တညနေ

အား..
မျက်စိထဲ ဒီလောက် စူးခနဲ ၀င်လာရလား။ ဘယ်လိုကားမီးရောင်လဲ။ ဒါကြောင့် ယဉ်ကြောနဲ့ ပြောင်းပြန် လမ်းလျှောက်လို့ အဆင်မပြေတာ။ မျက်လုံးတွေကတော်တော် မကောင်းတော့တာပဲကိုး။ ဒီညစာ မုန်လာဥနီစားရင်ကောင်းမလား။ မြင်းခွာရွက်ဟင်းချို ချက်သောက်ရင်ရော။ ခုပဲ ည ၇နာရီ။ အိုက်စပ်စပ်နဲ့မို့လို့ လမ်းနည်းနည်းလျှောက်မယ်စိတ်ကူးနဲ့ လမ်းလျှောက်လာမိပြီးကာမှ အိမ်ပြန်ရောက်ဖို့က နောက်ထပ် ၁နာရီကျော်ကျော်လိုဦးမယ်။ ဟင်းချက်စားမယ့်အကြံဖျက်ဖျက်။ အေးအေးဆေးဆေး လမ်းလျှောက်တာမှ ကောင်းဦးမယ်။ မျက်စိအတွက်ကတော့ မျက်စိအားဆေးရှိတာပဲလေ။ သောက်တာပေါ့။ ခုတလော လေအလုံအလောက်မရသလိုလို ဖြစ်နေတဲ့  ဦးနှောက်အတွက် လေအေးအေးရှူရင်း လမ်းလျှောက်တာက ပိုကောင်းပါတယ်လေ။

ကြည့်စမ်း..
ဒီအပင်လေး အရွက်တွေ ကြွေတော့မှာပဲ။ ဒီလမ်းတလျှောက်က အမြဲလမ်းလျှောက်လို့ ကောင်းတာ ဒီအပင်တွေ ကျေးဇူး။ နေရာဒေသ ခေတ်ကာလအရ အပင်ခြေရင်းမှာ ရေချမ်းစင်လေးတွေတော့ မရှိရှာဘူးပေါ့။ အပင်လေးတွေ စီစီတန်းတန်းရှိနေသေးတာပဲ တော်လှပြီ တွေးရမယ်။ ငယ်တုန်းရွယ်တုန်းကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေး စိတ်ဝင်တစားရှိဖူးပါရဲ့။ စာအုပ်တွေဖတ်လို့၊ စိတ်ကူးတွေယဉ်လို့၊ မြင့်မြင့်မားမားတွေ မြင်ကြည့်လို့၊ အတွေးတူသူတွေနဲ့ ဆွေးနွေးလို့ပေါ့။ နောက်ကျတော့လည်း တစ်ကိုယ်စာ အတွက်ပဲ လှုပ်ရှားရုန်းကန်ရင်း ကူညီရာမရောက်ချင်နေမယ် ဖျက်ဆီးသူထဲတော့ မပါတော်ပြီနဲ့ပဲ ရသေ့စိတ်ဖြေ နေဖြစ်သွားတာပဲကိုး။ အပင်ကြီးတွေအောက် ဖြတ်လျှောက်ရင်း ခေါင်းမော့ပြီး အသက်ပြင်းပြင်းရှူလိုက်ရရင်ကိုပဲ ဦးနှောက်ထဲ လေတွေတော်တော် ရောက်သွားသလိုပါလား။ ဒီလိုဆိုတော့လည်း အဆုတ်တင် မဟုတ် ဦးနှောက်ကပါ လေရှူတတ်တယ်ပုံ။ အိုက်စပ်စပ်အချိန် လေအေးအေးတွေ ဖြတ်တိုင်းတိုင်း အဖွားပြောနေကျစကားရှိတယ်။ လေနတ်မင်းကြီးကျန်းမာပါစေတဲ့လေ။ ငယ်ငယ်ကတော့ ခဏခဏ လိုက်ပြောနေကျ။ ဘယ်သူ့ကို ကျေးဇူးတင်ရမှန်းမသိတာသာ ရှိခဲ့တယ်။ အပင်တွေရဲ့ ဖြစ်တည်မှုက တခါတခါ လူတစ်ယောက်ရှိနေခြင်းထက် အရေးပါသလိုလို။

အယ်..
ယိုင်ခနဲပါလား။ ဒီလောက်ရှင်းနေတဲ့ လမ်းမှာ ပုခုံးချင်းတိုက်ပြီးတောင် အပြေးအလွှား သွားနေတဲ့ အမျိုးသမီး။ လက်ထဲက ခြင်းထဲမှာလည်း ဈေးဝယ်လာပုံ အသီးအရွက်တွေ ထိုးထိုးထောင်ထောင်။ အလုပ်ကအပြန် နောက်တစ်ရက်စာအတွက် ဈေးဝယ်ပြီးမှ အပြေးအလွှားပြန်ရတဲ့ အိမ်ရှင်မများလား။ ဒီလို ညနေစောင်းအချိန်တွေ တစ်နေရာရာမှာ ထိုင်ပြီး ဖြတ်သွားဖြတ်လာတွေကို အေးအေးဆေးဆေး ထိုင်ကြည့်ကြည့်စမ်းပါ။ တကယ်စိတ်ဝင်စားစရာ ကောင်းတာ တွေ့လိမ့်မယ်။ အလုပ်အပြန်၊ ကျောင်းအပြန်၊ တနေကုန် သွားလာ လှုပ်ရှားပြီး၊ ပင်ပန်းနွမ်းနယ်နေပုံရှိတဲ့သူတွေ၊ ပင်ပန်းပုံရပေမယ့် တက်ကြွနေသေးတဲ့လူတွေ၊ ခုမှ လှပမွှေးကြိုင်ပြီး ထွက်လာတဲ့သူတွေ၊ အကြိုအပို့ ၀တ္တရားပိုင်ရှင်တွေ၊ အပူအပင်နဲ့ မျက်နှာတွေ၊ လွတ်လပ်ပေါ့ပါးသွားတဲ့ မျက်နှာတွေ၊ အလုပ်ရှုပ်လို့ ကောင်းဆဲ ပျာယီးပျာယာ မျက်နှာတွေ၊ တဖျတ်ဖျတ် တလွှားလွှားခြေလှမ်းတွေ၊ ယိုင်တိုင်တိုင် ခြေထောက်တွေ၊ တကယ်ကို ကြည့်နေရင် မရိုးနိုင်အောင် တွေ့ရပြီး၊ မမောနိုင်အောင် တွေးချင်ရာ တွေးကြည့်လို့ရတယ်။ တခါတလေ ဒီလိုနည်းနဲ့ အပန်းဖြေရတာလည်း စိတ်လွတ်ကိုယ်လွတ်တော့ အရှိသားပါ။

ဟူး..
ကားပေါ်ရောက်တော့လည်း ဘယ်ကလူတွေဒီလောက်များလဲ တွေးရလောက်အောင် ကြပ်နေတာပါပဲလား။ ဒီလိုကြားထဲ ထိုင်စရာရဖို့ဆိုတာ စဉ်းကို မစဉ်းစားချင်ဘူး။ ခပ်ဝေးဝေးစီးရမယ့် အတူတူ ခပ်ချောင်ချောင် အနောက်နား တိုးကပ်ရပ်တာပဲ သက်သာရာရမှာ။ တက္ကသိုလ်တက်ဖို့ မြို့ကြီး ပြကြီးရောက်ခါစက အပေါင်းအသင်းတွေနဲ့ ပြောနေကျစကားကို သတိရမိပါ့။ Golden chance.. Diamond chance.. နဲ့ ထိုင်ခုံရဖို့ အခွင့်အရေးကို။ ခရီးအကွာအဝေး၊ လူအသွားအလာလမ်းကြောင်းပေါ်မူတည်ပြီး ဒီကားစီးလို့ ထိုင်စရာရလို့ကတော့ ဒါ Diamond Chanceပဲဆိုတာ။ ဒီလောက်ကြပ်ညှပ်တဲ့ကားပေါ် နောက်ရင်းပြောင်ရင်း စီးပါမှပဲ သက်သာရာ ရသလိုလို ခံစားမှုမျိုးဖန်တီးယူခဲ့သလိုပေါ့။ ကိုယ့်အလှည့်တုန်းက ခပ်လောင်လောင်မို့ပေပဲလား၊ အများပြည်သူစီး လိုင်းကားတွေပေါ် လူငယ်တွေ ဆူဆူညံညံလုပ်လည်း ခပ်ပြုံးပြုံးကြည့်နေတတ်တဲ့ အကျင့်ရှိသွားတာ။ ငယ်ဘ၀ဆိုတာ အတွေးထဲတော့ အမြဲလင်းလက်နေတာပဲလေ။ အချိန်ဆိုတာ တခါပဲ ဖြတ်ခွင့်ရတယ်မဟုတ်လား။ တိပ်ခွေတွေ ရစ်သလို အချိန်ကိုရော ရစ်လိုက် တိုးလိုက် လုပ်လို့ရရင်  ပြန်ရစ်ချင် ဆုတ်ချင်တဲ့သူတွေ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့်လေ တခါပဲ ဖြတ်ခွင့်ရှိတာ ပိုမကောင်းပေဘူးလား။

ကျွီ…
တစ်ယောက်တည်း နေတဲ့အခန်းထဲအ၀င်မှာ တံခါးက ဒီလိုအသံမျိုးကြားရတာ နည်းနည်းတော့ အောင့်သီး အောင့်သက်နိုင်ပါလား။ ပြင်ဦးမှပါ။ ထုံးစံအတိုင်း လူသာပြန်ရောက်လာပေမယ့် စားချင်သောက်ချင်စိတ်ကတော့ ပါမလာပြန်ဘူး။ ကိုယ့်ကိုယ်ကိုယ်မှ ဂရုမစိုက်ရင် ဘယ်သူ့မှ ဂရုစိုက်ပေးလို့မရဘူး။ ဘယ်နဲ့ နံရံက စကားများပြောနေလေရော့သလား။ ပဲ့တင်သံတွေက နှစ်ဘယ်လောက်ကြာကြာ နံရံတွေထဲ ခိုအောင်းနိုင်သလဲ။ ရေခဲသေတ္တာထဲတော့ အသီးတချို့၊ ဒိန်ချဉ်၊ ပြုတ်စားစရာ အရွက်တစ်ချို့ ရှိဦးမှာ အသေအချာ။ ညစာစားဖို့ထက် ကိုယ်ပေါ်က အ၀တ်တွေကိုသာ အရင်လဲချင်တယ်။ အခန်းထဲဝင်မိရင်ကို ထုံးစံအတိုင်း ဖွင့်လက်စ ကွန်ပျူတာမျက်နှာပြင်ပေါ်က ဖွင့်လက်စ playerက Playကို အရင်ဆုံးနှိပ်ဖြစ်တယ်။ Jessie J ရဲ့Price Tagနဲ့ ဂျီလတ်ရဲ့ အရာရာခြားနားလည်း ကသူတပြန် ကိုယ်တပြန် ဆိုပြနေမှာ။ ခုတလော ဒီသီချင်း နှစ်ပုဒ်သာ နားထောင်ဖြစ်တော့တယ်။ တစ်အိမ်လုံး မီးတွေ လိုက်ဖွင့်။ တချိန်ကတော့ အမှောင်ထဲ မီးဖွင့်ဖို့ကိုပဲ ကြောက်တတ်နေခဲ့ဖူးတယ်။ ခုတော့လည်း ချောချောမောမောပါပဲ။ အရာအားလုံးက နေသားတကျ။ တခုခုတော့ စားဦးမှပါပဲ။ နွားနို့တွေလည်း ရှိသေးသားပဲ။ ဒီနေ့ ဘယ်နှစ်ရက်နေ့ပါလိမ့် ရက်လွန်နေပြီလား။ စဉ်းစားမရတော့ ပြက္ခဒိန်ပဲ အားကိုးရမှာပဲပေါ့။ အင်္ဂါနေ့ဆိုတော့…………… ပြက္ခဒိန်တစ်ခုလုံးမှာ တစ်ခုတည်းသော အမှတ်အသား။ အနီရောင် အမှတ်အသား။ တစ်နှစ်ထပ်ကုန်ပြန်ပြီလား။ ပြီးခဲ့တဲ့ အနီရောင်အမှတ်ကလေးကို မြင်ခဲ့ရတာပဲ မနေ့တနေ့ကလိုလို။ အချိန်တွေ ကုန်သွားတာပဲ ကျေးဇူးတင်လိုက်တာ။

ဟယ်လို…
ပြန်မထူးတော့သာရှိတယ်။ ရှုတည်တည်နဲ့တော့ ပြုံးပြနေတုန်းပါလား။ ကွန်ပျူတာ မျက်နှာပြင်ပေါ်က ရုပ်ပုံတွေ တဖျတ်ဖျတ်။ တောင်ပေါ်မှာ၊ အပင်တွေ အောက်မှာ၊ အဆောက်အအုံလှလှကြီးရှေ့မှာ၊ သောင်ပြင်ပေါ်မှာ၊ နှင်းတွေကြားမှာ၊ အရောင်မျိုးစုံ၊ ပုံစံမျိုးစုံ၊အိုက်တင်ပေးထားတဲ့ပုံရော၊ လျှပ်တပြက်ပုံရော၊ မမိတမိပုံရော၊ အပျော်တွေ၊ အပြုံးတွေ၊ အစုံအလင်။  ရုတ်တရက် ရထားတစ်စီး။ အရေးပေါ်ခလုတ်တော့ ပြေးဆွဲခဲ့ကြတာပါပဲလေ။ ကလစ်နှိပ်ရင်း တရွေ့ရွေ့ပုံရိပ်တွေကြား ခေါင်းတွေ ခပ်နောက်နောက် ဖြစ်လာပြန်ပြီ။ ခဏက ရှူခဲ့တဲ့လေတွေ ဘယ်ထွက်ပြေးကုန်ပါလိမ့်။ ဟော.. ထီးမိုးပေးထားတဲ့သူနဲ့ ထီးအောက်က မော့ကြည့်နေသူ။ လုံလုံခြုံခြုံရှိလိုက်တာ။ ဒါနဲ့များတောင် ဒီလောက်အေးခဲတဲ့အရပ်မှာ ဘယ်လိုစိတ်ချမှုမျိုးနဲ့များ နေခဲ့ခိုင်းရတာပါလိမ့်။ အသက်ရှူတတ်တဲ့အဖော်အလှော်လေးမှ မထားခဲ့ဘဲနဲ့။ မျက်စိတွေ ညောင်းလောက်မှ အပြင်ကြည့်ဖို့ သတိရတယ်။ အော်.. လလည်း သာနေတာပဲ။ စောစော အိပ်ရာဝင်ဖို့ပဲ။ နောက်နေ့မနက်ကျ အလုပ်မသွားခင် ခပ်စောစော ဘုရားတက်ရမယ့်နေ့။ ငြိမ်းချမ်းရာမှာ ရှိနေမှာ သေချာတဲ့အတွက် နာမည်ခေါ်ပြီး အမျှဝေတဲ့ အလှူမျိုးတော့ မလုပ်ချင်လှတော့ပါဘူး။ မရေးဖြစ်တာကြာပြီဖြစ်တဲ့ နာမည်ကိုပဲ ဖြတ်ပိုင်းစာရွက်လေးပေါ်ချရေးရုံ။ စိတ်ချလက်ချနဲ့သာ မမြင်ရတော့တဲ့ အဝေးကြီးမှာ ငြိမ်းချမ်းသာယာနေပါစေ။  ။

4 thoughts on “တညနေ

  1. ဒုတိယပိုဒ်ဖတ်ပြီး ဒီဟာလေး သတိရမိတယ်။
    ကြည်မောင်သန်းကပြောတယ် ..
    “သစ်ပင်တွေက လျှောက်သွားနေပြီး
    လူတွေက တစ်နေရာမှာ ငြိမ်ငြိမ်လေးနေကြမယ်ဆိုရင်
    ကမ္ဘာကြီးက ဒီထက်နေချင့်စဖွယ် ကောင်းမည်ပင်” တဲ့။
    ဒီရက်ပိုင်းရေးတဲ့ထဲ ဒါလေးကြိုက်တယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s