တစ္ဆေ

လူးလှိမ့်ရတာ ညောင်းလို့ လမ်းထလျှောက်ရတဲ့ည..
ဒီဘက်ကမ္ဘာကတော့ ညဖြစ်လျက် တဆိတ်အလင်းတွေ များလွန်းတယ်..

မိုးစက်တချို့ကြား သဘာဝလောကကြီးထဲ နစ်မြောလိုက်သင့်လျက်..
ပါနေတဲ့ အကျင့်ကတော့ မွန်းမံထားသော ကမ္ဘာထဲသို့သာ အာရုံတွေ တွန်းပို့..

အီလက်ထရောနစ်စာမျက်နှာတွေပေါ်က အနိဌာရုံများ..
ဆုတ်ကပ်.. ဆုတ်ကပ်.. တဖွဖွရွတ်ရင်း ရွတ်ရင်း.
တဖက်လှည့် အတ္တတချို့နဲ့ ပံ့ပိုးနေမိပြန်ရော..

လေအဝှေ့မှာ လှုပ်လှုပ်သွားတဲ့ လိုက်ကာစတွေပါပဲ..
မျှော်နေသူတစ်ယောက်ကတော့ဖြင့် ရောက်မလာရုံမက စာတစ်စောင်၊ စကားတစ်ခွန်းမပါးခဲ့ပေ..

ခင်ဗျားသိလား.. ခင်ဗျားသိလား..ဆိုတဲ့ အသံပဲ နားထဲစွဲကျန်တယ်….
မအိပ်ရပါဘဲ အိပ်ရေး၀၀နေတာကပဲ ခက်လွန်းတယ်။

ကြေးနန်းစာ

Spring Flowers

Spring Flowers

ခပ်သာသာလေလေး တိုက်နေပြီး နေရောင်ခြည်ရတဲ့ ဒီလိုနေ့မျိုးကတော့ ဒီအရပ်မှာ နေလို့ အကောင်းဆုံး။ နားထဲရောက်နေတဲ့ သီချင်းသံနဲ့ သက်တောင့်သက်သာထိုင်ရင်း စိတ်ကိုခဏအနား။ ထမင်းဆုပ်ကို တကိုက်ကိုက်လိုက်တိုင်း ဆံပင်တချို့ပါ ပါးစပ်ထဲ ၀င်ဝင်လာတာတော့ နည်းနည်းသည်းခံ။ တခုကို လိုချင်ရင် တခုတော့ ဆုံးရှုံးသွားရမှာ ဖြစ်ကြောင်း ကျွန်မ သင်ကြားတတ်မြောက်ခဲ့ပြီးသား။ ပန်းဆီရောင် ပန်းတွေခဲခဲလှုပ်၊ ဟိုးဘက်နားလေးမှာတော့ ဖွေးဖွေးလှုပ်နေတဲ့ အဖြူရောင်ပန်းတွေ။ ပန်းတွေနဲ့ အကျွမ်းတ၀င်မရှိလှတဲ့အတွက် ဘယ်ဟာက ဘာပန်းရယ် အမည်မတပ်တတ်။ စိတ်ကို ကြည်လင်စေတာတော့ အမှန်။ ဒီအရပ်မှာ ဒီနွေဦးပေါက်ရာသီက နေလို့ စိတ်အချမ်းသာဆုံး။ ပန်းတွေ အပွင့်ဆုံး။ သို့သော် ရနံ့ပါသော ပန်းကတော့ ခပ်ရှားရှားရယ်။ ပုံမှန် ရနံ့သင်းတတ်တဲ့ နှင်းဆီလို စံပယ်လိုပန်းတွေတောင် ရနံ့ပျောက်နေတဲ့ ဒေသ။ အဆင်းနဲ့ အချင်း တန်းတူအခွင့်အရေးရနေသော ခေတ်ကြီးထဲမှာ အချင်းမရှိသောပန်းများရယ်လို့တော့ အပြစ်မတင်ရက်။ စက္ခုအာရုံတင့်တယ်စေတဲ့ အဆင်းရှိခြင်းသည်လည်း ကြည့်သူ၊ ရှုသူ၊ မြင်သူကို ဘ၀င်ကျစေ၊ သာယာစေနိုင်တဲ့ အရည်အချင်းတစ်ခု။ လှလှပပ ဖုန်းကွယ်တတ်ခြင်းသည် လူတော်တို့တွင်ရှိသော အတတ်ပညာတစ်ရပ်ပဲ မဟုတ်ပါလား။

ချစ်စရာကောင်းတဲ့ ခွေးငယ်ငယ်လေးတစ်ကောင်နဲ့ နောက်က အရိပ်တကြည့်ကြည့်နဲ့ လိုက်လာတဲ့ အဒေါ်ကြီးတစ်ယောက်။ မနက်တိုင်း ရုံးပေါ်မတက်ခင် မနက်စာဝင်ဝယ်နေကျ ရုံးအောက်ထပ်ဆိုင်ကလေးက အမြဲပြုံးပြတတ်တဲ့ အဒေါ်ကြီးပေပဲ။ ခုန်ပေါက်နေတဲ့ ခွေးသေးသေးလေး ကျွန်မရှေ့ ဖြတ်အလျှောက် လက်ကမ်းလိုက်တော့ ဒီအကောင်သေးသေးလေးက အနားအတင်းကပ်လာပါရောလား။ အဒေါ်ကြီးက တောင်းပန်စကားနဲ့အတူ၊ သာယာတဲ့နေ့လည်ခင်းမှာ စကားပြောဖော်ရလိုက်ပြီ။ မနက်ပိုင်း ကုန်စုံဆိုင်လေးမှာ သူအချိန်ပိုင်းလုပ်ကြောင်း၊ ကျွန်မက မှတ်မိကြောင်း၊ ဘယ်နိုင်ငံကလာသလဲအမေးကို မြန်မာလူမျိုးဖြစ်ကြောင်း၊ ဂျပန်စကား ကောင်းကောင်းပြောနိုင်လို့ အံ့သြကြောင်း စကားကိုတော့ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို ခပ်ဖွဖွလေးသာ ပြုံးမိရင်း။ ခွေးပေါက်စကလေးကလည်း ယဉ်ပါးစွာ ကျွန်မလက်ထဲ ဆော့ကစားလျက်။ ဒီကလေးလေးက နှလုံးသိပ်မကောင်းကြောင်း၊  သက်ဆိုးမရှည်နိုင်ကြောင်း၊ အပြုံးနဲ့အပြော သူ့ခွေးကလေးကိုကြည့်တဲ့ အဒေါ်ကြီးရဲ့ ဂရုဏာမျက်လုံးတွေကို ကျွန်မ ကောင်းကောင်းဖတ်နိုင်ခဲ့တယ်။ ဒီခွေးကလေး သူ့ဆီ ဘယ်တုန်းက ဘယ်လိုအကြောင်းနဲ့ ဘယ်လိုရောက်လာသလဲဆိုတာ ကျွန်မမသိ။ ရောက်ကတည်းက ချူချာသော ခွေးကလေးလား၊ နောက်မှ ချူချာသွားတာလား ကျွန်မ မသိ။ သေချာတာက မစွန့်မပစ် ဂရုတစိုက် ဒီဘ၀လေးတစ်ခုကို စောင့်ရှောက်ပေးနေတယ် ဆိုသော။

ကျွန်မတို့ ဘ၀တွေကို ကျွန်မတို့ ပိုင်ပါသည်။ ကောင်းမွန်စွာ ဖန်တီးနိုင်ခွင့်ရှိသလို မိမိဘာသာ ဖျက်ဆီးပိုင်ခွင့်လည်း အပြည့်အ၀ရှိသည်။ ဒီပိုင်ဆိုင်မှုကို ပေးခဲ့တဲ့ မိဘနှစ်ပါး။ လူ့လောကထဲ မရောက်ခင် ကိုယ်လက်အင်္ဂါစုံမစုံ သူတို့မသိ၊ ရောဂါသည်လေးဖြစ် မဖြစ် သူတို့မသိ။ အရာရာကို မျက်စိမှိတ်လက်ခံခဲ့ရပေမည်။ ကျွန်မငယ်စဉ်က အနာရောဂါထူပြောလှသည်။ ဂဂျီကဂျောင်များ၍ မျက်နှာမချိုသော ကလေးမဖြစ်သည်။ ခေါင်းမာသော နာယူခဲသော ကလေးမဖြစ်သည်။ ကြီးပြင်းလာချိန်ကာလတလျှောက် ကျွန်မလုပ်ချင်သော အရာ၊ ကျွန်မဖြစ်ချင်သော အရာများကိုသာ ကျွန်မလုပ်၍ ကျွန်မဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်စေသည်။ ကျွန်မလျှောက်ခဲ့သောလမ်းတိုင်း မှန်ကန်သည်ကိုတော့ ကျွန်မသံသယမရှိပေ။ ထိုသို့ ကျွန်မလုပ်ချင်တာ လုပ်ရသည်ဆိုသော စိတ်မျိုးကိုလည်း ၀င်စေ၊ မှန်ကန်သောလမ်းလည်း ဖြစ်စေသော ပဲ့ပြင်နိုင်သူ အမေရဲ့ အရည်အချင်းကို အသက် ၃၀နီးလာသော အချိန်မှာ ကျွန်မ ကောင်းကောင်း အသိအမှတ်ပြုတတ်ပေပြီ။

စိတ်သွားတိုင်း ကိုယ်ပါနိုင်သော ကျန်းမာသော ခန္ဓာကိုယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါသည်။ ထိပ်တန်းမဟုတ်သော်ငြား အမှား အမှန်ခွဲခြားနိုင်၍ မကန်းသော ဥာဏ်ပညာ ရှိစေတဲ့အတွက် ကျေးဇူးတင်ပါသည်။ ချစ်တတ်သူတစ်ယောက်ဖြစ်လာအောင် လုံလောက်ရုံမက ပိုလျှံစွာ ချစ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါသည်။ ကျွန်မ စိတ်ဓါတ်သိပ်ပျော့ညံ့သော၊ စိတ်ထိခိုက်လွယ်သော၊ နာကျင်လွယ်သော၊ ဒဏ်ရာရလွယ်သော စိတ်ဓါတ်အင်အားခပ်ပျော့ပျော့ မိန်းမတစ်ယောက်ဖြစ်ပါသည်။ ထိုစိတ်ဓါတ်အခြေခံကြောင့် ကိုယ်ချင်းစာစိတ်၊ ညှာတာစိတ်၊ အားနာစိတ် မခမ်းခြောက်ခဲ့တဲ့အတွက် ထိုအမွေကို ကျေးဇူးတင်ပါသည်။ စိတ်အမှတ်မရှိ၊ အတေးမထားတတ်သော အကျင့်စရိုက်ကို စွဲကပ်စေခဲ့တဲ့အတွက် ကျေကျေနပ်နပ် ကျေးဇူးတင်ပါသည်။

ကျွန်မကို ပေးခဲ့သော ကျွန်မပိုင်ဆိုင်စေသော ရုပ်ခန္ဓာ၊ စိတ်စေတနာ။ အရာအားလုံးကို ကျွန်မ ကျေနပ်စွာ လက်ခံပါသည်။ ကျွန်မသာ ပိုင်ဆိုင်သော ကျွန်မလုပ်ချင်တာ လုပ်ခွင့်ရှိသော ကျွန်မဘ၀ ဆိုသော်ငြား၊ ထိုဘ၀ကို စောင့်ရှောက်ပေးခဲ့ကြသော ကျွန်မမိသားစုကို ကျေးဇူးတင်ပါသည်။ ဘယ်နှစ် ဘယ်ကာလ ဘယ်အချိန်မှာ အတူတူပြန်နေမယ်ဆိုတာ ကျွန်မ မစဉ်းစားထားသေးပါ။ မဖြစ်ချင်ဆုံးဆန္ဒတစ်ခုတော့ ရှိသည်။ ပျက်စီးယိုယွင်းနေသောစိတ် သို့မဟုတ် မထူနိုင် မထောင်နိုင် ချုံးချုံးကျ ကျန်းမာရေးတို့ဖြင့် မိဘကို ပြန်မှီခိုရမယ့် အခြေအနေမျိုးကိုဖြစ်သည်။ အမွေဆိုသည်မှာ ထိုက်မှသာ ခံစားခွင့်ရှိသည်ဟု ဆိုကြသည်မဟုတ်ပါလား။ ကောင်းမွန်စွာ ပေးအပ်ခဲ့သော၊ လက်ခံရရှိစေသော အရာများကို ထိန်းသိမ်းစောင့်ရှောက်ဖို့တော့ ကျွန်မတာဝန်ယူကို ယူထားရပေမည်။ ရောက်ရှိရာ အရပ်တိုင်းတွင် မိမိကိုယ်ကို စောင့်ရှောက်နိုင်လျက် ပျော်ရွှင်စွာ အသက်ရှူ ရပ်တည်နေကြောင်း…………။    ။

တရေးနိုး

ယဉ်ပါးနေကျမဟုတ်တဲ့ အသံသဲ့သဲ့တစ်ခုက စိတ်အာရုံကို လှန့်နှိုးတယ်။ မလှုပ်မယှက် အာရုံစိုက်ကြည့်တော့ အလင်းဖျော့ဖျော့ချထားတဲ့ အခန်းထဲမှာ ထုံးစံအတိုင်း သီချင်းသံတိုးတိုးက တလွင့်လွင့်။ အနားမှာ ရှိနေကျ အကောင်လေးတွေကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့။ အရာဝတ္ထု တော်တော်များများက ရင်းနှီးပြီးသား ထူးမခြားနားများ။ အသံသဲ့သဲ့ရဲ့ လားရာကို ရှာမတွေ့သေး။ နှမြောတသစရာကောင်းလှစွာ အိပ်ပျော်နေတဲ့ စိတ်ကတော့ အတိအလင်း နိုးကြားသွားလေပြီ။
ခုတလော ကိုယ်နဲ့ စိတ် နှစ်ပိုင်းဖြစ်ဖြစ်နေတာကို သတိထားမိသလိုလို။ တရေးလန့်နိုးတဲ့ည၊ ကယောင်ကတန်းယောင်တတ်တဲ့ည၊ ခန္ဓာကိုယ်က ချောက်ထဲကျသွားသလိုနဲ့ အလန့်တကြားဖြစ်ရတဲ့ည၊ ခြေထောက်တွေ ကြွက်တက်လို့ ထထိုင်ဖြစ်တဲ့ည ခပ်စိပ်စိပ် လာနေတာကို မသိချင်ယောင်ဆောင်ထားရတဲ့အခိုက်။ အိပ်မပျော်တဲ့ ရောဂါထက် ပင်ပန်းစွာ အိပ်ပျော်သလိုလိုနဲ့ ပြန်နိုးလာတတ်တဲ့ ဝေဒနာမျိုးကို ခံစားဖူးမှသာ နားလည်နိုင်လိမ့်မပေါ့။

ဘယ်အရာ ဘယ်အကြောင်းတရားမဆို ကိုယ့်လုပ်ဆောင်ချက်၊ ကိုယ့်ခံယူချက်အပေါ်တွင်သာ မူတည်ကြောင်း တထစ်ချ ယုံကြည်ပစ်လိုက်သော နေ့ရက်များ။ တသက်လုံး ယုံကြည်လာသော ကိုယ်ပိုင်အရည်အချင်းများအကြောင်း၊ မှတ်ဥာဏ်များအကြောင်း၊ ထူးချွန်မှုများအကြောင်းကို လုံးလုံးသံသယ၀င်ပစ်လိုက်သော နေ့ရက်များ။ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက်နဲ့ ကိုယ်ကိုယ်တိုင် အပါအ၀င် လူဆိုတာ ဒီလိုပါလား ဆိုတာ ပိုပို လက်ခံလာမိသော နေ့ရက်များ။ လူတိုင်း လူကောင်းဖြစ်ချင်ကြတယ်ဆိုတဲ့ စကား ကြားဖူးချိန်တုန်းက အူကြောင်ကြောင်ရယ်။ ခုတော့လည်း ဟုတ်သား။ ကောင်းသာ မကောင်းနိုင်ကြတာ လူတိုင်းတော့ လူကောင်းဖြစ်ချင်ကြတာချည်းပဲကိုး။

အပြုအမူတွေကို ပြန်သုံးသပ်မိသောအခါ ကောင်းဖို့အတွက်ပါနာမည်တပ်ပြီး သူတပါးကို ပေးခဲ့မိသော ဖိအားများ၊ ပင်ပန်းစေသော စကားများ၊ စိတ်ဒဏ်ရာဖြစ်စေမယ့် အမှတ်တမဲ့များ။ တစ်ယူသန်ဆန်လှစွာသော အမျိုးသမီးဖြစ်ပါသည်။ နစ်နစ်နဲနဲ ခံစားရတိုင်း မိသားစုအပြင် သတိရလေ့ရှိတတ်သည်က အချစ်ဆုံးသူငယ်ချင်းတစ်ယောက်၊ အချစ်ဆုံး ညီမလေးတစ်ယောက်၊ နောက် အချစ်ဆုံးသူတစ်ယောက်။ ခုနေများ တွေဝေမိန်းမောမှုကြား သေသာသွားရင် အဲဒီလူတွေအနား သွားကပ်နေမိမှာ အသေအချာ။ အမှန်တကယ် အသက်ဆက်ရှင်နေချင်ပါသေးသည်။

Image
အငဲရဲ့ အိမ်သီချင်းလေး။ တချိန်က နားထောင်ပြီး မျက်ရည်ကျဖူးလေရဲ့။ ပျော့ညံ့လွန်းတဲ့ စိတ်ဓါတ်ကိုလည်း မုန်းတီးတတ်လာလေပြီ။ တဖက်စောင်းအလှည့် အသက်ရှူသံသဲ့သဲ့လေးကို မြင်ရပြီ။ စိမ်းစိမ်းစိုစိုနဲ့ မိတ်ဆွေသစ်လေးပဲ။ အဖူးသန်သန်လေးတွေပန်လို့။ အဖြူရောင် အပွင့်လေးတွေ ဝေလာဖို့ မျှော်လင့်ပါသည်။

ဖျတ်ခနဲ။ စကားလုံးတစ်လုံး။ ယုံကြည်ချက်။ ဟုတ်ပါသည်။ ယုံကြည်ချက်ရှိပါသည်။ အဖြူရောင်အပွင့်လေးတွေ ပွင့်လာမည်ဟု အသေအချာ ယုံကြည်ပါသည်။ ထို့အတူ နောက်ထပ် မဖူးပွင့်လာတော့လျှင်လည်း ခွင့်လွှတ်ပေးရန် ယုံကြည်ချက်ရှိနေပါသေးသည်။

LAZY

ဒီလို ဒီလို…
အသက်ရှူရမှာ ပျင်းလာတဲ့နေ့မျိုးမှာ
Truely, Madly, Deeply ကိုလှုပ်သောက်ပါ
Part of me ကိုသွန်ပစ်ပါ။
ဒါ ဆေးညွှန်းတခုဖြစ်ပါသည်။

အနှောင့်အယှက်ပေးသည်ဆိုသော စွန့်ပစ်ပစ္စည်းများကို
တယုတယသိမ်းဆည်းပေးသည်
တစုံတယောက် မသိမ်းဆည်းချင်တော့သော
အနှောင့်အယှက်ပစ္စည်းကြီးအတွက်တော့
နေရာမရှာတတ်သေးပါ။

Identity ကိုမသိသောသူများကို
လက်ညှိုးထိုးမိမှာစိုးသောကြောင့်
ကိုယ့်လက်ကိုယ်ကိုက်ပြီးသာ
အားရပါးရ ရယ်ဖြစ်သည်။

အိပ်ရာနိုးရင် နှင်းကျမည်ဟု ဆိုသည်
မအိပ်ဘဲ စောင့်နေပါလျှင်
နှင်းမကျဘဲ နေပါမည်လား
စမ်းသပ်ကြည့်ချင်စိတ် ကုန်ခန်းနေပါသည်။

လမ်းတွေက ရှည်လျားစွာရှိနေသေးပါသည်
သိပ်အလုပ်မဖြစ်သည်က…
အသက်ရှူရမှာ ပျင်း……ပျင်း…………. လာခြင်းတခုသာ။

အ၀ိုင်းသံသရာ

ကမ္ဘာဟာ လုံးဝန်းတဲ့အ၀ိုင်းကြီးဖြစ်သတဲ့
သံသရာကိုလည်း သံသရာစက်ဝန်းလို့ပြောစမှတ်ပြုကြလေရဲ့

သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသတဲ့
မေတ္တာဆိုတာ အသွားအပြန်နဲ့ဆိုပဲ

ဝဋ်ဆိုတာလည်း လည်တတ်တဲ့သဘော
အတုံ့အလှည့်.. အသွားအပြန်စသဖြင့်.. စသဖြင့်
အ၀ိုင်းသံသရာ…

ဒီဂရီစောင်းပြီးလည်နေတဲ့အပေါ်မှာ
ငါတို့ရဲ့အတွေးတွေလည်း စောင်းစောင်းပြီးလည်နေတတ်တယ်

ဝိုင်းဝိုင်းကြီး ၀ိုင်းဝိုင်းကြီးနဲ့
အဲဒီ ၀ိုင်းဝိုင်းကြီးကိုပဲ လိုက်တမ်းပြေးတမ်းကစားနေရော

အပြန်အလှန် အပေးအယူအပြင်..
အ၀ိုင်းသံသရာမှာ
လက်ဆင့်ကမ်းတယ်ဆိုတာပါ.. ပုန်းပုန်းနေတယ် .. ပိုပိုလာတယ်..

ဒီဘက်ရဲ့ခံစားချက်ကို ဟိုဘက်ရောက်မှ နားလည်တယ်
ဒီနာကျင်မှုကို ဟိုဘက်ကိုဆွဲရွှေ့တယ်
ဒီလိုကုသမှုမျိုး တမ်းတမ်းစွဲ မက်မောတယ်
ဟိုအထီးကျန်မှုကို ကိုယ်ပိုင်ကိုယ်ဆိုင်လုပ်ပစ်တယ်
ဟိုဘက်ကြီးကျယ်မှုနဲ့ ကိုယ်ရောင်ကိုယ်ဝါတောက်ချင်တယ်
စသဖြင့် စသဖြင့် …
အ၀ိုင်းသံသရာ…

1 year

ဖျတ်ခနဲ
စာရွက်တရွက်လှန်လိုက်သလို
တစ်နှစ်တဲ့..

တိုတောင်းလွန်းတာလား
ရှည်လျားလွန်းတာလား
သက်ဆိုင်သူ ကာယကံရှင်အသီးသီးနဲ့သာ..

မနှစ်ကလည်း ဒီလိုမီးတွေရောင်စုံ
ဒီနှစ်လည်း ခုလိုမီးတွေပုံစံစုံ
အရာရာက နေသားတကျ..

ရင့်ကျက်လာရမယ့် စိတ်ကူးတွေ
တည်ငြိမ်လာရမယ့် ဘ၀တကွေ့
တခါတလေ ပစ်ချထားခဲ့တယ်..

၁လ..
၂လ..
၃လ..
နောက် ၆လ..
ခု.. ၁နှစ်.. တဲ့..

ဆက်၍..
ဆက်၍..
ဆက်၍..

ထုတ်ဖော်ပြသခြင်းပုံစံများ

လူဆိုတာ တစ်ဦးတစ်ယောက်တည်း နေတဲ့ သတ္တ၀ါမဟုတ်ဘဲ အဖွဲ့အစည်း၊ အစုအဝေးနဲ့ နေတတ်တဲ့ အမျိုးအစား ဖြစ်တယ်လို့ဆိုကြတယ်။ ဒါကြောင့်လည်း လူ့အဖွဲ့အစည်း ဆိုတဲ့စကားလုံး ပေါ်လာတာ ဖြစ်ကောင်းပါတယ်။ အောင်မြင်မှုနဲ့ ကြုံတဲ့အခါ ကိုယ့်အောင်မြင်မှုကို တခြားသူတွေဆီက အသိအမှတ်ပြုခံချင်ကြတယ်။ ရှုံးနိမ့်မှု အခက်အခဲနဲ့ တွေ့ရင်လည်း နှစ်သိမ့်မှုကို လိုချင်ကြတယ် လို့ဆိုကြတယ်။ ဒါကြောင့် အောင်မြင်မှုကို ဝေမျှကြတယ်။ နာကျင်မှုကို ညည်းတွားရေရွတ်ကြတယ်။ အပြန်အလှန်မှီခိုရင်း ရှင်သန်နေထိုင်ကြတာကိုက လူပီသတဲ့ လူ့သဘာဝလို့ ဆိုလေမလား။

ခံစားချက်တွေကို ဝေမျှခံစားပေးတဲ့ပုံစံ၊ ခံစားချက်ကို ထုတ်ဖော်တတ်တဲ့ပုံစံတွေကတော့ လူတစ်ယောက်နဲ့ တစ်ယောက် မတူဘဲ ကွဲပြားကြမှာပါ။ တပါးသူခံစားချက်ကို ဝေမျှခံစားပေးတဲ့ကိစ္စကို အသာထားပြီး၊ ကိုယ့်ခံစားချက်ကို ထုတ်ဖော်ပြတတ်တဲ့ပုံစံတွေကိုပဲ ကြည့်ရအောင်။ အကြမ်းအားဖြင့် (၃)မျိုးခွဲပြီး မြင်ကြည့်လို့ရမှာပါ။
နံပါတ်(၁)
ဝမ်းသာရင်လည်း ၀မ်းသာကြောင်းပြတတ်ပြီး၊ ၀မ်းနည်းရင်လည်း ၀မ်းနည်းကြောင်း၊ နာကျင်ရင် နာကျင်ကြောင်း လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ထုတ်ဖော်ပြသ၊ ပြောဆိုတတ်တဲ့ပုံစံ။
နံပါတ်(၂)
ဝမ်းသာရင်လည်း စိတ်ထဲမှာပဲထား၊ နာကျင်ရင်လည်း နာကျင်ကြောင်း ထုတ်မပြော၊ ၀မ်းနည်းစရာတွေကိုလည်း မြိုသိပ်ထား။ ဒါပေမယ့် မျက်နှာမှာ အရိပ်ပေါ်တတ်တဲ့ပုံစံ။ ဆိုလိုတာက စိတ်မကောင်းစရာရှိရင် ထုတ်မပြောပေမယ့် မျက်နှာကြည့်ရင်တော့ သိသာတဲ့ပုံစံမျိုး။
နံပါတ်(၃)
ဝမ်းသာ ၀မ်းနည်း၊ ဘာဖြစ်ဖြစ် အရာရာကို စိတ်ထဲမှာပဲထားတတ်တယ်။ မျက်နှာကြည့်လည်း မသိသာတဲ့ပုံစံ။

နံပါတ်(၁) အမျိုးအစားကတော့ လူပီသလွန်းသော လူများဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောမယ်။ ပေါ့ပေါ့ပါးပါးနဲ့ ငိုကြွေးမယ်။ သူတို့အနားမှာ ရှိတဲ့သူတွေအနေနဲ့ကြည့်ရင် သူတို့ကြောင့် အလုပ်ရှုပ်ကောင်း ရှုပ်ရမှာ ဖြစ်ပေမယ့် သူတို့ဘာဖြစ်နေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း သိနိုင်တဲ့အတွက် ဘာပြန်ပေးရမလဲ ခေါင်းစားစရာမလိုဘဲ ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူ နေနိုင်မှာပါ။

နံပါတ်(၂) အမျိုးအစားကတော့ ဘာမှသာ ပွင့်ပွင့်လင်းလင်း မပြောတာ၊ အလိုမကျတဲ့အခါ မျက်နှာမှာ လာလာ ပေါ်တတ်တဲ့အတွက် သူတို့အနားမှာ ရှိတဲ့သူတွေက နည်းနည်းတော့ ဒုက္ခရောက်တတ်ပါတယ်။ ဘာလိုချင်နေမှန်း ဘာဖြစ်ချင်နေမှန်း လွယ်လွယ်ကူကူ မသိတဲ့အတွက် သူတို့ကိုချစ်တဲ့သူတွေ အခက်အခဲကြုံရတတ်တယ်။ မျက်နှာအရိပ်အကဲ ကြည့်နေရသလို ဖြစ်တော့ အနားကလူတွေကိုပါ စိတ်ပင်ပန်းစေတတ်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။

နံပါတ်(၃)သမားတွေမှာတော့ ခံစားချက်ဘာမှပေါ်တတ်လေတော့ သူတို့ကိုကြည့်ရင် အမြဲ ပုံစံတစ်မျိုးတည်း ဖြစ်နေတတ်တယ်။ အမြဲပြုံးပျော်နေတတ်တဲ့ပုံစံ၊ အမြဲငိုင်တွေနေတတ်တဲ့ပုံစံ၊ ဘာခံစားချက်မှမရှိတဲ့ ရေခဲမျက်နှာပုံစံ စသဖြင့်ပေါ့။ ပျော်လည်း ဒီပုံစံ၊ စိတ်ညစ်လည်း ဒီပုံစံ။ ဘယ်တော့ကြည့်ကြည့် အပြောင်းအလဲမရှိဘူးပေါ့။ နံပါတ်(၃) ပီသရင်တော့ သူတို့ဘေးမှာ စိတ်ချင်းပါနီးတဲ့ လူတွေတော့ခပ်ရှားရှား ဖြစ်လာမယ်ထင်ပါတယ်။ ဒါပေမယ့် နံပါတ်(၃)ကနေ နည်းနည်းလေးလွဲတာနဲ့ စိတ်ပင်ပန်းစေတတ်တဲ့ နံပါတ်(၂)ပုံစံမျိုးကို ရောက်ဖို့ရာခိုင်နှုန်းပိုများပါလိမ့်မယ်။

အမြဲတမ်း ပုံစံတစ်မျိုးတည်းနဲ့ ကိုယ့်ခံစားချက်ကို ထုတ်ဖော်ပြတတ်တဲ့သူတွေရှိသလို၊ အခြေအနေ အချိန်အခါ နေရာဒေသကိုလိုက်ပြီး ပုံစံသုံးမျိုးလုံးနဲ့ ထုတ်ဖော်ပြတတ်တဲ့သူတွေရှိကြတယ်။ နံပါတ်(၁)နဲ့ နံပါတ်(၂)ကတော့ အများဆုံးပဲ ဖြစ်လေမလား။ နံပါတ်(၃) ပီသသူတွေကတော့ တခြားနှစ်မျိုးထက်စာရင် နည်းမှာ သေချာပါတယ်။

ကိုယ်ကိုယ်တိုင်လည်း ဘယ်လိုပုံစံမျိုးနဲ့ ကိုယ့်ခံစားချက်ကို ထုတ်ဖော်ပြတတ်ကြလဲ စဉ်းစားကြည့်ကြမလား။ ကျွန်မကတော့ အမြဲနံပါတ်(၁)ပုံစံမျိုးပါပဲ။ ဒီပုံစံဖြစ်ရတာကိုလည်း တသက်လုံး ကျေနပ်လာတဲ့ လူအမျိုးအစားပဲဖြစ်ပါတယ်။ နံပါတ်(၂)ကတော့ တသက်လုံး မဖြစ်ချင်တဲ့ ပုံစံမျိုးပါ။ ခုတလောတော့ ဘာလို့မှန်းမသိ နံပါတ်(၃)သမားစစ်စစ်ဖြစ်ချင်နေပါတယ်။ ကြိုးစားကြည့်လို့ နံပါတ်(၃)မပီသနိုင်ရင် ကျွန်မမကြိုက်တဲ့ နံပါတ်(၂)သမားဖြစ်သွားဖို့သာ ရာခိုင်နှုန်းများနေပါတယ်။ ဒီလိုပုံစံတွေဆိုတာ မွေးရာပါ စိတ်အခြေခံ၊ ကြီးပြင်းလာပုံ၊ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် အကြောင်းအရာ၊ စတာတွေပေါ်မှာ အများကြီး မူတည်တာမို့လို့ ကိုယ်ဖြစ်သလို လွယ်လွယ်ကူကူ ပြောင်းဖို့တော့ မဖြစ်နိုင်ပါဘူး။

ခုနေများ မီးခွက်တစ်လုံးကောက်ရလို့ မီးခွက်စောင့်ဘီလူးထွက်လာပြီး ဆုတောင်းပါဆိုရင်၊ နံပါတ်(၃)သမား စစ်စစ်ဖြစ်ရပါလို၏ လို့များ ဆုတောင်းမိမလားပဲ။ ခင်ဗျားတို့ရော…. အပျင်းပြေစဉ်းစားကြည့်ပါဦး။