ပျောက်ဆုံးနေသော..

အေးစက်စက်လေတွေ မျက်နှာကိုဖြတ်တိုက်သွားမှ မျက်လုံးနှစ်ဖက်ကို ဖွင့်ကြည့်မိတယ်။ ခေါင်းအောက်မှာ ကွေးပြီးအအုံးခံထားရတဲ့ ညာဘက်လက်ရဲ့ ထုံကျင်မှုအတိုင်းအဆကိုကြည့်ရင် ကျွန်မ အချိန်တော်တော်ကြာ အိပ်ပျော်သွားပုံရတယ်။ ဖတ်လက်စ စာအုပ်ကလည်း ဒီအတိုင်းဘေးမှာ ဖရိုဖရဲကျလို့။ ဒီအချိန် ဒီလိုနေရာမျိုးမှာ အိပ်ပျော်သွားတဲ့ ကျွန်မကိုယ်ကျွန်မ ဇဝေဇ၀ါဖြစ်နေတုန်းမှာပဲ ခန္ဓာကိုယ်က သစ်သားခုံတန်းရှည်ပေါ်မှာ ထိုင်လျက်ဖြစ်နေပြီး လက်က စာအုပ်ကို ပြန်ကောက်ပြီးနေပြီ။ ပွယောင်းယောင်းဖြစ်နေမယ့် ဆံပင်ကို တတ်နိုင်သလောက် လက်နဲ့သပ်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့မှ ကျွန်မကို စူးစိုက်ကြည့်နေတဲ့ မျက်လုံးတစ်စုံကို ခလုတ်တိုက်မိတော့တယ်။

ဒီအမျိုးသမီး ဘယ်တုန်းကတည်းက ကြည့်နေတာပါလိမ့်။ ခပ်ရှက်ရှက်၊ မလုံမလဲ၊ အူကြောင်ကြောင်ပြုံးပြမိသွားတာနဲ့ တပြိုင်နက် သူမ ကျွန်မရှိရာ ခုံတန်းရှည်ရဲ့ တဖက်စွန်းကို ရောက်လာပါတော့တယ်။ ဘာစကားမှလည်းမဆို လှုပ်ရှားမှုလည်းမရှိ အတန်ကြာ ထိုင်နေရာကနေ ဘာရယ်မဟုတ် ကျွန်မ အိမ်စာတွေ မပြီးတဲ့ အကြောင်း သူမကို ပြောဖြစ်သွားတယ်။ အလိုလိုက်တတ်တဲ့ အစ်မတစ်ယောက်အပြုံးမျိုးကို သူမကပြုံးပြီး၊ ကိစ္စမရှိပါဘူး လို့အဆက်အစပ်မရှိပြောရော။ နောက် သူမဘေးမှာချထားတဲ့ ခရမ်းရောင်အဖုံးထူနဲ့ စာအုပ်ကိုကောက်ယူပြီး ဖတ်ပြမယ် နားထောင်တဲ့။ ဘာစာအုပ်လဲဟင်ဆိုတော့ အိမ်မက်တွေ အကြောင်းမှတ်ထားတာလို့ဆိုပြီး၊ ငယ်ငယ်က အိမ်မက်တွေအကြောင်း ပြန်နားမထောင်ချင်ဘူးလားတဲ့။ ကျွန်မငယ်ငယ်က အိမ်မက်တွေက ဘယ်လိုဒီစာအုပ်ထဲ ရောက်နေမှာလဲ။ ကြံကြီးစည်ရာ။ ဒီတော့မှ အမျိုးသမီးကို သေချာအကဲခတ်ဖြစ်တော့တယ်။ ဆွတ်ဆွတ်ဖြူဝတ်စုံက ထူးထူးခြားခြားကို ဖြူဆွတ်နေတာပါပဲ။ နောက် ဒီမျက်နှာနဲ့ ဒီအပြုံး တနေရာရာမှာ ရင်းနှီးဖူးပါတယ်။ ထားပါတော့။ ခုတလော ကျွန်မ တော်တော်လေး မေ့တတ်နေတာပဲ။

ကျွန်မမှာ ထူးထူးခြားခြား ငယ်အိမ်မက်တွေ မရှိပါဘူးလို့ ပြောဖြစ်တော့ သူမက ဟက်ဟက်ပက်ပက်ရယ်ပါတယ်။ ရွံတွံ့တွံ့ဖြစ်သွားရမယ့်အစား သူမရယ်သံက ကျွန်မစိတ်ထဲအထိကို လှိုက်လှိုက်လှဲလှဲ ၀င်လာပြီး၊ ကျွန်မကိုယ်တိုင် လိုက်ရယ်မိတော့တယ်။ ကျွန်မသာဆို ခရမ်းရောင်အဖုံးနဲ့ စာအုပ်ကို ဘယ်တော့မှ သုံးမှာမဟုတ်တဲ့အကြောင်းလည်း လွှတ်ခနဲ ပြောမိပြန်ရော။ သူမကတော့ မင်းရွေးချယ်ထားတဲ့အရောင်ပါပဲတဲ့။ မသေချာခြင်းဆိုတာကို ရုတ်တရက်ကြီး ခံစားမိလာသလိုလို။ သူမ ထိုစာအုပ်ထူကြီးရဲ့ ခရမ်းရောင်အဖုံးကို ဖွင့်လိုက်တာနဲ့ တပြိုင်နက် ကျွန်မ မကြာခဏနားထောင်လေ့ရှိတဲ့ ဝေဖြိုးရဲ့ အိမ်မက် သီချင်းက နားထဲ အလိုလိုကြားလာတယ်။ စာအုပ်ထဲက ထွက်လာတာလား၊ ကျွန်မစိတ်က ကြားနေတာလား မခွဲခြားမိခင်ပဲ၊ ထိုင်ရာကထပြီး သီချင်းနဲ့တူတူ လိုက်ကမိတော့တယ်။ သူမကတော့ တတွတ်တွတ်နဲ့ စာအုပ်ကိုဖတ်နေလေရဲ့။ ကျွန်မမျက်စိထဲမှာတော့ ခေါင်းအုံးအောက်မှာ ဖွက်ဖွက်ထားတဲ့ အိမ်မက်တွေ၊ ကျပျောက်သွားတဲ့အိမ်မက်တွေ၊ အမှိုက်ပုံထဲရောက်နေတဲ့ အိမ်မက်တွေ၊ လွှင့်ပစ်လိုက်တဲ့အိမ်မက်တွေ၊ အဖြူအစိမ်းဝတ်စုံတွေ၊ ခေါင်းစည်းကြိုးအနီလေးတွေ၊ ဘောပင်နဲ့ စာရွက်ရှည်တွေ၊ လေယာဉ်စာအိတ်လေးတွေ၊ စာအုပ်ဗီဒိုမြင့်မြင့်ကြီးတွေ၊ ကလင်ကလင်ဖုန်းသံတွေ တခုခုပြီး တခုခုဖြတ်ဖြတ်ပြေးသွားလိုက်တာ။ ပြုံးမိလိုက်၊ ရှုံ့မဲ့မဲ့ဖြစ်လိုက်ကြားကကို ပျော်ပျော်ရွှင်ရွှင် မရပ်မနား ခုန်ပေါက်ကနေမိတော့တယ်။

ရုတ်တရက် အသံတွေ တိခနဲရပ်သွားပြီး၊ အမျိုးသမီးက ခုမင်းကိုယ်တိုင်ဖတ်ရမယ့်အလှည့်ဆိုပြီး၊ စာအုပ်ကိုလှမ်းပေးပါတယ်။ ကျွန်မလည်း ယောင်နနနဲ့ ယူလိုက်ပြီးမှ ကျွန်မအရမ်းမောနေလို့ ခုမဖတ်နိုင်သေးကြောင်း ပြောဖို့ သူမဆီကိုအကြည့်၊ သူမ၀တ်စုံက အဖြူဆွတ်ဆွတ်မဟုတ်တော့ဘဲ မီးခိုရင့်ရောင် ပြောင်းနေတာကို သတိထားမိသွားတယ်။ လွဲချော်မှုကို ကျွန်မသတိထားမိတာကို သူမလည်းသိသွားတဲ့ပုံစံနဲ့၊ “ကိစ္စမရှိပါဘူး။ အရောင်ဆိုတာ ပြောင်းလဲတတ်တာမျိုးပဲ။ ပြောင်းလဲတတ်တဲ့အရာကို ပြောင်းလဲမသွားအောင် အတင်းကြိုးစားနေတာကမှ လွဲချော်နေတာပဲ။ အလိုလိုဖြစ်ပျက်နေတာကို သူ့အတိုင်းလေးထားလိုက်ပါ။ အတင်းမတည့်မတ်ပါနဲ့။” လို့ခပ်တိုးတိုးပြောပါတယ်။ ပြီးတော့မှ “တွေ့လား။ အိမ်မက်ကလေးတွေ ဘယ်လောက်ချစ်စရာကောင်းလဲ။ ပျက်ပျက်ပြိုပြို အိမ်မက်က အိမ်မက်ပဲ။ ကဲပါလေ မောနေရင်လည်း ခဏနားလိုက်ဦး” ဆိုပြီး၊ ထိုင်ရာကနေ ထပါတယ်။

သွားတော့မလို့လားလို့ ကျွန်မမေးတော့။ ဟုတ်တယ်။ ခုက မင်းဘာသာမင်း ဆက်ဖတ်ရမယ့်အလှည့်လေ။ အမောပြေရင် ဆက်ဖတ်ထားပေါ့ တဲ့။ နောက်ထပ် ကျွန်မတို့ ဆုံကြဦးမှာလားမေးကြည့်တော့ သူမက အင်း နောက်တခေါက်ကျရင် ဆေးစွဲတဲ့သူတွေအကြောင်း လာပြောပြမယ်ဆိုလို့ ကျွန်မလည်း ဟုတ်ကဲ့၊ ကျွန်မစောင့်နေပါ့မယ်လို့သာ ပြန်ပြောဖြစ်လိုက်တော့တယ်။ သူမထွက်သွားတော့မှ လက်ထဲကိုင်ထားလျက်သားဖြစ်နေတဲ့ ခရမ်းရောင်စာအုပ်ထူထူကို လှန်လှောကြည့်တယ်ဆိုရင်ပဲ၊ စာရွက်အားလုံးဟာ အလွတ်ကြီးတွေဖြစ်နေတာကို အလန့်တကြားတွေ့ရပြီး၊ ကျွန်မဆက်ဖတ်ရမယ်ဆိုတဲ့နေရာမှာတော့ စာလုံးတချို့ရေးထားလေရဲ့။ Believe your Dream တဲ့။

6 thoughts on “ပျောက်ဆုံးနေသော..

  1. ကိုယ့်အသိတွေ၊သူငယ်ချင်းတွေ၊မိတ်ဆွေတွေ အားလုံးနီးပါးက ပြောကြတယ်။ စာဖတ်ရင် ခွဲခြမ်းစိတ်ဖြာပြီး ဖတ်လို့တဲ့။ ခံစားမှုအတိုင်းမဖတ်လို့တဲ့…။
    ဆုဝေရေ.. ဒီ တပုဒ်ကိုတော့ ၂ မျိုးစလုံးနဲ့ ဖတ်မိတယ်။ သိပ်ကိုကြိုက်သွားဘီ။း)

  2. အင်းဘယ်လိုခံစားမှုဖြစ်သွားလဲမသိဘူး
    ငါလည်းငါ့အိမ်မက်တွေသတိရသွားပြီ
    အရမ်းကောင်းတယ်

  3. ဆုဝေရေ… ပိုတယ်လို့လဲ မပြောလိုက်နဲ့နော် သီချင်းကိုဆိုရတော့မယ်။
    ဒီပို့စ်လေး ခဏခဏ လာဖတ်ဖြစ်လို့.. ခုလဲ ဖဘမှာရှဲချင်လို့.. ရတယ် ဟုတ် 🙂

  4. ဆု တော်တယ်ကွာ အမတခါမှမဝင်ကြည့်မိဘူး။ခုမှ။connection လည်းကောင်းတာနဲ့။ဒီလိုမှန်းသိရင်အစတည်းကဝင်ဖတ်ပါတယ်။feeling လေးတွေမိုက်ထာဟာ။အရင်တည်းကဆုတော်တာသိတယ်။ခုပိုသေချာသွားပြီ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s