အရိုး – လူလည်အာရှသား

ကျွန်မမျှော်လင့်နေတဲ့ တေးရေး၊ တေးဆို အရိုးရဲ့ လူလည်အာရှသား
ဆိုတဲ့စီးရီးသစ်ထွက်ရှိလာခဲ့ပါပြီ။ သီချင်း(၁၃)ပုဒ်ပါဝင်ပါတယ်။ အရိုးရဲ့
ပုံစံသီချင်းတွေချည်းပါပဲ။ ကျွန်မတို့လို အရိုးသီချင်းမှန်သမျှ
ကြိုက်တဲ့သူတွေအတွက် စိတ်ကျေနပ်စေမယ့် စီးရီးလေးပါပဲ။
ပါဝင်တဲ့သီချင်းတွေကတော့ ..
၁။ နေသာလေသာတဲ့နေ့
၂။ ဥ
၃။ လူလည်အာရှသား
၎။ ကန်တင်းထဲကကွင်း
၅။ ရုပ်ရှင်ကြည့်တဲ့ည
၆။ လေတိုက်တဲ့ညတွေ
၇။ Graduation day
၈။ အမဲကင်ကျပ်တိုက်ကြော်
၉။ ဒါရိုက်တာ
၁၀။ ကံဆိုသည်မှာ
၁၁။ ရော့ခ် အန် ရိုးလ်
၁၂။ တစ်စက္ကန့်မှာတစုံတရာ
၁၃။ နောက်ဆုံးမှာတော့

နေသာလေသာတဲ့နေ့ ကတော့ တော်တော်ကြာကြာကတည်းက အင်တာနက်မှာ နာမည်ကြီးခဲ့တဲ့
ဝေါ်အိုက်နီ သီချင်းပါပဲ။

ဥ ဆိုတာကတော့ ဟာသဆန်ဆန်သီချင်းလေးပါပဲ။ ဟိုဘက်အိမ်၊ ဒီဘက်အိမ်
ကြက်ဥလုရာကနေ စပါးကျီမီးရှို့တဲ့အထိ ဖြစ်ရတဲ့အကြောင်းရေးထားတာပါ။
/* နေတက်လေတက်မွေးတဲ့ကျုပ် စိတ်ထားကခပ်ပုပ်ပုပ်။ ……………………။
ကျုပ်တရွာလုံးက ၀ိုင်းညှိမ်းရ ကျုပ်ရှို့တဲ့မီးခင်ဗျ ကြက်ဥတလုံးက စတဲ့အစ
နှစ်အိမ်တောင် ပြာဖြစ်ကျ သင်ခန်းစာရလို့ ပုခုံးထဖက် ဂျပုက ရှုပ်မဲ့မဲ့
နောက်တခါ ကြက်တွေမဥအောင် လုပ်ထားကွဲ့။*/

စီးရီးခေါင်းစဉ် လူလည်အာရှသားကတော့ နိုင်ငံခြားသွားပြီး
အလုပ်လုပ်တဲ့ရွှေတစ်ယောက်အကြောင်းပေါ့။ သံစဉ်ငြိမ့်ငြိမ့်လေးနဲ့
အလည်လောက်မှာ လေချွန်သံလေးပါပါတယ်။
/* မဟာလူတန်းစားအိမ်မက်များ အိမ်ပြန်အခန်းပိတ် ကြိတ်ငိုရ
အာရုဏ်တက်တိုင်းထ မနက်တိုင်းတက်ကြွ လူလည်အာရှသား */

ကန်တင်းထဲကကွင်းကတော့ ကျောင်းထဲကကွင်းတစ်ယောက်စီရဲ့ စရိုက်ကို
သူ့မေဂျာအလိုက် ပုံဖော်သွားတာ တော်တော်သဘောကျမိပါတယ်။
/* Acid အလှမယ် chemistry ရဲ့queen ဗျ။ အနားသွားကပ်တဲ့
သုံးလေးငါးယောက်ကြုံဖူးတာ လက်တွေ့ခန်းခေါ်ပြီး Acid ပုလင်းနဲ့ ဆော်တယ်ဗျ။
……………………
ရိုးရိုးလေးနဲ့ ကြောက်ဖို့ကောင်းတဲ့ တစ်ယောက်ပါ။ ဟိုးရှေ့နားက
မြန်မာစာမေဂျာ ကွင်းဗျာ။ မင်းရည်းစားစာပေးတိုင်း မင်းအတွက်ပြန်ရေးမှာ
မင်းဖတ်ရမှာက ဟိုးရှေးခေတ်က ကျိန်စာတွေလား*/

ရုပ်ရှင်ကြည့်တဲ့ည ကတော့ သရဲကားကြည့်ရင်းမီးပျက်သွားတဲ့ညတစ်ညအကြောင်းပါ။
/* ခွေးတစ်ကောင်အူသံကို အခါခါသဲ့သဲ့ကြား အဖြူရောင်အရေခွံအောက်က
လက်ချောင်းများ အခန်းနံရံပေါ်မှာ ငွေရောင်အသားလှီးဓါး ခြေတလှမ်းရွေ့ချိန်
မျက်လုံးတဖက်ထွက်ကျသွား */

လေတိုက်တဲ့ညတွေကတော့ ဒီစီးရီးစ်ထဲက တစ်ပုဒ်တည်းသော အချစ်သီချင်းလို့ ပြောရမလားပဲ။
/* တိမ်တွေပျံသွားပေမယ့် ငါကျန်ခဲ့ပြီ။ အချိန်တွေပျံသွားပေမယ့်
ငါကျန်နေခဲ့။ ရင်မှာနာကျည်းနေရင့်း ငါကြေကွဲခဲ့။ */

နောက်တစ်ပုဒ်ကတော့ ဘွဲ့ယူတဲ့နေ့ရဲ့ခံစားမှုလေးပေါ့။
ကျောင်းတုန်းကနေ့ရက်တွေကို နည်းနည်းတော့ ပြန်လွမ်းသွားမိမှာပါ်။
/* ငြိမ်သက်နေတဲ့ကျောင်းတော်နဲ့ တို့လမ်းခွဲ။ အကုန်မြှုပ်နှံခဲ့
တို့တွေရဲ့ကောင်းသောနေ့ရက်။ လူသစ်တွေနဲ့ နေခဲ့တော့ ကိုယ့်လူရေ။ */

အမဲကင်ကျပ်တိုက်ကြော်ကတော့ ဟင်းချက်နည်းစာအုပ်ဖတ်ပြီး ဟင်းချက်တဲ့အကြောင်းပေါ့။
/* တစ်အိုးလုံးတူးပြီဟေ့။ မည်းရင် အမဲသားပဲ။ */

ဒါရိုက်တာကတော့ အရင် အဲလက်စ်ဆိုထားတဲ့ ဒါရိုက်တာ သီချင်းပါပဲ။

ကံဆိုသည်မှာ ကလည်း ဆိုးတလှည့် ကောင်းတလှည့် လူ့ဘ၀အကြောင်းကို
ဟာသလေးစွက်ပြီးရေးထားတာပါ။
/* လူဆိုတာ အမြဲကံမဆိုးနိုင်ဘူး။ ကံ အမြဲလည်း ကောင်းမနေဘူး။
အသက်တဖြည်းဖြည်းကြီးလာ တဖြည်းဖြည်းပိုပြီးသိ။ */

ရော့ခ် အန် ရိုးလ်သီချင်းကတော့ ရပ်ကွက်ထဲက ဆွမ်းချက်ရုံမှာ
သီချင်းအော်ဆိုနေတဲ့ လူငယ်တစ်စုပုံစံ ရေးထားတာပါ။ ဒီတစ်ပုဒ်တော့
သိပ်မကြိုက်လှဘူး။
/* အစာမကြေ ချောင်းဆိုး လေးဖက်နာ ပျောက်တဲ့ ရော့ခ် အန် ရိုးလ်။ */

တစ်စက္ကန့်မှာတစုံတရာ ကလည်း မုန်းတဲ့၊ ချစ်တဲ့၊ ကျေးဇူးရှိတဲ့ လူတွေအကြောင်းပါပဲ။
/* ဘ၀မှာ ဒေါသကြီးလို့ တန်ဖိုးမရှိ။ ……… ဘ၀မှာကျေးဇူးတရားက တန်ဖိုးရှိ။ ………….*/

နောက်ဆုံးမှာတော့ ကတော့ သေခြင်းတရားအကြောင်းရေးထားတဲ့ သံဝေဂ သီချင်းလေးပါပဲ။
/* မင်းစိတ် မင်းရုပ် မင်းခန္ဓာက အခေါင်းတခုစာ။ မင်းအတ္တနဲ့ မင်းနာမည်က မီးခိုးပါ။ */

အရိုးသီချင်းတွေက များသောအားဖြင့် တပုဒ်လုံးနားထောင်မှ
ဇာတ်ရည်လည်တာများပါတယ်။ ဒီစီးရီးစ်ထဲမှာ အကြိုက်ဆုံးကတော့
လူလည်အာရှသားနဲ့ ကန်တင်းထဲကကွင်း ပါ။ ကဲ အဆင်ပြေရင်
နားထောင်ကြည့်ကြပါဦး။

ဂန္တ၀င်စကား

စီးရီးအသစ်မထွက်တာကြာပြီဖြစ်တဲ့ သျှီ ရဲ့ ဂန္တ၀င်စကား ဆိုတဲ့စီးရီးထွက်ရှိခဲ့ပါတယ်။ သီချင်း ၁၃ ပုဒ်ပါပါတယ်။

01 သင့်ကမ္ဘာ

02 ငါ့အသဲနှလုံးမင်းယူပါ

03 ဂန္တ၀င်စကား

04 တို့လာတယ်

05 မသေသောရော့ခ်

06 အိမ်မက်ဆိုး

07 အဆုံးသတ်အဝေး

08 ဇာတ်ကောင်

09 ငါဒုတိယအကြိမ်သေတယ်

10 မနက်ကိုနမ်းပါ

11 အိမ်ပြေးသူ

12 ခါးတဲ့သင်ခန်းစာ

13 ငြိမ်းချမ်းခြင်းသို့

သျှီရဲ့ထုံးစံအတိုင်း သူမပုံစံအတိုင်းသီချင်းတွေပါပဲ။ သူမရဲ့ အသံနဲ့ လိုက်ဖက်တဲ့ စကားလုံးခံ့ခံ့ညားညားတွေနဲ့ပေါ့။

မသေသောရော့ခ် ကတော့ တခါကရော့အင်ရိုး ကိုသတိရစေပါတယ်။

အချစ်ကခါးသက်တယ် ဆိုတဲ့အကြောင်းလေးကိုဆိုထားတဲ့ အဆုံးသတ်အဝေး ကတော့ အကြိုက်ဆုံးပါ။

ဇာတ်ကောင် ကလည်း တော်တော်လေးကိုမိုက်တဲ့ သီချင်းပါ။ ဘ၀ဆိုတာကို ခပ်မိုက်မိုက်သီဆိုထားတာပါ။

….မင်းနဲ့ဝေးမယ့် လမ်းရွေးရင်းနဲ့ မင်းရဲ့ အနားပြန်ပြန်ရောက်…. ဆိုတဲ့ ငါဒုတိယအကြိမ်သေတယ် ကလည်း ခဏခဏသေဖူးတဲ့လူတွေ ကြိုက်ကြမှာပါ။

မနက်ကိုနမ်းပါ ကတော့ အားသစ်တွေဖြစ်စေမယ့် သီချင်းတစ်ပုဒ်ပေါ့။

ခါးတဲ့သင်ခန်းစာ ကလည်းနားဝင်လွယ်တဲ့ သီချင်းပုံစံလေးပါပဲ။

နောက်ဆုံးသီချင်းဖြစ်တဲ့ ငြိမ်းချမ်းခြင်းသို့ ကတော့ ဆုတောင်းပုံစံသီချင်းလေးပါ။

သီချင်း ၁၃ ပုဒ်လုံးကတော့ သျှီကို မျှော်လင့်နေသူတွေအားလုံးကျေနပ်စေမယ့် သီချင်းတွေပါပဲ။ အကြာကြီး စောင့်ရကျိုးနပ်မှာပါ။

BOB ခံစားမှု

ကျွန်မတို့ရဲ့ Hero လေးဖြူ ရဲ့ ဘင်္ဂလားပင်လယ်အော် ဆိုတဲ့ တေးစီးရီးအသစ်ထွက်ရှိခဲ့ပါပြီ။ တေးရေးတွေကတော့ မောင်မောင်ဇော်လတ်၊ ရယ်ဂျီ၊ လင်းလင်း နဲ့ နောနော် တို့ ဖြစ်ပါတယ်။ ပါဝင်တဲ့သီချင်းတွေကတော့ –

01 တစ်ယောက်ထဲနဲ့

02 ငါ့ရဲ့လမင်း

03 ၀ိရောဓိ

04 အလဲအကွဲ

05 ကစဥ့်ကလျားသီအိုရီ

06 ပြန်ခဲ့ပါ

07 သံယောဇဉ်

08 မိုးတိမ်ထဲဝဲ

09 မလုပ်နဲ့

10 အရင်လိုပါပဲ

11 အလွမ်း

12 ဒါလီနေ့

13 စာမျက်နှာ ၁၅

ကောင်းမကောင်းက ပြောစရာကိုမလိုပါဘူး။ နားထောင်ပြီးကြပြီး ဖြစ်မှာပါ။

ကျွန်မအတွက်ကတော့ အကြိုက်ဆုံးက အလဲအကွဲ။ စိတ်နာနာနဲ့ ဆိုလိုကောင်းမယ့် သီချင်းမျိုးပေါ့။

နောက် သံယောဇဉ်။ ခပ်မြုးမြူးနဲ့ show ပွဲမှာ ဆိုလို့ကောင်းမယ်ထင်တယ်။

စိတ်ခံစားမှုနဲ့ အတိုက်ဆိုင်ဆုံးကတော့ အရင်လိုပါပဲ။  ………………ဒီကမ္ဘာမှာ ငါ့အတွက်က မျှော်လင့်သမျှဟာ နောက်ဆုံးမှာ သူ့အတိုင်းသာ လွင့်ပြယ်ပျောက်ကာ သွားရင်း……….… ။ နေ့တိုင်းနားထောင်ဖြစ်မယ့် သီချင်းတစ်ပုဒ်ပါပဲ။

နောက်ဆုံးတစ်ပုဒ်ကလည်း တော်တော်လေးကို ကြိုက်ပါတယ်။ စာမျက်နှာ ၁၅…….ဘယ်ဆီကိုမင်းရောက်နေမလဲ ဘာတွေကိုမင်းလုပ်နေမလဲ။ ဘယ်သူနဲ့မင်းရှိနေမလဲ။ တွေးမိပါတယ်။ လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့ သတိရပါတယ်…………..

ကဲ နားမထောင်ရသေးတဲ့သူ ရှိရင်လည်း နားထောင်ကြည့်ပါဦး။

အနက်ရောင်


ငယ်ငယ်ကတည်းက ဘာအစွဲနဲ့မှ မဟုတ်ပေမယ့် သုံးလေ့သုံးထ လုံးဝမရှိခဲ့တဲ့အရောင်။
စွဲစွဲမြဲမြဲ ၀တ်ဆင်သုံးစွဲခဲ့တာတော့ အဖြူ။ နောက်ပိုင်း အဖြူရဲ့ စွန်းထင်းလွယ်မှု၊ အညစ်ပေမခံမှုကြောင့် အဖြူတော်တော်များများကို သုံးစွဲလေ့ သိပ်မရှိတော့ပဲ လုံလုံခြုံခြုံသာ သိမ်းထားဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ ဟိုအရောင်၊ ဒီအရောင်နဲ့ အရောင်စုံခဲ့တာပဲ။ ခုတလောတော့ အမည်းရောင်ကို အသုံးများလာတာ။ ပထမပိုင်းတော့ လိုက်လျောညီထွေရှိမှုကြောင့် သုံးရာကနေ တဖြည်းဖြည်း သူ့ရဲ့ ခံ့ညားမှုကိုသဘောကျလာတယ်။
အနက်ရောင်၊ အမည်းရောင် နဲ့ပတ်သက်ရင် ချစ်စရာကောင်းတဲ့ကဗျာလေးတစ်ပုဒ်ကို သတိရတယ်။ မိကောက်ရဲ့ကဗျာလေးပါ။ အနက်ရောင်လို့ တွေးမိတိုင်း အဲဒီက စာကြောင်းတွေက ခေါင်းထဲရောက်တဲ့ထိ ကြိုက်တာပါ။ ဖြစ်နိုင်တာတခုကလည်း အဲဒီကဗျာကြောင့် အနက်ရောင်စွဲလမ်းမှု ဖြစ်လာတာများလား။ ကဲ.. ခံစားကြည့်ပါဦး။

အနက်ရောင်

မင်္ဂလာမဲ့တယ်လို့
သတ်မှတ်လာခဲ့ရင်
သဘောတူစွာ
ဝန်ခံပါတယ်။

ဝမ်းနည်းခြင်းသရုပ်အတွက်
အဖက်လုပ်ကြတဲ့အချိန်မှာ
အလိုရှိသမျှ
လိုက်လျောပေးတတ်ပါတယ်။

ပြင်းရှတဲ့နေမင်းအောက်
မဖြစ်မနေ လျှောက်ကြရင်း
ပူလောင်ခြင်းများကို
သူတကာထက်ပိုပြီး
လက်ခံသိမ်းဆည်းထားနိုင်တယ်။

သူနဲ့တွဲဖက် ဆင်ယင်တဲ့အခါ
ကလက်တက်တက် ကာလာတွေဟာ
သပ်ရပ်ပြီး ခမ်းနားလာတယ်။

ခုနစ်ရောင်စပ်
အဖြူငညစ်ပတ်က
ကိုယ့်ဇာတ်ကိုယ်မရည်လည်ဘဲ
“အသန့်စင်ဆုံးသော” ဆိုင်းဘုတ်ဆွဲ
မောက်မာ နိုင်စားရဲတဲ့အခါလဲ
သူကတော့ ခွင့်လွှတ်မြဲပေါ့။

တည်ငြိမ်တဲ့ အရိပ်အယောင်ကြောင့်
မာနမထောင်ဘူး
ရင့်ကျက်မှုသဏ္ဌာန်တွေနဲ့
မာန်တွေလဲ မတက်ဘူး။

သူဟာ
အကျည်းတန်ချင်တန်မယ်
အထီးကျန်ဆန်ချင်ဆန်မယ်
ဒါပေမယ့်
သူ့ကို မြတ်နိုးလွန်းတဲ့ လူတစ်ယောက်
ကောင်းကင်အောက်မှာ ရှိပါတယ်။    ။

မိကောက်

Short Poem I like the most

စာမေးပွဲနီးလာပြီ။ ကျွန်မရဲ့အကျင့်က စပါပြီ။ စာမေးပွဲနီးလာတဲ့အချိန် စာတွေလည်း ကြည့်ဖို့ကျန်သေးတယ်။ ကြည့်ရင်လည်း အချိန်ရှိသေးတယ်။ ဘယ်တော့မှ စာမကျက်ချင်တဲ့အတွက် ကိုယ့်ကိုကိုယ်လိမ်တဲ့နည်းလမ်းကို သုံးတတ်ပါတယ်။ ညဘက်စာကျက်ချိန်မှာ တခြားဟာတွေ လုပ်ရမှာလည်း စိတ်မဖြောင့်။ ဟိုဟာလုပ်ရနိုး ဒီဟာလုပ်ရနိုး ဖြစ်မယ့်အစား ကိုယ့်ကိုကိုယ် ပင်ပန်းတယ် ဆိုပြီး လှိမ့်ပိန့်အိပ်တာပါပဲ။ ဒါကြောင့် စာမေးပွဲနီးရင် ကျွန်မ၀ ၀ လာတတ်တယ်။ အိပ်ချည်းနေတာကိုး။ ဒီနေ့လည်း ပြန်ရောက်ကတည်းက အိပ်နေတာ။ ခု တရေးနိုး မအိပ်ချင်တော့ဘူး။ ကျွန်မအကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ မိကောက် ရဲ့ ကဗျာစာအုပ်ကို ပြန်ဖတ်တယ်။ အဲဒီထဲက အတိုဆုံးကဗျာလေးတွေကို ဝေမျှလိုက်ပါတယ်။

ဖြောင့်ချက်

စင်စစ်တော့

အချစ်ဟာ

မကောင်းဆိုးဝါးသာ

မကောင်းဆိုးဝါးဆိုတာ

ကံနိမ့်မှ တွေ့ရတာတဲ့။

တကယ်ဗျာ

ကျုပ် ကံနိမ့်ခဲ့ပါတယ်။ ။

*******************************

ခပ်ညံ့ညံ့

ဦးနှောက်ထဲက အမုန်း

နှလုံးသားထဲက အချစ်

ဘယ်ကဖြစ်မှန်းမသိတဲ့ သစ္စာ

ဘယ်မှာသွားပြီး လွှင့်ပစ်ရမှာလဲ။  ။

*******************************

နှစ်ကိုယ်ခွဲ

ဟားတိုက်လို့ ရယ်လိုက်ချင်ရဲ့

ရှိုက်ကြီးတငင်ငိုလိုက်ချင်ရဲ့

မမြင်ဖူးရင် ကြည့်ကြပါကွဲ့

ဟောဟိုမှာ … အချစ်တဲ့

လွှင့်ပစ်ခဲ့တဲ့ ပိုင်ရှင်ခမျာ

လေးလံလွန်းလို့ ဖြစ်မှာပါကွယ်။   ။

*******************************


အင်တာဗျူး

ဘာလုပ်တာလဲ
ဦးနှောက်ဖောက်စားတာ။

မြိန်ရဲ့လား
ဆား လုံးဝမပါ။

ဘာလိုသလဲ
အချိုမှုန့် ကဲနေတယ်။ ။

တရှိုက်မက်မက်

ချစ်သုဝေ၊ ချစ်ဆုဝေ (တရှိုက်မက်မက်)

ချစ်သုဝေက ကျွန်မရဲ့ favourite အဆိုတော်တစ်ယောက်ပါပဲ။ သူ့ သီချင်းတော်တော်များများကို ကြိုက်ပါတယ်။ ဒီခွေလေးမှာတော့ သီချင်း ၁၀ ပုဒ်ပါပါတယ်။

၁ – သျှောင်ကြီးဗွေ
၂ – မျှော်လင့်စိတ်
၃ – မုန်းတယ်
၎ – မိုးသည်းည
၅ – ဘုရားဆုတောင်းပါ
၆ – တရှိုက်မက်မက်
၇ – အဝေးဆုံးမှာ
၈ – မစ်မိုရီ
၉ – ကြယ်တာရာ
၁၀ – အပြစ်ကြီးကြီး

အကြိုက်ဆုံးကတော့ ‘ဘုရားဆုတောင်းပါ’ ဆိုတဲ့တစ်ပုဒ်။ မိဘမဲ့ ဝေဒနာသည် ကလေးတစ်ယောက်ရဲ့ ခံစားချက် အနေနဲ့ ဆိုထားတာပါ။ တော်တော်လေးသဘောကျပါတယ်။

နောက်တစ်ပုဒ်က ‘အဝေးဆုံးမှာ’ ။ အိမ်မက်တွေထဲ နင်ရှိပေမယ့် လက်တွေ့က မင်းရဲ့အဝေးမှာ ငါရောက်နေခဲ့ ငါသိပေမယ့် ။

title song ဖြစ်တဲ့ တရှိုက်မက်မက် ကလည်း ကောင်းပါတယ်။ ဆွတ်ဆွတ်ပျံ့ပျံ့လေးပေါ့။

‘မိုးသည်းည’ ကလည်းတစ်ယောက်တည်းဖြစ်နေတဲ့အချိန် နားထောင်သင့်တဲ့တစ်ပုဒ်ပါ။

တစ်ခွေလုံးပြောရရင် ပထမစီးရီး ‘သို့ ဖေဖေ’ လောက် မဆူဘူး။ slow တွေပိုများပါတယ်။ နားထောင်ကြည့်ကြပါဦး။

နောက်ကြည့်မှန်

အဲဒီတံလျှပ်တွေကိုပဲ
ဘ၀တစ်လျှောက်လုံး တရှိုက်မက်မက်
မိုက်မှားခဲ့ပါတယ်
ဆက်လက် မိုက်မှားခွင့်ပြုပါတော့။

မာယာနဲ့ နေသားတကျ
ရှုမျှော်ခင်းတွေထဲ
ှဇာတ်လိုက် တစ်ယောက်လို
သရုပ်ဆောင်ပြရအောင်ကလည်း
မနေ့က လရောင်ကိုပဲ
ဒီကောင် ခိုးခိုးနမ်းနေရ။

ကြာခဲ့ပြီအမေ
ကျွန်တော့် သကရာဇ်တွေက
ကျွန်တော့်ကို တရားပြနေပြီ။

လူကြိုက်နည်းပြီး
လူနည်းကြိုက် ဇာတ်ဝင်ခန်းတွေနဲ့
သားလေ …
ကြိုးတန်းပေါ် လမ်းလျှောက်ပြနေရတုန်း။

တစ်ခါတစ်ခါ
ဘ၀ကို အသစ်ကျပ်ချွတ် ပြန်လည် တပ်ဆင်ဖို့
ချိန်သားကိုက် ဦးနှောက်တစ်ခု
အဲဒီလို ရူးသွပ်မှုနဲ့
လောကကို အပေါ်စီးက နေချင်တာတွေ
ရှုံးလိုက်တာ .. ။ ။

မင်းဆွေနှစ်

/* နောက်ဆုံးဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ် */