စာ

Letter

စာဗျို့.. စာ..
အသံလာရာ ခြံတံခါးဝဆီသို့ အပြေးအလွှား။

လွန်ခဲ့သော နှစ်ပေါင်း၂၀ကျော်ကျော်နှစ်များဆီက ကျွန်မတို့နယ်မြို့လေး၏ ဆက်သွယ်ရေးစနစ်ဟုဆိုသည်မှာ စာတိုက်နှင့် လက်ချိုးရေလို့ရသော အရည်အတွက်ရှိ တယ်လီဖုန်းများသာ။ ရှားပါးသေးသော တယ်လီဖုန်းများကိုတော့ ရံဖန်ရံခါအသုံးပြု၍ ပုံမှန်ဆက်သွယ်မှု၊ သာကြောင်းမာကြောင်း၊ သတိရကြောင်းများကိုတော့ စာရွက်ဖြင့်ချရေးကာ စာတိုက်မှတဆင့် စာပို့ဦးလေးကြီးများကျေးဇူးဖြင့် သိရှိစေခဲ့ကြသည်။

ကျွန်မပထမဆုံး စာရေးဖူးသည်မှာ ကျွန်မဘကြီးနဲ့ကြီးတော်ဆီသို့ ဖြစ်ပေလိမ့်မည်။ ဒီနှစ်စာမေးပွဲအောင်ကြောင်း၊ ဒုတိယတန်း တက်ရတော့မည် ဖြစ်ကြောင်းစသဖြင့် မောင်နှမတွေ တစ်ယောက်တစ်စောင်စီရေးကာ စုပေါင်း၍ စာတိုက်မှတဆင့်ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထို့နောက်… နွေရာသီကျောင်းပိတ်ရက်တွင် တစ်မြို့တည်းနေထိုင်သော၊ (မော်တော်ဆိုင်ကယ်ဖြင့်သွားလျှင် နာရီဝက်ခန့်နှင့်ရောက်နိုင်သော) သူငယ်ချင်းများဆီသို့။ ထို့နောက်.. စာအသွားအပြန် ခပ်စိပ်စိပ်ရေးဖြစ်ခဲ့သည်မှာ ကိုးတန်းနွေရာသီ ကျောင်းပိတ်ရက် ရန်ကုန်တွင် နေထိုင်ရာမှ ရရှိခဲ့သော သူငယ်ချင်းများဆီသို့ ဆယ်တန်းနှစ်တွင်ရေးဖြစ်ခဲ့သော စာများဖြစ်သည်။ အမြန်ချောပို့စနစ်ပေါ်ပေါက်နေပြီဖြစ်သောကြောင့် အမြန်ချောပို့ရောက်နိုင်သော မြို့နယ်များတွင် နေထိုင်သောသူငယ်ချင်းများထံ အမြန်ချောပို့ဖြင့်လည်းကောင်း၊ အမြန်ချောပို့စနစ်တွင် မပါဝင်သေးသောမြို့နယ်များတွင် နေထိုင်သူ သူငယ်ချင်းများထံ မှတ်ပုံတင်စာဖြင့်လည်းကောင်း ကျွန်မစာတွေ မပြတ်တမ်းရေးပို့ခဲ့ဖူးသည်။ တက္ကသိုလ်ကျောင်းသူဘ၀တွင်တော့ Top Englishနှင့် အလင်္ကာဂီတဂျာနယ်မှတဆင့် လွိုင်ကော်၊ တောင်ကြီး၊ ကလော၊ ကသာအစရှိသည့်မြို့များမှ Pen Friendများ တိုးပွားလာခဲ့သည်။

မမြင်ဖူးသော ၀ါသနာတူသူငယ်ချင်းများနှင့် စာအုပ်များအကြောင်း၊ သီချင်းများအကြောင်း အပြန်အလှန် စာတွေရေးဖြစ်ကြသည်။ သူစပ်ထားသောကဗျာကို ကိုယ်သဘောကျရင်း၊ ကိုယ်ချရေးလိုက်သောကဗျာကို သူတို့ချီးမွမ်းခဲ့ကြသည်။ ငြင်းဖြစ်၊ ခုန်ဖြစ်ကြသည်။ မရောက်ဖူးသောမြို့များကိုလည်း စာထဲမှ စကားများအတိုင်း ပုံဖော်ကြည့်ခဲ့သည်။ မတူညီသော နေထိုင်မှုပတ်ဝန်းကျင်များကို စာထဲမှ နားထောင်ခဲ့သည်။ မရောက်ဖူးသောအရပ်ဒေသရှိ ပွဲတော်များကို စာများထဲမှတဆင့် ဆင်နွှဲခဲ့ဖူးသည်။  ခြံဝင်းတံခါးဆီမှ ကျွန်မနာမည်ခေါ်သံနှင့် စာဗျို့.. စာ..ဟူသော စာပို့ဦးလေးကြီးကို ကျွန်မမျှော်တတ်ခဲ့သည်။ ကြောင်အိမ်အမိုးပေါ်တင်ထားတတ်သော ကျွန်မကျောင်းသွားနေစဉ်ရောက်လာသော စာများက ကျွန်မကို ပျော်ရွှင်စေခဲ့ဖူးသည်။ စာရေးစက္ကူနှင့် စာအိတ်သည် ကျွန်မအမြဲတစေ ၀ယ်ယူသော ပစ္စည်းများဖြစ်ခဲ့သည်။ စာရွက်ပေါ်တွင် တလုံးချင်းရေးချ၍ လေးမျက်နှာ၊ ငါးမျက်နှာမကသော စာများကို ကျွန်မတို့အပြန်အလှန်ရေးခဲ့ကြဖူးသည်။ မိုးတွင်းကာလ လမ်းပန်းဆယ်သွယ်ရေးခက်ခဲသောရာသီဥတုများတွင် ကြန့်ကြာတတ်သောစာများက ကျွန်မသူငယ်ချင်းများ နေထိုင်မှကောင်းရဲ့လားဟူသော စိတ်ပူမှုမျိုးဖြင့် ကျွန်မလည်ပင်းညောင်ရေအိုးဖြစ်ဖူးသည်။ ရေငွေ့စိုထိုင်းထိုင်းစာများထဲတွင်လည်း ကျွန်မအတွက် အပြန်အလှန်စိတ်ပူပင်မှုမျိုးပါလာတတ်ပြန်သည်။

ယနေ့ခေတ်အချိန်တွင်မတော့ ဆယ်သွယ်ရေးစနစ်၊ လူမှုကွန်ယက်များ အတိုင်းထက်အလွန် တိုးတက်လာခဲ့ပြီ။ ကမ္ဘာတဖက်တွင် လေပြင်းတိုက်သည့်အကြောင်းကို တခြားတဖက်ရှိလူများ စက္ကန့်ပိုင်းအတွင်း သိရှိနိုင်လာသည်။ မီးလောင်နေသောအရပ်ကို အနီးရှိလူထက် မိုင်ပေါင်းများစွာအဝေးကလူက အလျင်သိရှိနိုင်လာသည်။ လက်ချောင်းလေးများဖြင့် တချက်ချက်ရိုက်ရင်း၊ လက်ညိုးလေး တဖိဖိပွတ်ရင်း စာလုံးများစွာလျင်မြန်စွာ ရိုက်ပို့နိုင်နေပြီ။ စာလုံးထက်ပို၍ စကားပြောသော စတစ်ကာအရုပ်ကလေးများကို အဓိပ္ပါယ်ပါပါ ပေးပို့နိုင်နေပြီ။ ရေခြားမြေခြားနေထိုင်ရသော မိသားစုများကို အချိန်နှင့်တပြေးညီ ဆက်သွယ်ပေးနိုင်ခဲ့ပြီ။ အပြင်လောကတွင် ဆုံနိုင်ရန်မလွယ်ကူတော့သော မိတ်ဆွေ အပေါင်းအသင်းများနှင့် စကားပြောစရာမလိုဘဲ အဆက်အသွယ်မပြတ်ရှိနေနိုင်ခဲ့လေပြီ။

… ကိုယ်မြတ်နိုးဖူးသူရဲ့ လက်နဲ့.. ကိုယ်တိုင်ရေးလို့ထားရှာတယ်.. အရင်တုန်းက ရင်ခုန်ဖူးခဲ့တဲ့ စာလုံးဝိုင်းလေးတွေရယ်….. ဆိုသည်မှာ.. နားထောင်ကောင်းရုံသီချင်းအနေနှင့်သာ ကျန်ရစ်တော့သလိုလို။ စာမျက်နှာပေါင်းများစွာ မနားတမ်းချရေးနိုင်ခဲ့သော ကျွန်မလက်များသည်လည်း မိမိနာမည်စာသုံးလုံးကိုရေးရုံဖြင့်ပင် ညောင်းညာချင်သယောင်ယောင် အကျင့်ပျက်ခဲ့လေပြီ။ ဆယ်ကျော်သက်အရွယ် စာအုပ်ကြားထဲညှပ်၍ စာပေးခြင်းများ၊ လွယ်အိတ်ထဲ ကမန်းကတမ်းထည့်ပေးတတ်ကြသော စာလေးများ၊ စက္ကူလေယာဉ်ပျံမှ စာလေးများနေရာတွင် တတုန်တုန်အသံများဖြင့် စက်ကိရိယာမှရိုက်ပေးသောစာတိုများ၊ စတစ်ကာအရုပ်ကလေးများက နေရာယူသွားကြပြီလား။

ဘာရယ်မဟုတ်သော်ငြား..  တခါတရံ စာဗျို့.. စာ.. ဟူသောခြံတံခါးဝမှအသံကို ကျွန်မ အိမ်မက်မက်တတ်လေသည်။ ။