ဖတ်ရှုခြင်း၊ လေ့လာခြင်း၊ နားထောင်ခြင်းနှင့် လက်ခံခြင်း

ခဏခဏ ပြောဖူးသလိုပါပဲ၊ ခုနောက်ပိုင်း စာအုပ်တွေလည်း သိပ်မ၀ယ်ဖြစ်ဘူး။ တလတလ အသုံးစရိတ်ထဲကနေ စာအုပ်ဖိုးကို မဖယ်ထားဖြစ်ဘူး ဆိုရင် ပိုမှန်မလား။ သုံးစရာတွေက ဟိုနားတခု ဒီနားတစနဲ့ များများလာနေလို့ စာအုပ်ဝယ်ဖို့ဆိုတာ စိတ်ကူးထဲကနေ လက်တွေ့ဖြစ်လာဖို့ ခဲယဉ်းနေတယ်။ တခါတလေတော့လည်း တွေးမိသား။ အကြိုက်လုံးဝတူတဲ့ စာအုပ်ဝယ်တတ်တဲ့ သူငယ်ချင်းရှိရင် ကောင်းမှာလို့။ သူဝယ်တဲ့စာအုပ် ကိုယ်ဝယ်တဲ့စာအုပ်နဲ့ဆို ပိုဖတ်ဖြစ်မလားဆိုပြီး။ တွေးသာတွေးတာပါ တကယ်ကတော့ ၀ယ်ဖြစ်ခဲ့ရင်လည်း အရင်လို တခါတည်း ဖတ်ဖြစ်တာ ရှားလာတာပါပဲ။ အမြည်းလောက်အရင်ဖတ်။ နောက်မှ အေးအေးဆေးဆေးဖတ်မယ် ဆိုပြီးပဲ ထားဖြစ်လာတယ်။ ညဘက် စာဖတ်တတ်တဲ့အကျင့်ကလည်း ၁၀မိနစ်စာလောက်ပဲ ကျန်တော့သလားမသိပါဘူး။ အိပ်ပျော်သွားတာသာ များတယ်။ Blogတွေကလည်း ဟိုကျော် ဒီလွှားရတာကြောင့်ရော၊ ဘာရော၊ ညာရောကြောင့် လည်ဖြစ်တာ လျော့သွားတယ်။ ငွေကြောင့်ရော၊ အချိန်ကြောင့်ရော၊ တခြားအာရုံများစရာတွေကြောင့်ရော၊ (ကိုယ့်ဘာသာပေးတဲ့ ဆင်ခြေတွေကြောင့်ရော) စာဖတ်တာ နည်းနည်းလာတယ်။ စာမဖတ်ဖြစ်တော့ ကိုယ့်ဘာသာ အားမလို အားမရဖြစ်တာက ပထမဆုံး ဖြစ်လာတဲ့ ခံစားချက်ပဲ။

အဲဒီမှာ ဘာတစ်ခု သွားတွေ့သလဲ သိလားရှင့်။ seminar တွေပေါ့။ နည်းပညာနဲ့ပတ်သက်လို့ရော၊ အသိပညာနဲ့ပတ်သက်လို့ရော၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ရော။ ခုနောက်ပိုင်း seminar တွေက အရင်ကထက်တော့ များလာတယ်။ တကယ် ကျေးဇူးတင်စရာ ကောင်းပါတယ်။ ကိုယ်မှ အများကြီးလိုက်မဖတ်နိုင်တာ၊ ၂နာရီ၊ ၃နာရီအချိန်အတွင်း သူတို့ပြောတာကို နားထောင်လိုက်လို့ရှိရင် စာအုပ်တွေ အများကြီး ဖတ်လိုက်ရသလို ဖြစ်သွားတတ်တယ်လေ။ ကိုယ် စိတ်ဝင်စားတဲ့အကြောင်းအရာ ဖြစ်ဖို့တော့ လိုပါတယ်။ ဘာမှမသိတာကို နားထောင်နေရင်တော့ အလကားပေါ့။ စိတ်မ၀င်စားရင်တော့ အဲဒီ၂နာရီလောက်အချိန်က ၂နှစ်လောက်ကြာသလို ထင်ရမယ်။ ယူတတ်မယ်ဆိုရင်တော့ ကိုယ့်အချိန် ၂နာရီလောက် သုံးလိုက်ရုံနဲ့ အများကြီးရမှာပါ။

နောက် ကျွန်မက ကမ္ဘာ့နိုင်ငံရေးရာနဲ့ပတ်သက်ပြီး သိပ်မဖတ်ဖြစ်ဘူး။ ကျယ်လည်း ကျယ်ပြန့်တာကိုး။ မဖတ်တော့ နားလည်းမလည်ဘူး။ သိလည်း မသိတော့ဘူး။ ခုနောက်ပိုင်း MRTV4ကလာတဲ့ Sunday Talkတို့၊ Global Panoramaတို့ နားထောင်ဖြစ်တယ်။ ဦးကိုကို၊ ဦးမျိုးမြတ်သူ၊ ဦးကိုကိုလှိုင် သူတို့ပဲ အပြောကောင်းလို့လား မသိဘူး။ စိတ်ဝင်စားဖို့ကောင်းလို့ တတ်နိုင်သလောက် အချိန်ပေး နားထောင်ဖြစ်တယ်။ ပြောကြတဲ့ အကြောင်းအရာကလည်း အမျိုးစုံဆိုတော့ ရိုးတော့မရိုးဘူး။ တခါတလေ ကိုယ်သိပြီးသား အကြောင်းအရာတွေ၊ ဒါဆိုရင်လည်း သူတို့ အမြင်လေးတွေ ကြားရတာပေါ့။ တခါတလေ ကိုယ်ဘာမှမသိတဲ့အကြောင်း၊ ပါးစပ်အဟောင်းသားနဲ့ နားထောင်ဖြစ်တာပါပဲ။ အပတ်တိုင်း ပုံမှန်မဟုတ်တောင် နားတော့နားထောင်ဖြစ်ပြီး အကြိုက်ဆုံး အစီအစဉ်တွေပါပဲ။

တခုတော့ ရှိတာပေါ့လေ။ စာအုပ်ဖတ်တယ်ဆိုတဲ့ဆီမှာရော၊ သူများပြောတာ နားထောင်တဲ့ဆီမှာရော တူတူပါပဲ။ မျက်စိစုံမှိတ်လက်ခံဖို့တော့ မဟုတ်ဘူး။ အသိပညာ၊ အတတ်ပညာဆိုရင်လည်း အဲဒီ ကြားထား၊ သိထားတဲ့ပေါ်မူတည်ပြီး ကိုယ်တိုင်လေ့လာဖို့၊ အကြောင်းအရာ အချက်အလက်ဆိုရင်လည်း အဲဒါကို အခြေခံပြီး ကိုယ့်ဘာသာ ဖြန့်ကျက်တွေးတတ်ဖို့။ အဲဒါမျိုးတော့ အရေးကြီးပါတယ်။ လေ့လာတယ်ဆိုတာ သူများအတွေးအခေါ် သူများအမြင်တွေကို ကိုယ့်အမြင်အဖြစ်ပြောင်းလဲရမှာ မဟုတ်ပါဘူး။ သူတို့အမြင်တွေပေါ်အခြေခံပြီး ကိုယ့်အတွေးအခေါ်၊ အသိပညာကို ထက်သန်လာအောင် လုပ်ကြရမှာ ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မအမြင်တွေလျှောက်ပြောတာပါပဲ။ မှန်တယ်လို့ မဆိုလိုပါဘူး။

အားလုံးပဲ အရာရာကို ချင့်ချိန်လက်ခံနိုင်ပါစေ။

Leave a comment