ချစ်သော

အမေပေးထားတဲ့ မွေးချင်းပေါက်ဖော်ထဲ မိန်းကလေးဆို၍ ကျွန်မတစ်ယောက်သာ။ တစ်ဝမ်းကွဲ၊ နှစ်ဝမ်းကွဲထဲမလည်း နတ္ထိ။ အစ်မနဲ့ ခပ်ဆင်ဆင် အဒေါ်ဆိုတာပင် မရှိ။ ကျွန်မကလည်း ငယ်စဉ်ကတည်းက တကြိမ်တခါမှ အစ်မ ညီမ မတောင့်တတတ်ခဲ့။ အစ်ကိုနှစ်ယောက်ရှိရုံနှင့်ပင် အရာရာပြည့်စုံခဲ့သယောင်ယောင်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း မှ တက္ကသိုလ်၊ ဘွဲ့လွန်တန်း၊ ကျောင်းသူသက်တမ်းတလျှောက် ဖြစ်ပျက်သမျှအရာရာ၊ ရင်ထဲရှိသမျှအရာရာ၊ ဖွင့်ပြောစရာဟူသည်လည်း အစ်ကိုနှင့် အမေပင်။ မိန်းကလေးအဖော် အချစ်ဆုံး သူငယ်ချင်းများစွာရှိသော်လည်း အစ်မတစ်ယောက်လို တွယ်တာစရာဟူ၍ ထူးထူးခြားခြား မရှိခဲ့သေး။

ကျောင်းပြီးခါစ ဘာမှ ထူးထူးထွေထွေ မရွေးချယ်မိခင် အလုပ်တစ်ခု စ၀င်မိတယ်။ ၀န်ထမ်း ၆ယောက်သာသာ ရှိပြီး၊ အလုပ်မများလှတဲ့ သွင်းကုန်၊ ထုတ်ကုန် ကုမ္ပဏီ။ ကျွန်မ ကလေးသာသာ အရွယ်မှာ အကုန်လုံးက ကျွန်မထက် ၇နှစ်အထက်အသက်ကြီးကြတဲ့အစ်ကိုကြီး၊ အစ်မကြီးတွေချည်း။ အလုပ်ဝင်ပြီး တပတ်သာသာမှာတင် ကျွန်မပျော်မွေ့သွားခဲ့သည်။ ကျွန်မကို အရာရာ ငဲ့ညှာ၊ ဂရုစိုက်၊ အလိုလိုက်ခဲ့တဲ့ အသိုင်းအ၀ိုင်းတစ်ခုဖြစ်ခဲ့သည်ကိုး။ ထိုအထဲတွင်မှ မမို့ ဟုကျွန်မက ခေါ်၍ ဆုကလေး ဟု ကျွန်မကိုခေါ်သော ကျွန်မချစ်သော အစ်မတစ်ယောက်ရှိလေသည်။ ၀န်ထမ်းနည်းနည်းနှင့် အလုပ်ကျဲကျဲ ကုမ္ပဏီဖြစ်သောကြောင့် သန့်ရှင်းရေး ၀န်ထမ်းဟူ၍ သီးသန့်မရှိ၊ ကိုယ်တိုင်ပင် အလှည့်ကျ၊ မီးဖိုချောင်ရှင်း၊ အိမ်သာဆေး၊ တံမြက်လှည်း၊ သန့်ရှင်းရေးစသော ကိစ္စများလုပ်ကြရသည်။ မမို့သည် အိမ်သာသန့်ရှင်းရေကို ကျွန်မကို ဘယ်တော့မှ မလုပ်စေရ။ အိမ်မှာလည်း လုပ်ရတာမဟုတ်၊ ဒီမှာလည်း မလုပ်နှင့် ဆိုကာ သူပင် အတင်းလုပ်တတ်သည်။ အသက်အငယ်ဆုံးသည် ကျွန်မဖြစ်သောကြောင့် ကျွန်မသာ လုပ်သင့်သည်ဟု အမြဲတစေ ငြင်းခုန်သံ တညံညံဖြစ်မြဲ။ ထမင်းစားပြီး ထမင်းဘူးလည်း ကျွန်မ မဆေးစေရ။ ကော်ဖီဖျော်စရာရှိလည်း မဖျော်စေရ။ ကျွန်မနောက်ကျသည်အထိ အလုပ်လုပ်ရလျှင်လည်း ထာဝစဉ် ထိုင်စောင့်ပေးတတ်သည်။ ထိုစဉ်အခါက ကျွန်မတို့ မည်သူမျှ သုံးငွေ အပိုအလျှံမရှိ။ လကုန်ရက် နေ့လည်ခင်း ဟိုစားချင် ဒီစားချင် အချိန်များတွင်လည်း မမို့သည်ပင် စိုက်ထုတ်တတ်သည်။ နှစ်နှစ်နီးပါး စားအတူ၊ သွားအတူရှိပြီးချိန်၊ မမို့ပင်လျှင် ကျွန်မဘ၀အတွက် အခြားအလုပ် ရှာဖွေသင့်ကြောင်း၊ တိုက်တိုက်တွန်းတွန်းပြောဆိုခဲ့လေသည်။ ကျွန်မ လျှောက်သင့်သော လမ်းပေါ် တက်မိသောအချိန်တွင်လည်း မျက်ရည်စက်လက်ဖြင့်ပင် ကျွန်မလက်ကို ဖြုတ်ပေးခဲ့လေသည်။ ယခုအချိန်တွင်တော့ ကျွန်မချစ်သော မမို့သည်လည်း အခက်အခဲပေါင်းစုံကျော်ဖြတ်၍ သူမချစ်သူနှင့် နယ်မြို့ကလေးတွင် ငြိမ်းချမ်းစွာ ရှိကြောင်း သတင်းစကားတချို့ဖြင့်ပင်.. ။

လမ်းသစ်တစ်ခုဖောက်ဖို့ အစအပြု၊ ဘာသာစကားသင်တန်းတခုမှာ ဘေးချင်းကပ်ထိုင်ရာက ကျွန်မအတွက် အစ်မဖြစ်လာသူ မမီသော်ဟု ခေါ်တွင်သော။ ထင်ရာကို ထင်သလို လုပ်လုပ်ပစ်တတ်ပြီး၊ တင်္ခဏုပ္ပတ္တိဥာဏ်ထက်သန်လှသော သွားအတူ စားအတူရှိခဲ့သော အစ်မ။ အမြင် အတွေးမတူသည်များ ရှိသော်ငြား ပွင့်လင်းလွန်းလှသည့် အပြောအဆို၊ အပြုအမူက ကျွန်မအားကျခဲ့သည့်အရာများ။ ကျွန်မတို့လျှောက်နေသောလမ်းသည် အစ်မအတွက် ပနံရသော လမ်းမဟုတ်ကြောင်း ကျွန်မကိုယ်တိုင် လက်ခံသောကြောင့် အစ်မ ခွဲထွက်သွားမည်ဆိုတော့ ကျွန်မ အထွေအထူး ဆွဲမထားခဲ့။ ထိုအစ်မသည်လည်း သူမနှင့်ကိုက်ညီသော လမ်းကြောင်းပေါ်တွင် သူမရွေးချယ်ထားသော ချစ်သူကိုပင် လက်တွဲလျက်…။ တခါတရံ သတိတရ.. ။

မမငုဟု ကျွန်မခေါ်တွင်သော လေးစားရတဲ့အစ်မ။ မဂ္ဂဇင်းတစ်ခုထဲပါသော ကျွန်မစာလေးတစ်စောင်မှ အစပြုပြီး ကျွန်မတို့ စတင်ရင်းနှီးခဲ့ကြသည်လေ။ NGOအဖွဲ့အစည်းများ၊ ပညာဒါနသင်တန်းများ၊ သွေးလှူခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုများ စသော စသော ကျွန်မ စိတ်ကူးထဲတွင်သာ စာတွေ့တွေ့ခဲ့သောအရာများကို အစပြဆွဲထုတ် ရင်းနှီးစေခဲ့သူ။ စာအုပ်များစွာ အလဲအလှယ် ဖတ်စေခဲ့သူ။ ကျွန်မရုံးအဆင်း၊ မမငုသင်တန်းအဆင်းများတွင် လက်ဖက်ရည်ဆိုင်ထိုင် တမေ့တမော အကြောင်းအရာမျိုးစုံ ဆွေးနွေးဖြစ်ခဲ့ချိန်များ။ ဟိုဟိုဒီဒီ ကိစ္စများမြောင်ခဲ့ချိန်များ။ ကျွန်မ၏ ငယ်အိမ်မက်များ၊ စိတ်ကူးယဉ်မှုများ၊ ဖြစ်ချင်သောဘ၀များ၊ အားကျသူများအကြောင်း စသည်ဖြင့် ကျွန်မ၏ အတွေးအခေါ်၊ အယူအဆများကို အများဆုံး ရင်ဖွင့်ပြောပြဖူးသူ။ ကျွန်မ အခက်အခဲ ဖြစ်နေချိန်တချိန် အဝေးတနေရာမှ ကျွန်မလက်ထဲ ရောက်အောင်ပို့ခဲ့သော ဒေါ်လာစက္ကူ။ ကျွန်မကို သိပ်ကို ထူးချွန်စေချင်သူ၊ လဲပြိုနေတာကို မနှစ်သက်သူ။ မွေးချင်းရင်းချာ အစ်မ၊ ညီမများ ရှိသည့်ကြားက ညီမအရင်းတစ်ယောက်နှင့်မခြား နီးကပ်စေခဲ့သူ။ ကိုယ်စီ ကိုယ်စီ ရွေးချယ်ရာလမ်းများပေါ် လျှောက်ရင်း၊ မဆုံးနိုင်သော အရှုပ်များကိုပင် အလုပ်ထင်ရင်း၊ သွားရင်း၊ လာရင်း၊ မမငုနှင့် အနေဝေးခဲ့ကြရသည်ပဲ။ အချိန်တချို့တွင် ဒီအချိန်မှာ မမငုသာရှိရင်၊ ဒါသာ မမငုကို ပြောပြရင်၊ ဒီစာအုပ်အကြောင်းကိုဖြင့်.. စသဖြင့် စသဖြင့် စိတ်ထဲမှတော့ ပြောဆိုမိဆဲ.. ။

အလုပ်လုပ်ရင်း လုပ်ရင်း၊ အဖွဲ့တစ်ဖွဲ့တည်း ဖြစ်ရာက တဖြည်းဖြည်း ရင်းနှီးလာလေသော ကျွန်မအားကိုးရသော အစ်မနှစ်ယောက်။ အလုပ်နှင့်ပတ်သက်၍ တော်တော်များများ တိုင်ပင်ဖြစ်ပြီး ကျွန်မကိုလည်း နားလည်ပေးတတ်သူများ၊ သဇင်ဟူသော အမည်နှင့်လိုက်အောင် ဖြူဖြူနွဲ့နွဲ့။ တခါတခါ ထိုအစ်မကို အားမရပေ။ ကျွန်မ ပိုက်ဆံလိုတိုင်း၊ မုန့်စားချင်တိုင်း၊ အားမနာစတမ်း တောင်းဆိုနိုင်သော၊ ဘယ်လောက်ပင်ပန်းပင်ပန်း ခပ်ဝေးဝေးလမ်းကိုမှ ညနေစောင်း လမ်းလျှောက်ချင်သူကျွန်မအတွက် ထီးသဖွယ် စောင့်ရှောက်ပေးခဲ့သူ ချစ်သော မစန်း။ ဘယ်အချိန် တွေးတွေး လုံခြုံစေသော ထိုအစ်မ။ အေးဆေးလွန်းသော တစ်ယောက်အတွက် သူမတသက်လုံး တစ်ယောက်တည်း နေလို့ မဖြစ်နိုင်၊ အနားတွင် တယောက်ယောက် ရှိစေချင်သော ပူပင်စိတ်။ ဆန့်ကျင်ဘက်အားဖြင့် နဂို ဘုရားတရားသမား အစ်မအတွက်ကတော့ ဒီလိုသာ မိသားစုအတွက်ချည်း အချိန်ပေးနေနိုင်လျှင်လည်း စိတ်အေးရတာပေါ့ဆိုတော့ စိတ်ချစိတ်။ အဆက်အသွယ် ကျဲကျဲကြား အသံတိတ်နေသော်လည်း အားကိုးနေဆဲဖြစ်ကြောင်း.. ။

သူမရေးသော စာတစ်ပုဒ်ကိုဖတ်ရင်း မျက်ရည်ကျသည်အထိ စိတ်ထဲရောက်ရာကအစ၊ သူမ ရေးသားသော စာများ၊ ကဗျာများကို လိုက်ဖတ်ရင်း၊ သူမညွှန်းသော ရုပ်ရှင်ကားများကို လိုက်မြည်းစမ်းရင်း၊ ခင်မင်လာသူ။ ကျွန်မပြောသမျှ နားထောင်သမားသက်သက်။ ကျွန်မ၏ဟစ်တိုင်တဖြစ်လဲ ချစ်သော မဂျူ။ သူမ လှုပ်ရှားရှင်သန်နေသမျှ သူမ စာများ၊ ကဗျာများ၊ မက်ဆေ့ခ်ျများမှ တဆင့်။ ကျွန်မပုံရပ်များကိုလည်း ထိုနည်းလည်းကောင်း သူမ ကွန်ပျူတာမျက်နှာပြင်၊ ဖုန်းမျက်နှာပြင်မှတဆင့် ဆက်သွယ်ရင်းနှီးလေသူ။ ကျွန်မ စိတ်ဓါတ် ပြိုယိုင်လဲနေချိန်များတွင် စတင်ရင်းနှီးခဲ့ပြီး၊ ကျွန်မကို အမြဲတစေ နှစ်သိမ့်နိုင်သူ။ ကျွန်မအမှားများကို မြင်အောင်ပြနိုင်သူ။ ကိုယ်စီ ဘ၀အမောတွေကြား၊ မျက်ဝါးထင်ထင် မြင်တွေ့နိုင်မယ့်နေ့၊ လက်ဖ၀ါးချင်း ဆုပ်ကိုင်နိုင်မယ့်နေ့ကို မျှော်လင့်ရင်း.. ။

ကျွန်မချစ်သော ကျွန်မအစ်မများ။ ကျွန်မ အသက် ၂၉။ ထို့ထက်ပို၍ မျှော်လင့်ဖို့ မကောင်းတော့ပြီဆိုရင်တောင် ကျေနပ်စရာ ပိုင်ဆိုင်ခဲ့မှုများ ……………..။

photo credit to http://www.wallcoo.net/cartoon/lovely_children_vector/html/wallpaper1.html

2 thoughts on “ချစ်သော

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s