တဝက်တပျက်မနက်ခင်း

အပြုအမူတစ်ခုကို သုံးပတ်လောက် ဆက်တိုက်လုပ်ရင် အဲဒါဟာ အလေ့အကျင့်ဖြစ်လာသတဲ့။ ဆိုရင်.. စောစောထစရာမလိုတဲ့ ပိတ်ရက်မျိုးမှာလည်း လူကအလိုလို နိုးလာတာ အထူးအထွေတော့လည်း မဟုတ်ဘူးပေါ့။ ၂နာရီလောက် အချိန်တွေပိုနေသေးသည်ပဲ။ လူပျင်းအလုပ်လို့ပဲဆိုဆို မထသေးဘဲ တွေးချင်ရာတွေး အိပ်ပျော်သွားလိုက် ပြန်နိုးသလိုလိုဖြစ်လိုက် နိုးတဝက်နဲ့ မထသေးဘဲ ဆက်နှပ်တယ်လို့ ပြောလေ့ရှိတဲ့ ဇိမ်ယူခြင်းကို လုပ်ဖို့ပဲ အိပ်ချင်မူးတူး အာရုံရောက်တယ်။
sound cloudကို လှမ်းဖွင့်ထားလိုက်တယ်။

「ကိုယ်တယောက်တည်း စောင့်နေမယ် ဒီအိမ်လေးထဲမှာကွယ်…」
အိမ်စောင့်သူ။ ဟုတ်တယ်။ ကိုယ်အမြဲတမ်း စိတ်ပူတယ်လေ။

「လက်ထပ်ဝတ်စုံ ကိုယ်ပေါ်မှာ သိပ်လှတဲ့ အချစ်ကလေး.. 」
၂၅မိနစ်ဆိုတဲ့အချိန်က တခုခုကို ပြောင်းလဲနိုင်မှာမို့လား။

ဟော.. ခဏခဏနားထောင်ဖြစ်တဲ့ မြရဲ့လ။ အကြိမ်ကြိမ်ဖတ်ဖူးပြီးသား ဆရာမဂျူးရဲ့ မြရဲ့လ။ စာဖတ်ခြင်းကိုလည်း သဘောကျသလို ဒီလိုမျိုး အသံနဲ့ ဖတ်ပြတာကိုလည်း နှစ်ခြိုက်သည်လေ။ ဒါကြောင့် ကျွန်မကိုယ်တိုင်လည်း ကျွန်မသဘောကျတဲ့ ဝတ္ထုတိုလေးတွေကို ဖတ်ကြည့်ပြီး အသံဖမ်းထားဖို့ ခဏခဏ ကြိုးစားဖူးသည်ပဲ။ သူ့လို အသံချိုချိုလေးနှင့် စိတ်ဝင်စားအောင် အာရုံထဲပါ မြင်လာအောင် မဖတ်တတ်ပေ။

「မြို့ပြ၏ စီးပွားရေးနှင့် လူမှုရေးသံသရာမှာ စိတ်ပါလက်ပါ လှည့်ပတ်နေထိုင်ရင်း ကျွန်တော်နှင့် သဘာဝတရားသည် ဝေး၍ဝေး၍ လာခဲ့သည်။ 」
တိုးတက်ဖွံ့ဖြိုးနေတဲ့ ရုပ်ဝတ္ထုတွေနဲ့ ပိုပိုနီးလာလေလေ သဘာဝတရားတွေနဲ့ ပိုပိုဝေးသွားလေလေဖြစ်လာတာပါပဲ။ ပတ်ဝန်းကျင် ရှုခင်းတွေမြင်နိုင်တဲ့ ခရီးသွားနေရင်းတောင် အပြင်ဘက်ထက် ကိုယ့်လက်ထဲက စကရင်သေးသေးလေးဆီသာ အာရုံရောက်နေတတ်သည်။ အပြင်က အသံတွေနားထောင်နေဖို့ထက် အိမ်ကစထွက်ကတည်းက နားထဲနားကြပ်ကိုထည့်ပြီး အသံခပ်ကျယ်ကျယ်ပဲ ဖွင့်ထားဖြစ်တော့သည်ပဲ။ မြို့ပြထဲ ကျွန်မ စိတ်ပါလက်ပါ စီးမျောခဲ့သည်။ စီးမျောနေသည်။ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေတောင် ပြောင်းပြောင်းလာခဲ့သည်အထိ။ စိတ်ပါလက်ပါ စီးမျောဖြစ်ဦးမှာလည်း သေချာသည်။

「ကျွန်တော့်ဇနီးသည် အရာရာတွင် ခေတ်နောက်ပြန်ဆွဲသော အမြင်ရှိသူဖြစ်၏။ သူမကို သက်သက်ညှာညှာပြောရလျှင် ဂန္တ၀င်အမြင်ရှိသူဟု  ခေါ်နိုင်မည် ထင်ပါသည်။ ဘယ်လောက်များ ဂန္တ၀င်ဆန်လိုက်သလဲ ဆိုလျှင် နာမည်ကိုက…. 」

အိုး.. ဘယ်တုန်းက ခြံစည်းရိုးက ပန်းတွေက ခရမ်းနဲ့ အနီချည်းပဲ ကျန်တော့တာလဲ။ ပြီးခဲ့တဲ့နှစ် ရာသီချိန်ကုန်တော့ အဖြူပင်အကုန် ကျွန်မပစ်လိုက်ပြီလား။ ဘယ်လိုဖြစ်ဖြစ် ပန်းတွေလှနေရင် ပြီးတာပါပဲလေ။ ကျောင်းကားကလည်း လမ်းမှာ စက်ပျက်နေသေး။ အမေရေ.. ဘာချက်ထားတုန်း။ အကျင့်ပါနေတဲ့လက်က ကြောင်အိမ်ကို ဖွင့်ပြီးသား။
အော်.. ဒီအခန်းလေးထဲ သစ်သားကြောင်အိမ်လေးမှ မရှိဘဲ။ ရေခဲသေတ္တာထဲပဲ အကုန်ရှိနေမှာပါ။
စောင်ခြုံထားမှပဲ။ မိုးမရွာတော့ပေမယ့် အအေးဓါတ်ကရှိနေတုန်း။

「မြအပေါ် ကျွန်တော်စိတ်ပျက်ရခြင်းမှာ မြသည် တိုက်ခန်းကျဉ်းကျဉ်းမှာ နေထိုင်ရသည့် ဘဝနှင့် ဘယ်လိုမှ နေသားကျမလာခြင်းကြောင့်ဖြစ်သည်။」
ဇာတ်လမ်းအဆုံးတွင် မြရေတွင်းထဲ ကျသွားမှာ သိနေပြီးဖြစ်လို့ မြအကြောင်းစကတည်းက ကျွန်မ မြကို သံသယနှင့် စကြည့်ပြီးသား။ ဒီနေရာမှာ မြဟာ အထီးကျန်တယ်လို့ ခံစားနေရမှာ။ ဒါကတော့ မြ သေချာပေါက် စိတ်ထိခိုက်ရမှာပဲ။ ဘာလို့များ မြဟာ…. ။ စသဖြင့်။
ဒီလိုဖြစ်တော့မယ် ဒီလိုလုပ်နေတယ် သိရုံလေးနဲ့ လူတစ်ယောက်ကို မယုံကြည်နိုင်တော့တာလည်း အသက်အရွယ်ကပေးတဲ့ သင်ခန်းစာဖြစ်လောက်တာပါပဲ။ အထူးတလည် ပြောင်းလဲယူမနေချင်တော့ပါ။

「မျက်စောင်းထိုးလျက် ရယ်မောတော့ ကျွန်တော့်ဒေါသတွေ ပြေလျော့ကျခဲ့ရတာပါပဲ။」

ဒုက္ခပါပဲ။ ဒုက္ခပါပဲ။ ဒါလည်း လုပ်ရဦးမယ်။ ဒီဖိုင်တွေလည်း မပြီးသေးဘူး။ ခဏက ဒါသွားဖတ်လိုက်တာ အချိန်ကုန်တာပဲ အဖတ်တင်တယ်။ ဒါမျိုးတွေ သိအောင်လုပ်ရဦးမယ်။ ဟင်.. ဒီပတ်စဝေါ့က ဘာပါလိမ့်။ ဟေး.. ဟေး. ခဏ. ခဏလေး. ငါဒါတွေ မသိဘူးဟ။

အော်.. စိတ်ထဲက ဖိစီးမှု၊ ပူပင်မှုတွေက အိပ်သွားမှ၊ အိပ်ချင်မူးတူးဖြစ်သွားမှ ပေါ်ပေါ်လာတာ ပိုပင်ပန်းတယ်။ သတိရခြင်းနဲ့ နာကျင်မှုတွေလည်း ထိုနည်းလည်းကောင်းပါပဲ။

「တဖက်မှာ တောင်တန်း၊ တဖက်မှာ မြစ်၊ ရာသီဥတုသည် နှစ်သက်စဖွယ်ရှိသည်။
ကျွန်မတို့ မြို့မှာ ဆောင်းဥတုဟာ ဆောင်းဥတုနဲ့ တူအောင်အေးတယ် အစ်ကို။ နွေဥတုမှာတော့ သစ်ရွက်တွေ တကယ်ကြွေကြတယ်။ တောင်လေတကယ်လာတယ်။ လေဟာ ခြောက်သွေ့ပြီး လတ်ဆတ်နေတာ။ သစ်ပင်ရိပ်ကြောင့်သာ သိပ်မပူဘဲ အေးမြနေတာကိုး။
ရာသီသုံးမျိုးတွင် ထင်ရှားကွဲပြားစွာတွေ့မြင်ရသော သက်ဆိုင်ရာရှုခင်းများကို ……」
ခုတော့ဖြင့် မြရဲ့မြို့လေးနဲ့ ဆန့်ကျင်စွာ ဟိုနေရာမှာ ဒီနေရာမှာ ရေကြီး၊ လေကြီး။ အချိန်အခါမဟုတ်မိုးရွာ။ အရိုးကွဲအောင်အေး။ ကျောကော့အောင်ပူ။ ဖောက်ပြန်လာနေသော ရာသီဥတုများ။ ရှားပါးလာသော သံယံဇာတများ။ ပျက်စီးလာနေသော မြေဆီမြေနှစ်များ။ ကျွန်မတို့ ယူသုံးတာ သိပ်များသွားကြပြီ။ အယူသာရှိပြီး စောင့်ရှောက်ခြင်း၊ ဖြည့်တင်းခြင်း ပါးရှားခဲ့ကြခြင်း ပြယုဂ်များသာ။

သတင်းထကြည့်ရင်ကောင်းမလား။ နေပါတော့လေ။ ကျွန်မဆက်လှဲနေချင်သေးသည်။

「မြ ဒီမှာ နေရတာ မပျော်ဘူးလား။
ကျွန်တော် မြအား စူးစိုက်စွာကြည့်ရင်း မေးမိတော့ မြက ကျွန်တော့်ကို ပြုံးရယ်ကာ ခေါင်းရမ်းပြခဲ့၏။
အို.. အဲလို အဓိပ္ပါယ်နဲ့ ပြောတာမဟုတ်ပါဘူး အစ်ကိုရဲ့။」
မြ ဘာလို့ ပွင့်ပွင့်လင်းလင်းမပြောခဲ့တာပါလိမ့်နော်။ အနည်းဆုံးတော့ လူတစ်ယောက်ဟာ သူပျော်တယ် မပျော်ဘူးဆိုတာလောက်တော့ ပြောပြခွင့်၊ ပြောပြရဲတဲ့သတ္တိရှိရမှာပေါ့။ သတ္တိ။ တကယ်တော့ သူလည်း အသုံးချခံ စကားလုံးတစ်ခုသာ။

「ကျွန်တော်တို့သည် မိမိတို့ဘဝမှ မည်သည့်ဂဏန်းတစ်လုံးကိုသော်မျှ နှုတ်ယူခွင့် မရှိနိုင်ပါ။」
မရှိနိုင်တာပဲ ကောင်းပါတယ်လေ။ တခုခုကို ဘဝထဲက ဆွဲထုတ်ပါဆိုရင်တောင် ဘာကိုဆွဲထုတ်ရမယ်မှန်း ကျွန်မဆို ကောင်းကောင်းသိမှာမဟုတ်ဘူးပဲ။ ဖျက်ထုတ်ချင်တဲ့ကိစ္စတွေပဲ မရှိတာလား။ များလွန်းလို့ ဘယ်ဟာကို ဖျက်ထုတ်ပစ်ရမလဲဆိုတာ မရွေးနိုင်တော့တာလား။ ကိုယ့်ကိုယ်ကို မသေချာ။

「ရေစိုရွှဲနေသော မြ၏အလောင်းကို ကျွန်တော်မြင်လိုက်ရသောအခါ ကျွန်တော်သည် သောကနှင့် နာကျင်ကြေကွဲမှု၊ ခြောက်ခြားတုန်လှုပ်မှုတို့ဖြင့် သတိလက်လွတ်ဖြစ်သွားခဲ့ရပါသည်။ 」
ကိုယ့်ဘေးက ကိုယ်ချစ်သောသူ သေဆုံးသွားသောအခါ ကျွန်မရော ဘယ်လိုများ ဖြစ်မှာပါလိမ့်။ စမ်းသပ်ချင်၊ မြည်းစမ်းကြည့်ချင်စိတ်တော့ လုံးလုံးမရှိပါ။ လောကမှာ မစမ်းသပ်ကောင်းသောအရာများ၊ မသိဘဲနေရတာက ပိုကောင်းတဲ့အရာများ တော်တော်များများရှိတယ်လို့ ကျွန်မယုံထားလိုက်ပြီးသားဖြစ်တာကိုး။

「လသည် ကျွန်တော့်အတွက် အလွန်ခက်ခဲသော ပုစ္ဆာတစ်ပုဒ် ဖြစ်ပါသည်။」
တဲ့။
ကျွန်မအတွက်တော့ လူသားများသည် စိတ်ဝင်စားဖို့အကောင်းဆုံးသော၊ အလွန်ခက်ခဲသော ပုစ္ဆာများဖြစ်သည်။

「နာရီသံတွေ ဆူညံလို့နေ.. ရင်ခုန်သံတွေ မြန်တယ်အချစ်ရေ.. 」

ကဲ.. အိမ်မက်နှင့် အပြင်လောက သဲကွဲမနေသေးသော ကျွန်မဦးနှောက်ကို နှိုးမှဖြစ်ပေတော့မည်။ နေ့စဉ်ပုံမှန်အချိန်ဇယားမှ ထွက်ပြေးခွင့်ရှိသော နေ့ရက်တချို့။ ဆိုသော်လည်း ပြန်ဝင်ရမည်လေ။
အခွင့်ရှိသည်ဆိုတိုင်း ပရမ်းပတာသုံးပစ်တတ်သော ကျွန်မကို နာရီတွေနဲ့ ဘောင်ခတ်ထားတာပဲ ကောင်းပါမည်။ လွတ်မြောက်နိုင်မှာ မဟုတ်မယ့်အတူတူ ကျွန်မ နာရီတွေနဲ့အတူ ကျေကျေနပ်နပ် အသက်ရှင်ဖို့ကိုပဲ ရွေးရပါမည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s