အရူး ၂

ခပ်လေးလေးအရာတွေကိုပဲ သယ်ထားချင်ခဲ့တဲ့ အရူးတစ်ယောက်ရှိဖူးတယ်
အရူးဆိုတော့ အကန့်အသတ်ရယ်လို့ မသိရှာဘူး။

မလှုပ်နိုင်မရှားနိုင်နဲ့ အသက်ရှူတွေခက်လာတဲ့နေ့ကပေါ့
အရူးလည်း တကိုယ်ကောင်းဆန်တတ်တယ်။

ဆူလွယ်နပ်လွယ်အရာတချို့ကိုပဲ သယ်ပြီး
ခပ်ကော့ကော့သာ ခရီးဆက်ခဲ့တော့တယ်။
ဘာတွေပစ်ချခဲ့လို့ ဘာတွေသယ်သွားမှန်း အရူးလည်း ချက်ကျလက်ကျတော့မသိပြန်ဘူးတဲ့။

ရယ်ပြရမယ်လို့ အချက်ပေးရင် သွားလေးဖြဲလို့
ငိုမှလို့ အသိဝင်ရင် မျက်ရည်တစ်ပေါက်နှစ်ပေါက်လောက်နဲ့
ပျော်ပျော်ကြီးရှေ့ကို သွားလေရဲ့။ (အရူးကတော့ သူ့ကိုယ်သူ ပျော်ပျော်ကြီးလို့ သတ်မှတ်တယ်။)

တခုခုတော့ ပျောက်နေတာ အရူးသိသလိုလို..ဆိုပဲ
အရူးမသိတာက အရူးဟာ တဖြည်းဖြည်းနဲ့ အရာဝတ္ထုကြီးတခု ဖြစ်လာတာပဲ
အသက်သာ ရှူနေပြီး သူတယောက်စာပဲ အသုံးဝင်တဲ့အရာဝတ္ထုကြီးပေါ့။

တစ်ရက်..
လူပြောသူပြောများလို့..
ပစ်ချထားခဲ့တဲ့အရာတွေဆီ ခရီးသွားဟန်လွဲဝင်ကြည့်ဖြစ်တော့….
အချစ်ရယ်လေ….
ဖုန်တွေ ပင့်ကူအိမ်တွေကြား ငုတ်တုတ်ကလေးရယ်မှ ထိုင်လို့။ ။

အရူး

မမှီတဲ့အကြောင်းတွေကိုက များပြားလှတယ်..
တွေးတောမနေတော့ပါဘူး .. ချစ်ရယ်..
ကိုယ့်ဥာဏ်ရည်ကိုက ကူးလွယ်ခတ်လွယ် ခပ်တိမ်တိမ်ရယ်။

အိပ်မပျော်တိုင်း ကြယ်တွေရေကြသတဲ့..
ကိုယ့်မှာတော့ မျက်လုံးအကြောင်သားနဲ့
ရေစရာ ကြယ်ရယ်လို့ကို ရှာမတွေ့နိုင်ဘူး။

တသန့်တပြန့်ရယ်လို့ ဘယ်လိုပြောပြော
ကိုယ်ကတော့ သဲတရှပ်ရှပ်နဲ့လည်း ကျေနပ်လိုက်တာပဲ
အမြဲတမ်းမှ ရေဆေးမနေနိုင်တာကော။

ရာသီဥတုက မသိမသာလေးအေးလာပြီ.. ချစ်ရဲ့..
မိုးလေဝသက ဘာပြောနေနေ..
ကိုယ်ခံစားမိတာကိုပဲ ကိုယ်ကအသဲအသန်ယုံတယ်။

အပေါ်ရော အောက်ရော.. ဘာကာရန်.. ဘာချိတ်ဆက်မှုမှ ရှာမတွေ့နိုင်ဘူး..
ဘယ်တွေ့မလဲ ချစ်ရယ်..
ကိုယ်က အရူးကိုး..
ဒါက အရူးချီးပန်း ခပ်နှမ်းနှမ်းတွေရယ်လေ။