်ခဲ့တဲ့ အိမ်မက်တွေ ခုထိကို မကြာမကြာ ပြန်မက်တတ်တုန်းမဟုတ်ပါလား။ ဒါဆို လုံလောက်ရမယ် မဟုတ်ပါလား။ အသက်ရှူရတဲ့ အရသာလေးတော့ သိနေမှ။ ပြန်ပေးခဲ့ချင်တဲ့အရာတွေ၊ ချန်ရစ်ထားချင်တဲ့အရာတွေ ရှိတယ်မဟုတ်ပါလား။ ကိုယ်တိုင် မတ်မတ်ရပ်နိုင်မှသာ အခြားသူကို ကူနိုင် တွဲနိုင်မယ် မဟုတ်ပါလား။ .. မဟုတ်ပါလား။ .. မဟုတ်ပါလား။

ကဲပါလေ။ ကောင်းခြင်းတွေကိုပဲ သယ်လာလာ၊ ညစ်ညူးစရာတွေပဲ သယ်လာလာ မငြီးမညူ လက်ခံယူလို့ အသင့်အနေအထား။  ကြည်ကြည်လင်လင် ငြိမ်းငြမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ်။
May the tears come from laughingပေါ့။

ပေးစာ (၁)

ချစ်ရေ..
ဘာလိုလိုနဲ့ ငါ စာမရေးဖြစ်တာ ကာလတခုကြာခဲ့ပြီပဲ။
တစ်နှစ်လား နှစ်နှစ်လား သုံးနှစ်လား။ လေးနှစ်လား။ အဲဒီထက် ပိုကြာခဲ့ပြီလား။
ငါ မတွက်ထားမိဘူး။ ချစ်လည်း မှတ်မိမယ် မထင်ဘူး။
ချစ် ကျန်းမာပြီး ပျော်ရွှင်နေမယ်လို့ အကြွင်းမဲ့ယုံတယ်။
ငါတို့တခါမှ မတွေးထားဖူးတဲ့ အရပ်မှာ ငါလည်း အဆင်ပြေပြေပါပဲ။ ငါတို့တခါမှ မတွေးထားဖူးတဲ့ လူတစ်ယောက်ပုံစံနဲ့ တည်တည်ငြိမ်ငြိမ်ပါပဲ။

ဒီအရပ်က ငလျင်တွေ သိပ်လှုပ်တယ်။ မုန်တိုင်းတွေ မကြာခဏဖြတ်တယ်။ ရာသီဥတုအပြောင်းအလဲ အပူအအေး သိပ်မြန်တယ်။ ချစ်သိတဲ့အတိုင်း သန်သန်မာမာကြီးလို့ ထင်ရတဲ့ ခပ်ယဲ့ယဲ့ ငါ့ခန္ဓာကိုယ်ခမျာတော့ ပုံမှန်ချူချာရှာတယ်။ ချစ်သိတဲ့အတိုင်း နေမကောင်းဖြစ်တိုင်း ချစ်ကိုသတိရတတ်တယ်။ ချစ်သိတဲ့အတိုင်း ဒါကြောင့်လည်း ဒီစာရေးဖြစ်တယ်နဲ့ တူပါတယ် လို့ ငါပြောမယ်။ “တူပါတယ်” လို့ သုံးလို့လည်း ကိုယ့်ကိုယ်ကိုယ်တောင် မသိဘူးလားဆိုပြီး ချစ်ပြောတော့မယ်။ ဒါနဲ့များတောင် ခုချိန်ထိလည်း တူပါတယ်တွေချည်း ငါသုံးဖြစ်နေသေးတယ်ဟ။

ငါနေတဲ့အရပ်မှာ ရာသီတစ်ခု ကူးပြန်ပြီ ချစ်ရယ်။ သိပ်လှတယ် နာမည်ကြီးတဲ့ ဆောင်းဦးရာသီပေါ့။ ဒီနှစ်တော့ သူကံဆိုးတယ်။ မုန်တိုင်းက သူ့ကို ကြိုနေတော့ သူလှတဲ့ရက်က ခုထိကို ခပ်နည်းနည်းရယ်လေ။ ငါယုံပါတယ် သူ့ကို။ သာယာတဲ့ရက်တွေ သူတကယ်ကို ပေးနိုင်ဦးမယ်လို့။ ငါယုံတယ်။ ငါယုံတယ်ဆိုလို့ ငါခဏခဏယုံခဲ့တယ်နော်။ ချစ်ကိုလည်း ယုံတယ်။ ငါချစ်တဲ့သူတွေကိုလည်း ယုံခဲ့တယ်။ ငါ့ကိုချစ်တဲ့သူတွေကိုလည်း ယုံခဲ့တယ်။ ငါ့အနားက လူတွေကိုလည်း ယုံခဲ့တယ်။ ငါအယုံကြည်ဆုံး သူငယ်ချင်းကလည်း ငါမယုံကြည်နိုင်လောက်တဲ့ လုပ်ရပ်တွေ လုပ်သွားဖူးပြီ။ ငါ့ကိုချစ်တယ်ဆိုတဲ့လူတွေရဲ့ အံ့သြစရာ တုံ့ပြန်မှုတွေကိုလည်း ငါကြုံဖူးခဲ့ပြီ။ ငါ့ချစ်တဲ့သူတွေကလည်း ထားသွားခဲ့နိုင်ကြပြီ။ ချစ်.. နင်ကတော့ ခပ်ပြုံးပြုံးပဲ ပြောလိမ့်ဦးမယ်။ အကုန် ငါ့အပြစ်၊ ငါ့လုပ်ရပ်၊ ငါ့အသုံးမကျမှုတွေကြောင့်ပဲလို့။ တကယ်ပဲ ငါတို့တွေ နေထိုင်မှုပုံစံမတူခဲ့ကြလေသလား။

ငါလည်း အသက်တွေ ထိပ်စီးပြောင်းလို့ အန်တီအခေါ်ခံတဲ့အရွယ်ကို တိတိကျကျရောက်လာခဲ့ပြီ။ ချစ် ခဏခဏ ကြည့်မရဖြစ်တဲ့ ဂစ်တာကြီးလည်း မကိုင်နေဖြစ်တော့ဘူး။ ထစ်ခနဲရှိ မျက်ရည်ကျတတ်တဲ့ ကောင်မလေးလည်း မဟုတ်တော့ဘူး။ ငါ့ကမ္ဘာထဲမှာ ငါ့အလုပ်ရှိတယ်။ အပန်းဖြေစရာ သီချင်းသံအမြဲလွင့်နေတဲ့အခန်းတစ်ခန်းရှိတယ်။ လောကကြီးထဲ ပြန်ချောင်းကြည့်စရာ ကွန်ပျူတာတစ်လုံးရှိတယ်။ ငါနေပျော်နေတယ်။ လူတွေရဲ့ အတ္တတွေအကြောင်း ငါသင်ကြားတတ်မြောက်သင့်တာထက်ပို သင်ကြားခဲ့ဖူးပြီ။ လူတွေရဲ့ မသိစိတ်တွေအကြောင်း ငါတိတ်တဆိတ် ကြည့်နေခဲ့ဖူးပြီ။ ခြေကုန်လက်ပန်းကျတဲ့အထိပဲ ဆိုပါတော့။ မငြိမ်းမချမ်းနိုင်ဘဲ ဆိုပါတော့။ ခုတော့ ငါပျော်အောင် နေတတ်လာပြီ။ ဆစ်ခနဲ ပြန်ပြန်နာတတ်တဲ့ နောက်ကျောက ဒဏ်ရာတွေလည်း တခါမှ မရှိခဲ့ဖူးဘူးလို့ ထားခဲ့လိုက်ပြီ။ မျက်စိထဲ အဆင်မပြေတာတွေကိုလည်း ကြည့်ရုံကြည့်နေနိုင်အောင် နေတတ်ခဲ့ပြီ။ များများစားစား ပြုံးနိုင်ပြီး အေးအေးချမ်းချမ်း အသက်ရှူနိုင်နေခဲ့ပြီဆိုပါတော့။

ချစ်ရေ..
ဘ၀ဆိုတာ တိုတိုလေးပါတဲ့။ လူတိုင်းကတော့ မကြာမကြာ ရေရွတ်တတ်ကြတယ်။ အဲဒီတိုတိုလေးမှာ နေချင်သလို ပစ်စလတ်ခတ်နေကြမယ့်သူတွေလည်း ပုံလို့။ တွန်းတွန်းတိုက်တိုက် သွားကြသူတွေလည်း များလို့။ မသိမသာကျော်တက် ခွတက်ချင်သူတွေလည်း ခပ်များများ။ ခေါင်းငိုက်စိုက်တွေလည်း မရှိမရှား။ တခါတလေလည်း ငါတို့သိရက်နဲ့ တမင်တကာ မေ့မေ့နေကြတာတွေလည်း များလွန်းမက များလို့။ နောက်ကြုံရင် ချစ်ကို ဘ၀နဲ့လူတွေအကြောင်း ပြောပြပါဦးမယ်။ ခု ငါနေတဲ့အရပ်အကြောင်း ပြောပြပါဦးမယ်။ စားစရာအထူးအဆန်းတွေအကြောင်း ပြောပြပါဦးမယ်။ နည်းပညာ အသစ်အဆန်းတွေအကြောင်း ပြောပြပါဦးမယ်။ ချစ်မခံစားတတ်တဲ့ ငါကြိုက်တဲ့ ကဗျာလှလှလေးတွေ အကြောင်း ပြောပြပါဦးမယ်။ ငါ သွားဖြစ်မယ့် ခရီးတွေအကြောင်း ပြောပြပါဦးမယ်။ ငါချစ်တဲ့ ခွေးလေး၊ ကြောင်လေး၊ ဟိုအကောင်လေး ဒီအကောင်လေးတွေအကြောင်း ပြောပြပါဦးမယ်။
ကဲ.. ချစ်လည်း တိမ်တွေ အများကြီးရှိတဲ့ အဲဒီအရပ်မှာ သက်တောင့်သက်သာ သာယာပျော်ရွှင်နိုင်ပါစေ။

P.S. ငါ ချစ်ကို သတိရနေသေးတာတော့ မဟုတ်ဘူး။ ချစ်ကို ချစ်ဆိုတာကလွဲရင် နာမည်တောင် မမှတ်မိတော့ပါဘူး။ တဆိတ်.. စိတ်စနိုးစနောက် မဖြစ်ပါနဲ့။

လမ်း

နေ၀င်ချိန်

Sunset              နှိုးစက်သံကြားတယ်ဆိုတဲ့အသိဝင်လာသည်နှင့်တပြိုင်နက် ကျေးဇူးတင်စိတ်အလိုလို စိတ်ထဲဝင်လာသည်။ ခေါင်းကို ခေါင်းအုံးပေါ်မှ မခွာချင်ပါ။ ခွာလျှင်လည်း ခေါင်းအုံးဝန်းကျင်ကို လှည့်မကြည့်ချင်ပါ။ မနက်အိပ်ရာထတိုင်း ကိုယ်သာ ရှင်သန်နိုင်သေးသော်လည်း ပျက်ကြွေသွားကြတဲ့ ဆံပင်တချို့။ ပုခုံးကျော်ဆံပင်ကို ခပ်တိုတိုပြောင်းညှပ်ဖို့ အကြိမ်ကြိမ်စိတ်ကူးပေမယ့် ဘာလို့မှန်းမသိ သံယောဇဉ်များနေတုန်း။ ပြက္ခဒိန်ကို လှမ်းကြည့်ရင်း အ၀တ်ဟောင်းတွေအောက်ထဲ တခါတည်း ထည့်ထားလိုက်တဲ့ ဆေးလက်မှတ်စာရွက်တချို့က ရက်စွဲကိုပါ အလိုလိုစိတ်ထဲမြင်ယောင်လို့။ မနက်စာစားကိုစားမှ ဖြစ်မယ်ဆိုတဲ့အသိ။ အသိ.. အသိ.. အသိ.. ထိုစကားလုံးနဲ့ လှုပ်ရှားနေရသောဘ၀ကို ကူးပြောင်းခဲ့ချေပြီ။

ဖျတ်လတ်တက်ကြွမှုများ၊ ပျော်ရွှင်ကျန်းမာမှုများ၊ အရာအားလုံးကို ခံစားဖူးခဲ့ပြီးပဲ။ ဂရုမစိုက်မိခဲ့ခြင်း၊ ပေါ့တီးပေါ့ဆ နေခဲ့ခြင်း၊ စိတ်အလိုလိုက်လွန်းခြင်းများတွန်းပို့ပေးခဲ့သော အခြေအနေ။ ဒီလောက် တိုတောင်းသွားစေလိမ့်မည်ကို မထင်ခဲ့ရိုးအမှန်ပင်။ ကိုယ်ဖန်တီးခဲ့သောအရာပင် ဖြစ်လေတော့ ကိုယ်သာတာဝန်ယူရပေမည်။ စိတ်ထိခိုက်ခြင်း၊ ၀မ်းနည်းခြင်းများလည်း မျက်ရည်များနဲ့အတူ ကုန်ဆုံးခဲ့လေပြီ။ အသားကျနေသော နာကျင်မှုများနဲ့ တတ်နိုင်သလောက် ကုစားပေးရှာသော ဆေးလုံးများကိုသာ တီးတိုးစကားများ ပြောဖြစ်တော့သည်။ ဘယ်အချိန်အထိ လူမသိ သူမသိ အပြုံးမပျက် တောင့်ခံနိုင်မည်မသိ။ မေ့လွယ် ပျောက်လွယ်သူတွေ များပြားလာသည်ကိုတော့ ၀မ်းသာမိသည်။ လူတစ်ယောက် ရှိခြင်း၊ မရှိခြင်းအပေါ် ဘယ်အတိုင်းအတာအထိ သတိရနေနိုင်မည်နည်း။ နောက်ဆံတင်းနေအောင် သတိတရရှိနေမည့် သူများ ပါးရှားလာခြင်းကို ခုချိန်မျိုးမှာ ကျွန်မ ကျေနပ်တတ်နေပါပြီ။ ဒီခေတ်ကြီးထဲ နေသားတကျဆိုတာလည်း အချိန်အများကြီး မလိုလောက်ဘူး မဟုတ်ပါလား။

အိမ်မက်မြင့်မြင့်ကြီးတွေ မရှိခဲ့ဘူး ခဏခဏပြောပေမယ့် ကျွန်မလုပ်ချင်သော၊ လုပ်ပေးခဲ့ချင်သော အရာများရှိနေပါသေးသည်။ ပင်ကိုယ်စွမ်းရည်မရှိသလောက်ရှားပေမယ့် ပုခုံးထမ်းချင်ခဲ့သော ကိစ္စများ။ လူကိုယ်တိုင်အရောက်သွားခဲ့ချင်သော အရပ်ဒေသများ။ စကားပြောကြည့်ချင်သော လူတချို့။ ကျွန်မစိတ်ချမထားနိုင်သေးသော လူတစ်ချို့။ ဘယ်လိုဆန္ဒတွေ များပါစေ ထားသွားရပေတော့မည်။

နှိုးစက်သံကြားနိုင်သော နေ့ရက်များ ဘယ်နှစ်ရက်ကျန်ရှိဦးမည် မသိ။ ကြိုးစားပြီး အသက်ရှူရပေဦးမည်။  ။

ချစ်သော

အမေပေးထားတဲ့ မွေးချင်းပေါက်ဖော်ထဲ မိန်းကလေးဆို၍ ကျွန်မတစ်ယောက်သာ။ တစ်ဝမ်းကွဲ၊ နှစ်ဝမ်းကွဲထဲမလည်း နတ္ထိ။ အစ်မနဲ့ ခပ်ဆင်ဆင် အဒေါ်ဆိုတာပင် မရှိ။ ကျွန်မကလည်း ငယ်စဉ်ကတည်းက တကြိမ်တခါမှ အစ်မ ညီမ မတောင့်တတတ်ခဲ့။ အစ်ကိုနှစ်ယောက်ရှိရုံနှင့်ပင် အရာရာပြည့်စုံခဲ့သယောင်ယောင်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း မှ တက္ကသိုလ်၊ ဘွဲ့လွန်တန်း၊ ကျောင်းသူသက်တမ်းတလျှောက် ဖြစ်ပျက်သမျှအရာရာ၊ ရင်ထဲရှိသမျှအရာရာ၊ ဖွင့်ပြောစရာဟူသည်လည်း အစ်ကိုနှင့် အမေပင်။ မိန်းကလေးအဖော် အချစ်ဆုံး သူငယ်ချင်းများစွာရှိသော်လည်း အစ်မတစ်ယောက်လို တွယ်တာစရာဟူ၍ ထူးထူးခြားခြား မရှိခဲ့သေး။

ကျောင်းပြီးခါစ ဘာမှ ထူးထူးထွေထွေ မရွေးချယ်မိခင် အလုပ်တစ်ခု စ၀င်မိတယ်။ ၀န်ထမ်း ၆ယောက်သာသာ ရှိပြီး၊ အလုပ်မများလှတဲ့ သွင်းကုန်၊ ထုတ်ကုန် ကုမ္ပဏီ။ ကျွန်မ ကလေးသာသာ အရွယ်မှာ အကုန်လုံးက ကျွန်မထက် ၇နှစ်အထက်အသက်ကြီးကြတဲ့အစ်ကိုကြီး၊ အစ်မကြီးတွေချည်း။ အလုပ်ဝင်ပြီး တပတ်သာသာမှာတင် ကျွန်မပျော်မွေ့သွားခဲ့သည်။ ကျွန်မကို အရာရာ ငဲ့ညှာ၊ ဂရုစိုက်၊ အလိုလိုက်ခဲ့တဲ့ အသိုင်းအ၀ိုင်းတစ်ခုဖြစ်ခဲ့သည်ကိုး။ ထိုအထဲတွင်မှ မမို့ ဟုကျွန်မက ခေါ်၍ ဆုကလေး ဟု ကျွန်မကိုခေါ်သော ကျွန်မချစ်သော အစ်မတစ်ယောက်ရှိလေသည်။ ၀န်ထမ်းနည်းနည်းနှင့် အလုပ်ကျဲကျဲ ကုမ္ပဏီဖြစ်သောကြောင့် သန့်ရှင်းရေး ၀န်ထမ်းဟူ၍ သီးသန့်မရှိ၊ ကိုယ်တိုင်ပင် အလှည့်ကျ၊ မီးဖိုချောင်ရှင်း၊ အိမ်သာဆေး၊ တံမြက်လှည်း၊ သန့်ရှင်းရေးစသော ကိစ္စများလုပ်ကြရသည်။ မမို့သည် အိမ်သာသန့်ရှင်းရေကို ကျွန်မကို ဘယ်တော့မှ မလုပ်စေရ။ အိမ်မှာလည်း လုပ်ရတာမဟုတ်၊ ဒီမှာလည်း မလုပ်နှင့် ဆိုကာ သူပင် အတင်းလုပ်တတ်သည်။ အသက်အငယ်ဆုံးသည် ကျွန်မဖြစ်သောကြောင့် ကျွန်မသာ လုပ်သင့်သည်ဟု အမြဲတစေ ငြင်းခုန်သံ တညံညံဖြစ်မြဲ။ ထမင်းစားပြီး ထမင်းဘူးလည်း ကျွန်မ မဆေးစေရ။ ကော်ဖီဖျော်စရာရှိလည်း မဖျော်စေရ။ ကျွန်မနောက်ကျသည်အထိ အလုပ်လုပ်ရလျှင်လည်း ထာဝစဉ် ထိုင်စောင့်ပေးတတ်သည်။ ထိုစဉ်အခါက ကျွန်မတို့ မည်သူမျှ သုံးငွေ အပိုအလျှံမရှိ။ လကုန်ရက် နေ့လည်ခင်း ဟိုစားချင် ဒီစားချင် အချိန်များတွင်လည်း မမို့သည်ပင် စိုက်ထုတ်တတ်သည်။ နှစ်နှစ်နီးပါး စားအတူ၊ သွားအတူရှိပြီးချိန်၊ မမို့ပင်လျှင် ကျွန်မဘ၀အတွက် အခြားအလုပ် ရှာဖွေသင့်ကြောင်း၊ တိုက်တိုက်တွန်းတွန်းပြောဆိုခဲ့လေသည်။ ကျွန်မ လျှောက်သင့်သော လမ်းပေါ် တက်မိသောအချိန်တွင်လည်း မျက်ရည်စက်လက်ဖြင့်ပင် ကျွန်မလက်ကို ဖြုတ်ပေးခဲ့လေသည်။ ယခုအချိန်တွင်တော့ ကျွန်မချစ်သော မမို့သည်လည်း အခက်အခဲပေါင်းစုံကျော်ဖြတ်၍ သူမချစ်သူနှင့် နယ်မြို့ကလေးတွင် ငြိမ်းချမ်းစွာ ရှိကြောင်း သတင်းစကားတချို့ဖြင့်ပင်.. ။

လမ်းသစ်တစ်ခုဖောက်ဖို့ အစအပြု၊ ဘာသာစကားသင်တန်းတခုမှာ ဘေးချင်းကပ်ထိုင်ရာက ကျွန်မအတွက် အစ်မဖြစ်လာသူ မမီသော်ဟု ခေါ်တွင်သော။ ထင်ရာကို ထင်သလို လုပ်လုပ်ပစ်တတ်ပြီး၊ တင်္ခဏုပ္ပတ္တိဥာဏ်ထက်သန်လှသော သွားအတူ စားအတူရှိခဲ့သော အစ်မ။ အမြင် အတွေးမတူသည်များ ရှိသော်ငြား ပွင့်လင်းလွန်းလှသည့် အပြောအဆို၊ အပြုအမူက ကျွန်မအားကျခဲ့သည့်အရာများ။ ကျွန်မတို့လျှောက်နေသောလမ်းသည် အစ်မအတွက် ပနံရသော လမ်းမဟုတ်ကြောင်း ကျွန်မကိုယ်တိုင် လက်ခံသောကြောင့် အစ်မ ခွဲထွက်သွားမည်ဆိုတော့ ကျွန်မ အထွေအထူး ဆွဲမထားခဲ့။ ထိုအစ်မသည်လည်း သူမနှင့်ကိုက်ညီသော လမ်းကြောင်းပေါ်တွင် သူမရွေးချယ်ထားသော ချစ်သူကိုပင် လက်တွဲလျက်…။ တခါတရံ သတိတရ.. ။

မမငုဟု ကျွန်မခေါ်တွင်သော လေးစားရတဲ့အစ်မ။ မဂ္ဂဇင်းတစ်ခုထဲပါသော ကျွန်မစာလေးတစ်စောင်မှ အစပြုပြီး ကျွန်မတို့ စတင်ရင်းနှီးခဲ့ကြသည်လေ။ NGOအဖွဲ့အစည်းများ၊ ပညာဒါနသင်တန်းများ၊ သွေးလှူခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုများ စသော စသော ကျွန်မ စိတ်ကူးထဲတွင်သာ စာတွေ့တွေ့ခဲ့သောအရာများကို အစပြဆွဲထုတ် ရင်းနှီးစေခဲ့သူ။ စာအုပ်များစွာ အလဲအလှယ် ဖတ်စေခဲ့သူ။ ကျွန်မရုံးအဆင်း၊ မမငုသင်တန်းအဆင်းများတွင် လက်ဖက်ရည်ဆိုင်ထိုင် တမေ့တမော အကြောင်းအရာမျိုးစုံ ဆွေးနွေးဖြစ်ခဲ့ချိန်များ။ ဟိုဟိုဒီဒီ ကိစ္စများမြောင်ခဲ့ချိန်များ။ ကျွန်မ၏ ငယ်အိမ်မက်များ၊ စိတ်ကူးယဉ်မှုများ၊ ဖြစ်ချင်သောဘ၀များ၊ အားကျသူများအကြောင်း စသည်ဖြင့် ကျွန်မ၏ အတွေးအခေါ်၊ အယူအဆများကို အများဆုံး ရင်ဖွင့်ပြောပြဖူးသူ။ ကျွန်မ အခက်အခဲ ဖြစ်နေချိန်တချိန် အဝေးတနေရာမှ ကျွန်မလက်ထဲ ရောက်အောင်ပို့ခဲ့သော ဒေါ်လာစက္ကူ။ ကျွန်မကို သိပ်ကို ထူးချွန်စေချင်သူ၊ လဲပြိုနေတာကို မနှစ်သက်သူ။ မွေးချင်းရင်းချာ အစ်မ၊ ညီမများ ရှိသည့်ကြားက ညီမအရင်းတစ်ယောက်နှင့်မခြား နီးကပ်စေခဲ့သူ။ ကိုယ်စီ ကိုယ်စီ ရွေးချယ်ရာလမ်းများပေါ် လျှောက်ရင်း၊ မဆုံးနိုင်သော အရှုပ်များကိုပင် အလုပ်ထင်ရင်း၊ သွားရင်း၊ လာရင်း၊ မမငုနှင့် အနေဝေးခဲ့ကြရသည်ပဲ။ အချိန်တချို့တွင် ဒီအချိန်မှာ မမငုသာရှိရင်၊ ဒါသာ မမငုကို ပြောပြရင်၊ ဒီစာအုပ်အကြောင်းကိုဖြင့်.. စသဖြင့် စသဖြင့် စိတ်ထဲမှတော့ ပြောဆိုမိဆဲ.. ။

အလုပ်လုပ်ရင်း လုပ်ရင်း၊ အဖွဲ့တစ်ဖွဲ့တည်း ဖြစ်ရာက တဖြည်းဖြည်း ရင်းနှီးလာလေသော ကျွန်မအားကိုးရသော အစ်မနှစ်ယောက်။ အလုပ်နှင့်ပတ်သက်၍ တော်တော်များများ တိုင်ပင်ဖြစ်ပြီး ကျွန်မကိုလည်း နားလည်ပေးတတ်သူများ၊ သဇင်ဟူသော အမည်နှင့်လိုက်အောင် ဖြူဖြူနွဲ့နွဲ့။ တခါတခါ ထိုအစ်မကို အားမရပေ။ ကျွန်မ ပိုက်ဆံလိုတိုင်း၊ မုန့်စားချင်တိုင်း၊ အားမနာစတမ်း တောင်းဆိုနိုင်သော၊ ဘယ်လောက်ပင်ပန်းပင်ပန်း ခပ်ဝေးဝေးလမ်းကိုမှ ညနေစောင်း လမ်းလျှောက်ချင်သူကျွန်မအတွက် ထီးသဖွယ် စောင့်ရှောက်ပေးခဲ့သူ ချစ်သော မစန်း။ ဘယ်အချိန် တွေးတွေး လုံခြုံစေသော ထိုအစ်မ။ အေးဆေးလွန်းသော တစ်ယောက်အတွက် သူမတသက်လုံး တစ်ယောက်တည်း နေလို့ မဖြစ်နိုင်၊ အနားတွင် တယောက်ယောက် ရှိစေချင်သော ပူပင်စိတ်။ ဆန့်ကျင်ဘက်အားဖြင့် နဂို ဘုရားတရားသမား အစ်မအတွက်ကတော့ ဒီလိုသာ မိသားစုအတွက်ချည်း အချိန်ပေးနေနိုင်လျှင်လည်း စိတ်အေးရတာပေါ့ဆိုတော့ စိတ်ချစိတ်။ အဆက်အသွယ် ကျဲကျဲကြား အသံတိတ်နေသော်လည်း အားကိုးနေဆဲဖြစ်ကြောင်း.. ။

သူမရေးသော စာတစ်ပုဒ်ကိုဖတ်ရင်း မျက်ရည်ကျသည်အထိ စိတ်ထဲရောက်ရာကအစ၊ သူမ ရေးသားသော စာများ၊ ကဗျာများကို လိုက်ဖတ်ရင်း၊ သူမညွှန်းသော ရုပ်ရှင်ကားများကို လိုက်မြည်းစမ်းရင်း၊ ခင်မင်လာသူ။ ကျွန်မပြောသမျှ နားထောင်သမားသက်သက်။ ကျွန်မ၏ဟစ်တိုင်တဖြစ်လဲ ချစ်သော မဂျူ။ သူမ လှုပ်ရှားရှင်သန်နေသမျှ သူမ စာများ၊ ကဗျာများ၊ မက်ဆေ့ခ်ျများမှ တဆင့်။ ကျွန်မပုံရပ်များကိုလည်း ထိုနည်းလည်းကောင်း သူမ ကွန်ပျူတာမျက်နှာပြင်၊ ဖုန်းမျက်နှာပြင်မှတဆင့် ဆက်သွယ်ရင်းနှီးလေသူ။ ကျွန်မ စိတ်ဓါတ် ပြိုယိုင်လဲနေချိန်များတွင် စတင်ရင်းနှီးခဲ့ပြီး၊ ကျွန်မကို အမြဲတစေ နှစ်သိမ့်နိုင်သူ။ ကျွန်မအမှားများကို မြင်အောင်ပြနိုင်သူ။ ကိုယ်စီ ဘ၀အမောတွေကြား၊ မျက်ဝါးထင်ထင် မြင်တွေ့နိုင်မယ့်နေ့၊ လက်ဖ၀ါးချင်း ဆုပ်ကိုင်နိုင်မယ့်နေ့ကို မျှော်လင့်ရင်း.. ။

ကျွန်မချစ်သော ကျွန်မအစ်မများ။ ကျွန်မ အသက် ၂၉။ ထို့ထက်ပို၍ မျှော်လင့်ဖို့ မကောင်းတော့ပြီဆိုရင်တောင် ကျေနပ်စရာ ပိုင်ဆိုင်ခဲ့မှုများ ……………..။

photo credit to http://www.wallcoo.net/cartoon/lovely_children_vector/html/wallpaper1.html

တရေးနိုး

ယဉ်ပါးနေကျမဟုတ်တဲ့ အသံသဲ့သဲ့တစ်ခုက စိတ်အာရုံကို လှန့်နှိုးတယ်။ မလှုပ်မယှက် အာရုံစိုက်ကြည့်တော့ အလင်းဖျော့ဖျော့ချထားတဲ့ အခန်းထဲမှာ ထုံးစံအတိုင်း သီချင်းသံတိုးတိုးက တလွင့်လွင့်။ အနားမှာ ရှိနေကျ အကောင်လေးတွေကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့။ အရာဝတ္ထု တော်တော်များများက ရင်းနှီးပြီးသား ထူးမခြားနားများ။ အသံသဲ့သဲ့ရဲ့ လားရာကို ရှာမတွေ့သေး။ နှမြောတသစရာကောင်းလှစွာ အိပ်ပျော်နေတဲ့ စိတ်ကတော့ အတိအလင်း နိုးကြားသွားလေပြီ။
ခုတလော ကိုယ်နဲ့ စိတ် နှစ်ပိုင်းဖြစ်ဖြစ်နေတာကို သတိထားမိသလိုလို။ တရေးလန့်နိုးတဲ့ည၊ ကယောင်ကတန်းယောင်တတ်တဲ့ည၊ ခန္ဓာကိုယ်က ချောက်ထဲကျသွားသလိုနဲ့ အလန့်တကြားဖြစ်ရတဲ့ည၊ ခြေထောက်တွေ ကြွက်တက်လို့ ထထိုင်ဖြစ်တဲ့ည ခပ်စိပ်စိပ် လာနေတာကို မသိချင်ယောင်ဆောင်ထားရတဲ့အခိုက်။ အိပ်မပျော်တဲ့ ရောဂါထက် ပင်ပန်းစွာ အိပ်ပျော်သလိုလိုနဲ့ ပြန်နိုးလာတတ်တဲ့ ဝေဒနာမျိုးကို ခံစားဖူးမှသာ နားလည်နိုင်လိမ့်မပေါ့။

ဘယ်အရာ ဘယ်အကြောင်းတရားမဆို ကိုယ့်လုပ်ဆောင်ချက်၊ ကိုယ့်ခံယူချက်အပေါ်တွင်သာ မူတည်ကြောင်း တထစ်ချ ယုံကြည်ပစ်လိုက်သော နေ့ရက်များ။ တသက်လုံး ယုံကြည်လာသော ကိုယ်ပိုင်အရည်အချင်းများအကြောင်း၊ မှတ်ဥာဏ်များအကြောင်း၊ ထူးချွန်မှုများအကြောင်းကို လုံးလုံးသံသယ၀င်ပစ်လိုက်သော နေ့ရက်များ။ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်နဲ့ ကိုယ်ကိုယ်တိုင် အပါအ၀င် လူဆိုတာ ဒီလိုပါလား ဆိုတာ ပိုပို လက်ခံလာမိသော နေ့ရက်များ။ လူတိုင်း လူကောင်းဖြစ်ချင်ကြတယ်ဆိုတဲ့ စကား ကြားဖူးချိန်တုန်းက အူကြောင်ကြောင်ရယ်။ ခုတော့လည်း ဟုတ်သား။ ကောင်းသာ မကောင်းနိုင်ကြတာ လူတိုင်းတော့ လူကောင်းဖြစ်ချင်ကြတာချည်းပဲကိုး။

အပြုအမူတွေကို ပြန်သုံးသပ်မိသောအခါ ကောင်းဖို့အတွက်ပါနာမည်တပ်ပြီး သူတပါးကို ပေးခဲ့မိသော ဖိအားများ၊ ပင်ပန်းစေသော စကားများ၊ စိတ်ဒဏ်ရာဖြစ်စေမယ့် အမှတ်တမဲ့များ။ တစ်ယူသန်ဆန်လှစွာသော အမျိုးသမီးဖြစ်ပါသည်။ နစ်နစ်နဲနဲ ခံစားရတိုင်း မိသားစုအပြင် သတိရလေ့ရှိတတ်သည်က အချစ်ဆုံးသူငယ်ချင်းတစ်ယောက်၊ အချစ်ဆုံး ညီမလေးတစ်ယောက်၊ နောက် အချစ်ဆုံးသူတစ်ယောက်။ ခုနေများ တွေဝေမိန်းမောမှုကြား သေသာသွားရင် အဲဒီလူတွေအနား သွားကပ်နေမိမှာ အသေအချာ။ အမှန်တကယ် အသက်ဆက်ရှင်နေချင်ပါသေးသည်။

Image
အငဲရဲ့ အိမ်သီချင်းလေး။ တချိန်က နားထောင်ပြီး မျက်ရည်ကျဖူးလေရဲ့။ ပျော့ညံ့လွန်းတဲ့ စိတ်ဓါတ်ကိုလည်း မုန်းတီးတတ်လာလေပြီ။ တဖက်စောင်းအလှည့် အသက်ရှူသံသဲ့သဲ့လေးကို မြင်ရပြီ။ စိမ်းစိမ်းစိုစိုနဲ့ မိတ်ဆွေသစ်လေးပဲ။ အဖူးသန်သန်လေးတွေပန်လို့။ အဖြူရောင် အပွင့်လေးတွေ ဝေလာဖို့ မျှော်လင့်ပါသည်။

ဖျတ်ခနဲ။ စကားလုံးတစ်လုံး။ ယုံကြည်ချက်။ ဟုတ်ပါသည်။ ယုံကြည်ချက်ရှိပါသည်။ အဖြူရောင်အပွင့်လေးတွေ ပွင့်လာမည်ဟု အသေအချာ ယုံကြည်ပါသည်။ ထို့အတူ နောက်ထပ် မဖူးပွင့်လာတော့လျှင်လည်း ခွင့်လွှတ်ပေးရန် ယုံကြည်ချက်ရှိနေပါသေးသည်။

စီရင်ချက်

လှည့်မကြည့်ချင်သောအတိတ် မဖြစ်စေပါ။
ထို့အတွက် …
နောင်တ ဟုခေါ်တွင်ရန် အကြောင်းမရှိ။

နောက်ပြန်လည်၍ နောင်တစ်ကြိမ်ရွေးချယ်ခွင့်
ထိုသို့ရှိလျှင်ပင် ..
လျှောက်လှမ်းသောလမ်းကို ပြောင်းလဲရန်အတွေးမရှိ။

ကိုယ်ချင်းစာတရားကို ပြောင်းပြန်အသုံးချခြင်းဖြင့်
ကသိကအောင့်ဖြစ်စေမှုများကိုသာ
ဝေငှမိလေသည်။

အချစ်ဟူသော ခေါင်းစဉ်တခုတည်၍
ကျဉ်းကျပ်မှုများ၊ မွန်းကျပ်မှုများဖြင့်သာ
အနှောင့်အယှက်ပေးမိလေသည်။

ဖြောင့်ဖြူးမှန်ကန်နေသောလမ်းတွင်
မလိုအပ်သော မီးအိမ်ထွန်းပေးမှုဖြင့်
နှောင့်နှေးဖြုန်းတီးမှုကိုသာဖန်တီးမိလေသည်။

တယူသန်ဆန်စွာ
ခေါင်းမာစွာ
ဆင်ခြင်တုံတရားကင်းမဲ့စွာ
အတ္တကြီးစွာ…
ဥာဏ်ရည်နိမ့်ပါးစွာ..
မိမိခံစားမှုကို ဦးစားပေးခဲ့၏။

ထိုထိုသော.. အထိန်းအချုပ်ကင်းမဲ့မှုများအတွက်………..
တသက်တာကာလပတ်လုံး….
ဖွင့်ဟညည်းတွားခြင်းမပြုနိုင်သော
ပင်ပန်းမှုကို ထုတ်ဖော်မပြနိုင်သော
လူမသိသူမသိ သိမ်ငယ်မှုများဖြင့်
ချစ်ခြင်းမခံရသော
ထာဝရနာကျင်နေရသော ကိုယ်ဖြစ်ရပါလို၏။ ။

ပေါ့ပေါ့ပါးပါး

ခုတလော…..
ခေတ်ကာလကြီးတိုးတက်လာတာနဲ့အမျှ တဖက်မှာအကောင်းတွေ ရှိသလို၊ တဖက်မှာ ပင်ပန်းဆင်းရဲ ရတာတွေလည်း ပိုများလာတယ်။ တစ်နေ့ထက် တစ်နေ့အသက်ပိုကြီးကြီးလာလို့လည်း ဒီလိုတွေးမိတာ ဖြစ်ကောင်းပါတယ်။ ဟိုတလော တကယ်ပင်ပန်းတယ်ရှင့်။ လူတစ်ယောက်မှာ စိတ်ဖိစီးမှုရှိတယ်။ နည်းတယ် များတယ်ဆိုတာ အဲဒီလူရဲ့ ခံယူချက်နဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ပင်ပန်းအောင်လည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်နိုင်သလို၊ ပေါ့ပါးအောင်လည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်နိုင်ပါတယ်။

ဖြေရှင်းစရာ ပြသနာတွေကလည်း ဒီအတိုင်းပဲ ရှိနေတုန်းပဲ။ အဆင်မပြေမှုတွေကလည်း မပြေလည်နိုင်သေးဘူး။ ပင်ပန်းမယ်ဆို ဆက်ပြီး ပင်ပန်းစရာချည်းပဲ။ ဒါပေမယ့် ရုတ်တရက်ကြီး ဒီနှစ်ရက် ပေါ့ပါးသွားတယ်။ ဘာမှ မပြောင်းလဲပါဘဲနဲ့၊ အလိုလို ပေါ့ပါးနေတယ်။ မနက်အစောကြီး ထကြည့်တော့ အအေးဓါတ်တော်တော်ရနေပြီ။ ဒီရာသီဥတုက တစ်နှစ်တာလုံးမှာ အနှစ်သက်ဆုံးရာသီဥတု။ ဒီအချိန်အခါကို တစ်နှစ်လုံးမှာ အကြိုက်ဆုံး။ ကိုယ့်ဘာသာ အာရုံတွေများနေပြီး ဒီအချိန်ရောက်နေတာကို မေ့နေတာ။ သတိထားမိတော့ နောက်မကျသေးလို့ တော်ပါသေးတယ်။ ဒီရာသီဥတုနဲ့ မနက်ခင်းတွေက ချစ်ဖို့အကောင်းဆုံး။ ညနေတိမ်တိုက်တွေက ကြည့်လို့အကောင်းဆုံး။ လမ်းလျှောက်ဖို့အကောင်းဆုံး ရာသီဥတုပေါ့။

ခု စိတ်ထဲပေါ်တာတွေ လုပ်ချင်တာတွေ ပေါ့ပေါ့ပါးပါးတွေးကြည့်လိုက်ဦးမယ်။
(၁) seasonကကော်ဖီ နေ့တိုင်း သောက်ချင်တယ်။ (အဲဒီမှာ အလုပ်ခေါ်ရင် အလုပ်လျှောက်လိုက်ရ ကောင်းမလား။)
(၂) ညနေစောင်းမှာ ကျယ်ကျယ်ဝန်းဝန်းနေရာမှာ အေးအေးဆေးဆေးထိုင်ပြီး သီချင်းအကျယ်ကြီး ဆိုချင်တယ်။ (ဒီလိုပြောရင် ခွက်တလုံးပေးမယ့်လူတွေ များနေမှာပါပဲ။)
(၃) မနက်စောစောနဲ့ ညဘက်ရွှေတိဂုံဘုရားပေါ်မှာ နေချင်တယ်။
(၄) ဆံပင်ရှည်ရှည်ကို ကျစ်ဆံမြီးကျစ်ချင်တယ်။ (ကိုယ့်ဆံပင်ကလည်း မရှည်။ ကိုယ့်အနားမှာ ဆံပင်အရှည်ဆိုလို့လည်း ပိုက်ဆံအကုန်ခံပြီး သေချာဖြောင့်ထားတဲ့ ဆံပင်ပဲရှိတယ်။ သူ့ဆံပင်ကိုပဲ သွားခိုးကျစ်ရင်ကောင်းမလား။)
(၅) စိတ်မကောက်ချင်ဘူး။ ချော့လည်း မချော့ချင်ဘူး။ (ဒီလိုပြောလို့ပဲ ချော့ရတော့မယ် ထင်ပ။)
(၆) လမ်းအကြာကြီးလျှောက်ချင်တယ်။
(၇) တောင်တက်ချင်တယ်။ (တက်နိုင်ပါ့မလားပဲ။ အသက်ကကြီးလာပြီ။)
(၈) အဝေးကြီးရောက်နေတဲ့ သူငယ်ချင်းတွေနဲ့ အလုပ်ထွက်သွားတဲ့ သူငယ်ချင်းတွေကို သတိရနေပြီး၊ အနားက သူငယ်ချင်းတွေကို ကိုင်ပေါက်ချင်နေတယ်။ (အသည်းယားလို့။)
(၉) လူတွေကြည့်ပြီး နာမည်တွေပဲ ပေးချင်နေတယ်။ (ဗေဒင်ဆရာ လုပ်ရင်ကောင်းလေမလား။)
(၁၀) စီးကရက်သောက်ချင်တယ်။