အချိုးအကွေ့မှလူတချို့ (၁)

တချို့များကတော့ ဘ၀ကို အစီအစဉ်တကျ စီမံကိန်းတွေချလို့ ဖြတ်သန်းကြတယ်။ ဒီနှစ်မှာ ဘာဖြစ်ရမယ်။ ကိုယ်က ဘာလိုချင်တယ်၊ ဘာဖြစ်သင့်တယ်။ ဘယ်လမ်းကိုလျှောက်မယ်။ ဒါအဆင်မပြေခဲ့ရင် ဘယ်ဟာကို အစားထိုးမယ်။ စသဖြင့် စည်းစနစ်ကျကျ စီမံကြသူတွေ ဒုနဲ့ဒေး ရှိသလို၊ အဆင်ပြေသလိုလေးဆိုပြီး ရေလိုက်ငါးလိုက်နဲ့ ပြီးသွားကြတဲ့လူတွေလည်း တပုံတပင်ရှိမှာပါ။ ဖြစ်ချင်တာတွေ ရည်ရွယ်ချက်တွေ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ဘယ်အချိန် ဘာဖြစ်ရမယ်။ ဘာညာ မစဉ်းစားထားဘဲ ဖြစ်လာသမျှကို အဆင်ပြေသလိုဆိုပြီး နေထိုင်နေကြတဲ့ လူအမျိုးအစား။ ခပ်ညံ့ညံ့လူတွေလို့ပဲ သတ်မှတ်ကြလေမလား။ ကျွန်မကတော့ ဒုတိယလူအမျိုးအစားထဲမှာ သေသေချာချာကြီးကို ပါဝင်ပါတယ်။ စီမံကိန်းတွေ၊ ကြိုတင်ပြင်ဆင်မှုတွေဆိုတာလည်း ကျွန်မနဲ့ ခပ်ဝေးဝေးမှာပဲ ရှိနေကြပါတယ်။ ဒီအရွယ်အထိ ကျွန်မလျှောက်ခဲ့တဲ့လမ်း၊ ကျွန်မရောက်နေတဲ့နေရာ၊ ကျွန်မရွေးခဲ့တဲ့အလုပ် အားလုံးဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဖြစ်ပေမယ့်၊ ဒီအရာတွေအတွက် ကျွန်မ အစီအစဉ်တကျ လာခဲ့တာ မဟုတ်ခဲ့ပါ။ ပြောရရင် ဒီလမ်းကို လျှောက်ချင်လို့ ဒီလမ်းကို ရှာဖွေပြီး လျှောက်ခဲ့တာမျိုး မဟုတ်ဘဲ၊ လျှောက်လာရင်းကနေ တွေ့တဲ့လမ်းထဲက ကိုယ်ထင်ရာ မြင်ရာလမ်းကို အမြဲတစေ စွပ်စပ်လျှောက်မိခြင်းပဲ ဖြစ်တယ်ပေါ့။

အဲဒီအချိန်တုန်းကလည်း မရည်ရွယ်ပါပဲ လျှောက်မိတဲ့ ဒီလမ်းပေါ်မှာ ဒီလူတွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။ အဲသည်တုန်းက…

ကျွန်မက လခခပ်နည်းနည်း၊ သက်တောင့်သက်သာ၊ ပေါ့ပေါ့ပါးပါးနဲ့ မိသားစုဆန်ဆန် အလုပ်တစ်ခုကို လုပ်လက်စ။ မထင်မှတ်ဘဲ စိတ်အားထက်သန်လှတဲ့ သူငယ်ချင်းနဲ့ အဖော်လိုက်ပေးရင်း၊ နောက်ဆုံးမှာ သူလုပ်ချင်တဲ့အလုပ်ကို သူ မလုပ်လိုက်ဘဲ ကျွန်မက လုပ်ဖြစ်တော့မယ့် အနေအထား။ အလုပ်မ၀င်ခင် လိုအပ်တဲ့ ဘာသာစကားသင်တန်းတက်ရတဲ့အချိန်။ လုပ်လက်စ အလုပ်ကလည်း ထွက်ခွင့်မရသေး၊ နားလည်မှုနဲ့ပဲ အလုပ်ချိန်ကို မနက်၁၀နာရီမတိုင်ခင်ရောက်အောင် ပြေးပြေးလွှားလွှားနေရတဲ့အချိန်ဆိုတော့ ပတ်ဝန်းကျင်ဘေးဘီ တော်တော်များများ သတိမထားမိခဲ့ဘူး။ ကြုံရင်ပြုံးပြအနေအထားထက်ပိုပြီး ဘယ်သူ့ကိုမှ စိတ်မ၀င်စားနိုင်ခဲ့ဘူး။

တစ်နေ့။ အလုပ်မ၀င်ခင် လိုအပ်တဲ့ ဆေးစစ်ချက်တွေလုပ်ဖို့အတွက် ညွှန်ကြားထားတဲ့ ဆေးခန်းကို သွားရမယ်လို့ သိထားတဲ့နေ့။ မထွက်ရသေးတဲ့ အလုပ်ကနေ မျက်နှာပူပူနဲ့ပဲ နေ့တ၀က်ခွင့်တောင်း။ အဲဒီမှာ ဆေးစစ်ဖို့ သွားရမယ့် နောက်ထပ် အဖော်ကိုကြည့်လိုက်တော့ ရွယ်တူ ယောက်ျားလေး တစ်ယောက်။ တစ်ယောက်တည်းထက်စာရင် နှစ်ယောက်ကတော့ ပိုအဆင်ပြေပါတယ်လေ။ ဘတ်စ်ကားပေါ်ရောက်တော့မှ နာမည်မေးမိတ်ဆက်။ အော်.. ငါ့ထက် တစ်နှစ်ကြီးပါလားပေါ့။ ငါ့ထက်တစ်လငယ်ရင် ဒါ ငါ့ထက်အငယ်၊ ငါက အစ်မ။ ငါ့ထက်တစ်နှစ်၊ နှစ်နှစ်လောက်ကြီးရင်တော့ ငါနဲ့ရွယ်တူပဲ ဆိုတဲ့ ကျွန်မထုံးစံအတိုင်း နင်နဲ့ငါပေါ့။ ဒီလိုနဲ့ သူ့ကို ကျွန်မ စသိတယ်။

တကိုယ်လုံး ဆေးစစ်ချက်တွေ လုပ်တဲ့ အဲဒီအချိန်မှာ ကျွန်မက အဆုတ်အအေးပတ်ထားပြီး ချောင်းဆိုး မပျောက်တပျောက်ကာလ၊ ဟိုကောင်လေးပုံစံကြည့်ရတာကလည်း မီးခိုခေါင်းတိုင်အလား၊ အငွေ့တလူလူ။ ဒီလိုနဲ့ ဆေးစစ်ချက်ထွက်လာတော့ ကျွန်မတို့ ဓါတ်မှန်clearမဖြစ်ဘူးဆိုတဲ့ result တူညီစွာထွက်လာပါရောလား။ ကျွန်မတို့ နှစ်ယောက်တင်ဘယ်ကမတုန်း။ ကျွန်မတို့နောက်တရက်မှာ ဆေးစစ်ခဲ့တဲ့ အစ်မတစ်ယောက်ကလည်း တူညီစွာပါပဲ။ အဲဒီအစ်မက သင်တန်းမှာ ကျွန်မနားထိုင်တာပါ။ သူလည်း သူ့အလုပ်နဲ့သူ၊ ကျွန်မလည်း ကျွန်မအလုပ်နဲ့ကျွန်မမို့လို့ ထွေထွေထူးထူး ရင်းနှီးတာတော့ မဟုတ်သေးဘူး။ နောက်ထပ်တခါ လိုအပ်တဲ့ ဆေးစစ်ချက်တွေ ထပ်လုပ်ဖို့သွားတော့ အဲဒီအစ်မနဲ့ တူတူဖြစ်သွားတယ်။ ပိုက်ဆံအကုန်ခံ၊ ဆေးတွေထပ်စစ်ပြီး ထွက်လာတဲ့ resultကမှ အိုကေ သွားတော့လည်း အတူတူ။ မှတ်မှတ်ရရ ကျွန်မတို့ သောက်ဖို့လိုအပ်တယ်ဆိုပြီး ပေးလိုက်တဲ့ ဆေးတွေကို စပ်စပ်စုစု လျှောက်မေး၊ သူ့ဆေးနဲ့ ကိုယ့်ဆေးတိုက်ကြည့်လိုက်တော့၊ အကုန်တူပြီး၊ ကျွန်မမှာက အိပ်ဆေးပိုတယ်။ အစ်မမှာက ၀မ်းနုတ်ဆေးပိုသတဲ့ကွယ်။ အဲဒီဆေးစစ်ချက်ကနေ အကြောင်းပြုပြီး အစ်မနဲ့ကျွန်မ စရင်းနှီးခဲ့တယ်။

အဲဒီနောက် နဂိုလုပ်နေတဲ့အလုပ်က ထွက်ခွင့်ရသွားပြီဖြစ်တဲ့ ကျွန်မလည်း သင်တန်းကနေ အရင်လို တက်သုတ်ရိုက်ပြန်စရာမလိုတော့မှ ဘေးပတ်ဝန်းကျင်ကို လေ့လာမိတော့တယ်။ ကျွန်မအနောက် ဘယ်ဘက်မျက်စောင်းထိုးလောက်မှာ ထိုင်တဲ့ ယူနီဖောင်းဆင်တူနဲ့ နှစ်ယောက်တမ္ဘာဖြစ်နေတတ်တဲ့ ကောင်မလေးနှစ်ယောက်၊ ကျွန်မအနောက်တည့်တည့်မှာ ထိုင်တဲ့ စာကြမ်းပိုးပုံစံ၊ ကျွန်မထက် အသက်ကြီးတယ်ဆိုပေမယ့် ကလေးမျက်နှာလေးနဲ့ အစ်မတစ်ယောက်၊ ကြောင်အကြောင်းခဏခဏပြောတတ်တဲ့ ခပ်တုတ်တုတ်ကလေး တစ်ယောက်၊ အလုပ်မ၀င်ခင်ကတည်းက ထွက်ဖို့ စဉ်းစားနေတဲ့ သူ့ကိုယ်သူ အစ်မ၊ အစ်မနဲ့ ပြောတတ်တဲ့ ကောင်မလေးတစ်ယောက်၊ အတန်းထဲမှာ ခပ်လောင်လောင် ကောင်လေးနှစ်ယောက်၊ သူတို့နဲ့တွဲတဲ့ ဂစ်တာတီးပုံရတဲ့ ခပ်အေးအေး ကောင်လေးတစ်ယောက်။ စသဖြင့် အနားပတ်ဝန်းကျင်က တချို့တလေကို သတိထားမိလာပါတယ်။

ထို့ထက်ပိုပြီး..။ သင်တန်းဆင်းပြီးချိန်တိုင်းမှာ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ကြတဲ့အလေ့အထ။ မနက်၉ခွဲ သင်တန်းဆင်းတာကနေ စထိုင်လိုက်ရင် ၁၀ခွဲ ၁၁မှ ပြန်ဖြစ်ကြရင်းကနေ ကျွန်မအတွက် မှတ်မှတ်ရရ လူနှစ်ယောက်ကို ကျွန်မဆီရောက်လာစေခဲ့တယ်။ သူငယ်ချင်း အပေါင်းအသင်းဆိုတဲ့နေရာမှာ အကြိုက်မတူ၊ စရိုက်မတူ၊ အကြိုက်တူ၊ စရိုက်တူ၊ သူ့အားကျ၊ ကိုယ့်အားကျ မျိုးစုံနဲ့ ရှိကြတယ်လေ။ ကျွန်မအတွက်  သူငယ်ချင်းတိုင်းက ခင်မင်ရတယ်ဆိုပေမယ့် တချို့ တချို့တွေဆီမှာ သဘောကျတဲ့အချက်၊ မကြိုက်တဲ့အချက်တွေ ကျွန်မက သတ်မှတ်ဖြစ်တတ်တယ်။ ဒါတွေက သူတို့အပေါ်ထားတဲ့ ကျွန်မ ခင်မင်မှုပေါ်မှာတော့အကျိုးသက်ရောက်မှုမရှိပါဘူး။ လုံးဝမကြိုက်တဲ့သူလည်း ကျွန်မနားမှာ ကျွန်မအရင်းနှီးဆုံး သူငယ်ချင်းဖြစ်နိုင်သလို၊ ကျွန်မချစ်တဲ့သူလည်း ဖြစ်နေနိုင်တာပါပဲ။ တချို့သူငယ်ချင်းတွေဆီက ကျွန်မအားကျတဲ့ အချက်လေးတွေကို သတိထားမိတတ်တယ်။ အားကျတယ်ဆိုပေမယ့်လည်း သူတို့လိုကြီး ဖြစ်အောင်လိုက်လုပ်ဖို့ စိတ်ကူးတော့လည်း မရှိပြန်ဘူး။ ဒီအတိုင်း အားကျရုံလေးပဲ။

ဆေးစစ်တာကနေ စပြီးသိခဲ့ကောင်လေးကို ပေါ့ပေါ့ပါးပါးပုံစံနဲ့ပဲ သတ်မှတ်ခဲ့ပေမယ့် လက်ဖက်ရည်ဆိုင်ထိုင်ကြ၊ စကားတွေပြောကြရင်းမှ သူ့ခေါင်းထဲက ထူးခြားတဲ့အတွေးအခေါ်တချို့ကို အသိအမှတ်ပြုဖြစ်တယ်။ ဒေါက်တာသန်းထွန်းစာအုပ်တွေကို အရမ်းဖတ်ချင်နေတဲ့အချိန် သူ့ဆီက တော်တော်များများ ငှားဖတ်ခွင့်ရခဲ့တယ်။ သူ့ဆီက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တဲ့ သူ့အချစ်၊ လက်တွဲဖော်နဲ့ပတ်သက်တဲ့ ဒသနလေးကလည်း ကြားတုန်းကသာ ဘာမှမထူးခြားတာ တကယ်ကို လက်ခံနိုင်စရာ၊ ခုထက်ထိ မှတ်မှတ်ရရရှိနေတုန်း။ နောက်အလုပ်ဝင်ကြတော့ သူအလုပ်လုပ်တဲ့ပုံစံ။ ဘယ်တော့မှ ပျာယာမခတ်ဘဲ သက်တောင့်သက်သာ။ တခါတခါ ပျင်းရိပျင်းတွဲ။ ကျွန်မအားကျတဲ့ သူပိုင်ဆိုင်တဲ့အချက်က သက်တောင့်သက်သာရှိမှုပဲ။

အစ်မဆီက ကျွန်မအားကျတာကတော့ အစ်မရဲ့ ရဲရင့်မှုနဲ့ ပြတ်သားမှု။ ဘယ်နေရာမဆို ကိုယ်လုပ်ချင်တာပဲ ကိုယ်လုပ်ပြီး၊ ဘာမဆို ပြတ်သားစွာ ပြောရဲတာ။ ဆေးစစ်ရာကနေ အလုပ်မ၀င်ခင်စပ်ကြား၊ နောက် အလုပ်ဝင်ပြီးတဲ့အထိ အစ်မနဲ့ကျွန်မတတွဲတွဲရှိခဲ့ကြတယ်။ ပျော့ညံ့ညံ့ကျွန်မကို ဆူဆူပူပူ၊ တွဲတွဲထူထူနဲ့ အစ်မ၊ အစ်မကြောင့် သိခဲ့ရတာတွေလည်း အများအပြား၊ ကျွန်မနား အစ်မမရှိတော့တဲ့နောက်ပိုင်းလည်း အားငယ်တဲ့အချိန်၊ မပြတ်မသားဖြစ်တဲ့အချိန် မကြာခဏဆိုသလို အစ်မလို ဇွတ်တရွတ်ဆန်ဆန် ရဲရဲရင့်ရင့် လုပ်တတ်တဲ့ စိတ်ဓါတ်မျိုး တောင့်တောင့်တတနဲ့ အစ်မကိုခဏခဏ လွမ်းတတ်ပါသေးတယ်။

ဒီလိုပဲ… ရုတ်တရက် အနားရောက်လာလိုက်၊ ဖြည်းဖြည်းချင်းနီးကပ်လာလိုက်၊ ဖျတ်ခနဲ ပြန်ထွက်သွားလိုက်၊ မသိမသာဝေးကွာသွားလိုက်နဲ့ ပုံစံစုံ၊ အသွင်စုံလူတွေကြား၊ စွဲစွဲထင်ထင်လူတချို့၊ အားကျစရာလူတချို့၊ အမှတ်တရခပ်များများနဲ့.. ဒီလမ်းပေါ်ဆက်လျှောက်ဆဲ..

One thought on “အချိုးအကွေ့မှလူတချို့ (၁)

  1. ခုမှဖတ်မိတယ်ဆုရေ။အစ်မအကြောင်းအစ်မတောင်သေချာမသိခင် ဆုအပေါ်ဒီလိုသက်ရောက်မှုရှိတယ်ဆိုတာ။အချိုးအကွေ့တခုမှာအစ်မကိုအမှတ်တယရှိပေးလို့ကျေးဇူးတင်တယ်ဆုရေ။ငါ့ယောက်ျားထက်တောင်ဆုကိုပိုသဘောကျသွားပြီ။အရင်တုန်းကအချိန်တွေကိုလွမ်းရတာပိုအသက်ဝင်အောင်လုပ်ပေးလို့ ဆုကိုကျေးဇူး။

Leave a Reply to mie thaw Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s