An Appeal

ငါစသိတုန်းက
နင်က မဖျတ်လတ်ပေမယ့်
အသက်ရှူသံတွေက လတ်ဆတ်တယ်။
အကြည့်လေးတွေ အသက်ဝင်တယ်။
အေးအေးလေးလည်း ပြုံးတတ်တယ်။

ငါ့နားရောက်လာပြီးမှ
အားတင်းထားတဲ့ အပြုံးနဲ့
မှုန်မှိုင်းမှိုင်းအကြည့်ကြား
သက်ပြင်းချသံသာ များလာတယ်။

ကိုက်ညီမှုမရှိတဲ့
နေထိုင်မှုပုံစံနဲ့ စရိုက်သဘာဝထဲ
အတင်းဆွဲအသွင်းခံရခြင်းရဲ့
ပြယုဂ်လေလား။

ဒါပေမယ့်ကွယ်….
တရားခံက ငါဆိုရင်တောင်
နင့်စိတ်ဓါတ်အခံလေးကိုလည်း
အမှုတွဲအဖြစ် နံပါတ်တပ်ပါရစေ။

မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်း
give ချည်းပဲ ဖြစ်နေတော့မှာလား
societyဆိုတာကိုက မျှဝေခံစားခြင်းပဲ
ဘယ်အရာမှ နင်တယောက်တည်း တာဝန်ယူနေစရာမလိုပါဘူး။

ပင်ပန်းတယ်ဆိုတာ ကိုယ်လုပ်တာပဲ
ချုပ်တည်းထားရင်လည်း ပင်ပန်းမှာပဲ
သူ့အလိုလို ထိန်းချုပ်နိုင်ရမှာ
ခံယူချက်လေးပဲ လိုပါတယ်။

ကြုံတဲ့အချိန်လေးပဲ ခံစားသတဲ့လား
အဲဒါကလည်း အလူးအလဲဆိုတော့ နင်ထိခိုက်ပြီလေ
ခဏလေးပဲ ဆိုရင်တောင်
သာသာယာယာပဲ ရှိသင့်တာပေါ့။

ငါထူမတ်ပေးမှ ထမယ်ဆိုရင်လည်း
ဒီအတိုင်းပဲ ကြည့်နေလိုက်တော့မယ်
ငါတွဲလို့မှ ရောက်မယ်ဆိုရင်
အဲဒါ နင်လျှောက်တဲ့ လမ်းမဟုတ်ဘူးလေ။

နင်က မရဘူး ထင်နေပေမယ့်
တခါတလေ အဲဒါတွေက နင်ပိုင်ဆိုင်ပြီးသားတွေ
မကြည့်ဘူးဆိုတိုင်း မမြင်တာတော့မဟုတ်ဘူး
နောက်ကွယ်တိုင်းမှာ အကြောင်းအရင်းရှိတယ်။

ဒီလိုပါပဲကွယ်..
အယူခံဝင်တယ်ဆိုဦးတော့
တရားခံချည်းပဲလည်း မပြီးဘူးလေ
အမှုတွဲလေးလည်း ပြင်ဆင်နိုင်ပါစေ။    ။