အချစ်ဆိုတာ

အချစ်ဆိုတာ… မိုးသည်းထဲမှာ သူ့ဘက်တိုးလို့ ထီးမိုးပေးတာ။
အချစ်ဆိုတာ… ပြေနေတဲ့ သူ့ဖိနပ်ကြိုးလေး ကိုယ်ချည်ပေးတာ။
အချစ်ဆိုတာ… ပေမှာစိုးလို့ ကိုယ့်ဘောင်းဘီအနားလေး သူခေါက်ပေးတာ။
အချစ်ဆိုတာ… ဘေးနားထိုင်ရင်း ကိုယ့်ပုခုံးပေါ် သူလာမှီတာ။
အချစ်ဆိုတာ… ရေစိုနေတဲ့ ဆံပင်ကို တဘက်နဲ့ သုတ်ပေးတာ။
အချစ်ဆိုတာ… သူစားဖို့ မနက်စာလေး ဝယ်သွားတာ။
အချစ်ဆိုတာ… fruit ninja ကို နဖူးတောက်ကြေး ကစားရတာ။
အချစ်ဆိုတာ… ဘယ်နှစ်စီးမြောက်မှာ ကိုယ်တို့စီးမယ့်busကား လာမလဲ လောင်းရတာ။
အချစ်ဆိုတာ… မျက်နှာမြင်ရုံနဲ့ နှုတ်ခမ်းလေးက ပြုံးလာတာ။
အချစ်ဆိုတာ… သူ့နာမည်ဖွဖွရွတ်ရုံနဲ့ မျက်ရည်ဝဲလာတာ။
ဒီလိုပါပဲ…. ကျွန်မသိတဲ့ အချစ်ဆိုတာ ချစ်တယ်လို့ ဘယ်တော့မှ ထပ်မပြောဖြစ်တော့တာ။

An Old School

အဖြူအမည်းရုပ်ရှင်တွေကို ခုံမင်ဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

၇၀ခုနှစ်အလွန်Chevroletတွေကို စွဲလမ်းဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

BMXဘီးတွေကို နှစ်သက်ဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

အခပေးဖုန်းရုံလေးတွေကို သဘောကျဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

ရေဒီယိုနားထောင်ခြင်းကို ရင်ခုန်ဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

ဓါတ်ပြားစက်တွေကို တပ်မက်ဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

လေဟာပြင်လက်ဖက်ရည်ဆိုင်လေးတွေကို ချစ်ခင်ဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

Boney M နဲ့ Carpenters ရဲ့ ပရိသတ်ဖြစ်ဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

ကက်ဆက်တိတ်ခွေနဲ့ အသံသွင်းစက်ကို စိတ်ဝင်စားဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

တချောက်ချောက်အသံနဲ့ စာစီစာရိုက်စက်ကို ကြင်နာဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

တံဆိပ်ခေါင်းတပ်ထားတဲ့ ခရုစာလေးတွေကို ငံ့လင့်ဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

အမှတ်တရပို့စကဒ်လေးတွေကို မျှော်လင့်ဆဲ
ကျွန်မကို ရှေးရိုးစွဲလို့ခေါ်ပါ။

သင့်တော်သောပမာဏဖြင့် တသလွမ်းဆွတ်ခြင်းဟာ ကျန်းမာခြင်းဆေးတဖုံ…..
ဟုတ်ကဲ့.. ကျွန်မဟာ ရှေးရိုးစွဲတစ်ယောက်ပါ။

★★Credit to my dear Ma Ju..
Original post is here…

စကားစမြည်

လက်ဖက်ရည်ကြမ်းတခွက်ရှေ့ချ..
ကျွန်မနဲ့ ကျွန်မ လေပေးဖြောင့်လို့..

ထွေရာလေးပါး
ဟိုအကြောင်းဒီအကြောင်း
သာကြောင်းမာကြောင်း…

အမှန်တွေဖြစ်သွားသော မျိုသိပ်ခြင်းများအကြာင်း
ထုတ်မပြောဖြစ်တော့သော အမှန်တရားများအကြောင်း

ထမ်းထားချင်လှသော မနိုင်ဝန်များအကြောင်း
လွှတ်မချရက်သော လေးလံမှုများအကြောင်း

မျက်စိတမှိတ်အတွေးအခေါ်များအကြောင်း
ဝေဖန်ပိုင်းခြားနိုင်စွမ်းများအကြောင်း

မိုးအကြောင်း လေအကြောင်း
တာဝန်မယူမှုများအကြောင်း

သေနတ်သံများအကြောင်း
နိမ့်ကျမှုများအကြောင်း

IQအကြောင်း
EQအကြောင်း

ခြောက်ခြားမှုများအကြောင်း
စိတ်ဒဏ်ရာများအကြောင်း

၂၄နာရီအပင်ပန်းခံချင်သော ဦးနှောက်အကြောင်း
နောက်ဆုံး…….
လှုပ်နှိုးမရတော့သော နှလုံးသားအကြောင်း…။ ။

CHOICE

၁။
ပထမဆုံးလက်က ပြုံးပြုံးလေး..
မျက်တောင်ခတ်တာကအစ.. သူ. တာလီချိုးတယ်..
၄၆နာရီနဲ့ ၂မိနစ်အဆက်အသွယ်ပြတ်မှုနဲ့
ခြေဆောင့် စိတ်ကောက်လို့ .. အဲဒီလက်တွေဖျတ်ခနဲဖြုတ်ဖူးတယ်။

၂။
ဒုတိယအသက်ရှုသံက ချိုချိုလေး..
ကဗျာသံ စာသံကြား.. သူ.. ၀င်သက်ထွက်သက်ကို အလွတ်ကျက်တယ်..
အလွမ်းချိုချိုတွေကို ပိုမက်မောမှုနဲ့
ချာခနဲလှည့်ထွက်လို့ အသက်ရှူရပ်ပစ်ဖူးတယ်။

၃။
သွေးခုန်နှုန်းနွေးနွေးလေးက တတိယမြောက်..
မြင့်မားခမ်းနားတဲ့အိမ်မက်တွေကြား.. သူ.. အရူးအမူးပဲလို့ တခါတလေရေရွတ်တယ်..
ယုံကြည်ရာတွေ မာကျောမှုနဲ့
ဟာခနဲ သွေးတွေခဲအောင် လေအေးတွေကြားဖြတ်ပြေးဖူးတယ်။

၎။
စတုတ္ထ
၅။
ပဉ္စမ
၆။
ဆဌမ
၇။
သတ္တမ
၈။
အဌမ

၉။
စိတ်အခြေအနေအလိုက် ဆံပင်အရောင်ပြောင်းရတာ ကြိုက်တယ်။
ရာသီအလိုက် အ၀တ်အစားပြောင်းရတာ ကြိုက်တယ်။
ခံစားမှုအလိုက် ဖိနပ်တွေပြောင်းစီးရတာ ကြိုက်တယ်။
ခဏခဏပြုံးရတာ ကြိုက်တယ်။
မကြာမကြာငိုရတာ ကြိုက်တယ်။
အကြိမ်ကြိမ်အေးခဲသွားတာ ကြိုက်တယ်။
ရံဖန်ရံခါနွေးထွေးလာတာ ကြိုက်တယ်။
တကယ်တော့..
ဆောင့်ကြွားကြွား မြောက်ကြွကြွ.. တကိုယ်တည်းလျှောက်ရတဲ့လမ်းကို ပိုကြိုက်တယ်။ ။

လွင့်

ဝဲဘက်ပုခုံးပေါ် ယာဘက်ပါးလေးတင်လို့
ညာဘက်လက်ထဲ ဘယ်ဘက်လက်လေးထည့်လို့
ဒီလက်တွေနဲ့ အမြဲတွဲထားပေးဖို့အကြောင်း
သနပ်ခါးရနံ့သင်းသင်းလေးနဲ့
နှလုံးသားဗဟိုတည့်တည့်ကို နားချခဲ့သူ ညီမလေးရေ။

ရုန်းနေရရင် ပွန်းမှာစိုးတယ်
တွဲထားရရင် ညောင်းမှာစိုးတယ်
သက်တောင့်သက်တာ လွင့်သွားနိုင်ဖို့
လက်ဖ၀ါးနှစ်ဖက်လုံးကို ဖြန့်ပေးလိုက်တယ်။

ကျန်ရစ်ခဲ့ရခြင်းကို မသိသလို
ချန်ပစ်ခဲ့ရခြင်းမျိုးနဲ့လည်း ဝေးပါစေ။

မျက်လုံးတောက်တောက်လေးတွေ အမြဲပြုံးလို့
နှုတ်ခမ်းကွေးကွေးလေးတွေ အစဉ်ညွတ်နိုင်ပါစေ။

ဖြန့်ပေးလိုက်တဲ့ လက်တွေထဲမှာ
ဘ၀တချို့ပါသွားတဲ့အကြောင်း
ညီမလေးသာသိရင်
သံသရာတလျှောက်..
ဒီ သနပ်ခါးရနံ့လေးကို မှတ်မိသူသာ ဖြစ်ရပါစေ။ ။

ဒီအရွယ်

မျက်မှောင်ကုတ်ထားရင်း ကုတ်ထားရင်း
စူးစူးစိုက်စိုက် ကြည့်ကြည့်တတ်လာတဲ့အရွယ်။

နှုတ်ခမ်းတွန့်ထားရင်း တွန့်ထားရင်း
ဒါများ.. ကိုယ်တွေ အိပ်နေသလောက်ရှိတာလို့ ဆိုဆိုတတ်လာတဲ့အရွယ်။

ဟိုဟာလည်းသိ ဒီဟာလည်း တတ်
လက်တည့်စမ်းဖူးတာတွေနဲ့ သလိုလို ဖြစ်ဖြစ်လာတဲ့အရွယ်။

ဒီဟာလည်းကြုံ ဟိုဟာလည်းတွေ့
အတော်များများ ဖြတ်ဖြတ် ပျက်ပျက်လာတဲ့အရွယ်။

တစ်စီးတည်းသွားမလား ဘေးတွဲချိတ်မလား
ဝေခွဲရ ခက်ခက်လာတဲ့အရွယ်။

မောင်လေး ညီမလေးကနေ
သားနဲ့ သမီး သုံးသုံးတတ်လာတဲ့အရွယ်။

မ တပ်ခေါ်တာ မကြိုက်သလိုလို
ဒေါ်.. ဆိုတာလည်း အသားမကျ တကျကျအရွယ်။

ကိုးလိုးကန့်လန့်အရွယ်။
မိုးတိုးမတ်တပ်အရွယ်။ ။

နေခွင့်..

ဟော.. ခေါ်သူတွေ လာကြပြန်ပြီ..
ခဏလေး နေပါရစေဦး..
ကျွန်မစုဘူးလေး မပြည့်သေးလို့ပါရှင်။

တဆိတ်..
လက်ကလေးခဏလွှတ်ပေးပါရှင်
ကျွန်မဆန္ဒတချို့ ကျန်နေသေးတယ်။

ဟုတ်.. မကြာပါဘူး
ကျွန်မ လိုက်ခဲ့ပါ့မယ်
တာဝန်တချို့ ကျေခဲ့ချင်သေးလို့ပါရှင်။

ကတိတည်မှာပါ..
ကတိတည်မှာပါ..
ကတိတည်မှာပါ..

ဒါကြောင့်.. ဆိုပြီး ခဏခဏ အထားခဲ့မခံရအောင်..
ရှင်တို့ ဝေးဝေးကပဲ စောင့်ပါရှင်..
ကျွန်မ သေချာပေါက်လိုက်ခဲ့ပါ့မယ်။   ။