ဟိုလိုလိုဒီလိုလိုကဗျာများ

‘Give me a theme’, the little poet cried, ‘And I will do my part.’
‘This is not a theme you need’, the world replied, ‘You need a heart.’

အထက်ပါစကားစုကလေးက အင်္ဂလိပ်ကဗျာဆရာ R.W.Gilder ပြောခဲ့တာပါတဲ့။ ကျွန်မကတော့ မောင်သာချိုရဲ့စာအုပ်တစ်အုပ်ကတဆင့် ဖတ်မိ မှတ်မိထားတာပါ။ ကဗျာတစ်ပုဒ်အတွက် လိုအပ်တာက အချက်အလက် အကြောင်းအရာ တခုခု မဟုတ်ဘဲ ခံစားတတ်တဲ့နှလုံးသားပေါ့နော။ ဟုတ်မှာပါ။ အချက်အလက်ရှိနေရုံ၊ ကဗျာရေးနည်းလေး သိနေရုံ၊ ကာရံလေးမိနေရုံနဲ့ အလွယ်တကူ ကဗျာတစ်ပုဒ်တော့ ဖြစ်မလာလောက်ပါဘူး။

ပြောသာပြောရတာပါ။ ကျွန်မလည်း ကဗျာဆိုတာ ဘာလဲမသိပါဘူး။ ကဗျာနဲ့ပတ်သက်ပြီးလည်း ဘာမှ ဂဃနဏ မလေ့လာဘူးပါဘူး။ မျက်စိရှေ့တွေ့ရာ မြန်မာကဗျာတချို့တလေ ဖတ်ဖူးရုံကလွဲလို့ ကမ္ဘာကျော်ကဗျာတွေလည်း မဖတ်နိုင်ပါဘူး။ ကာရန်ယူပုံတွေ အကြောင်းလည်း မသိပါဘူး။ ကာရန်မဲ့ စကားပြေပုံစံရေးတဲ့ မော်ဒန်ကဗျာတွေကိုလည်း မဆည်းပူးဖူးပါဘူး။ ထိုထက်ပိုပြီး ပို့စ်မော်ဒန်ကဗျာတွေကိုလည်း အမိအရ မဖမ်းဆုပ်တတ်ပြန်ပါဘူး။ တကယ်တော့ ကျွန်မက ကဗျာဖတ်သူအဆင့်၊ ဖတ်သူမှ မူကြိုအဆင့် ဖတ်သူသာသာပါပဲ။

ဒါပေမယ့် ကဗျာတွေဖတ်ရတာတော့ ကြိုက်တယ်ရှင့်။ ရှင်းရှင်းပြောရရင် ကျွန်မဖတ်တတ်သလိုကို ဖတ်ပစ်တာချည်းပါပဲ။ ပြောခဲ့ပြီးပါကောလား။ ကျွန်မ ဘာမှ နားမလည်ပါဘူးလို့။ ဒီလိုပဲ ကျွန်မဖတ်လိုက်တဲ့အခါ ရလိုက်တဲ့ အယူအဆ၊ ခံစားချက် မှန်မမှန် စစ်ဆေးနေမယ့်သူလည်း မရှိတော့ ကိုယ့်ဘာသာဖတ်၊ ကိုယ်ရလိုက်တဲ့ ခံစားချက်ကို ကိုယ့်ဘာသာကျေနပ်၊ အဲဒီလိုလေးပါပဲ။ ဒီကဗျာတစ်ပုဒ်ကိုပဲ ဒီနေ့ဖတ်တုန်းက ဒီခံစားမှုပေမယ့် နောက်တလလောက် ပြန်ဖတ်ရင် နောက်ခံစားမှု တစ်ခုလည်း ဖြစ်ကောင်းဖြစ်သွားသေးတယ်။ ဒီလို ဒီလို ကိုယ့်ဘာသာလည်နေတဲ့ ခံစားမှုမျိုးနဲ့ ကျွန်မကိုယ်တိုင် ဘယ်လိုများ ကဗျာဆိုပြီး ရေးဖြစ်နေပါလိမ့်။

ဒီလိုပါပဲ။ ကျွန်မပြောချင်တာတချို့တလေကို ချရေးဖြစ်တာပါပဲ။ တခါတလေတော့လည်း စကားလုံးလေးတချို့ကို သုံးချင်လို့ ချရေးဖြစ်တာလည်း ရှိတယ်။  များသောအားဖြင့်ကတော့ ခံစားချက်ကို အရင်းခံပြီး တခုခုပြောချင်တာချည်းပါပဲ။ ခံစားမှုကတော့ အဓိကဆိုပေမယ့် အကြောင်းအရာ အခြေအနေပေါ်လည်း မူတည်ပါတယ်။ အေးအေးဆေးဆေးကဗျာရေးလို့ ရနိုင်မယ့် အခြေအနေမျိုးမှာ ကဗျာရေးမဟဲ့ ဆိုပေမယ့် မထွက်လာတာများပါတယ်။ ဒီတော့ ကဗျာဆိုတာ အချိန်ဇယားနဲ့ ပုံမှန်ကြီး ထုတ်လုပ်ဖြန့်ချိလို့တော့ မရကောင်းလောက်ဘူးထင်ပ။ တခါတခါ ကျပြန်တော့လည်း ချရေးထားလို့ မရနိုင်တဲ့ အခြေအနေမျိုးမှာမှ ခေါင်းထဲကနေ အပိုင်းအစလေးတွေ ထွက်လာတတ်တယ်။ အဲဒါလေးတွေက တန်ဖိုးရှိမှန်း သိကြမှာပါ။ ထွက်လာတဲ့ အချိန်မှာ ခဏတေးထားလိုက်ရင် နောက် အေးအေးဆေးဆေးအချိန်မှာ အဲဒီပေါ်မူတည်ပြီး စိတ်ကျေနပ်စရာ ကဗျာလေးတွေ ထွက်လာတတ်တယ်မဟုတ်လား။ ဒါပေမယ့် ကျွန်မရေးဖြစ်တဲ့ကဗျာတွေက အေးအေးဆေးဆေး ရေးတာရှားပါတယ်။ သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်း တွေးဖြစ်ရာက ချက်ချင်းရေးဖြစ်သွားတာက များပါတယ်။ မှတ်မှတ်ရရ အမဲရိုး ဆိုတဲ့တစ်ပုဒ်ဆိုရင် အလုပ်ကအပြန် လမ်းလျှောက်လာရင်းနဲ့ တွေးမိတာကို ချက်ချင်း အင်တာနက်ဆိုင်ထဲ ၀င်ပြီး ရေးဖြစ်သွားတာပါ။ လိမ်တယ် တို့၊ ပြဇာတ်တို့ ဆိုလည်း ဒီလိုပဲ။ busကားစီးရင်း ဟိုတွေးဒီတွေးနဲ့ ရင်ထဲရောက်လာလို့ ရေးချဖြစ်သွားတာတွေလေ။ အဲဒီလိုမျိုးတွေများပါတယ်။

နောက် ကျွန်မသူငယ်ချင်းတွေက ပြောပါတယ်။ ကျွန်မကဗျာတွေအောက်မှာ ရေးသူနာမည်မပါဘူးတဲ့။ ဟုတ်ပါတယ်။ ကျွန်မကိုယ်တိုင်ရေးတာလေးတွေဆို ဘာမှ မရေးဘဲ ကဗျာချည်းသက်သက်တင်ပြီး၊ ကျွန်မကြိုက်လို့ တင်ထားတဲ့ကဗျာတွေဆို အောက်မှာဖြစ်ဖြစ် ထိပ်မှာဖြစ်ဖြစ် comment လေးတချို့ ရေးထားလေ့ရှိပါတယ်။ ကျွန်မကတော့ ကျွန်မအမှတ်သညာနဲ့ ကျွန်မလေ။ ဘယ်သူက သတိထားမိမှာလဲနော။ ဟိုးအရင် blogspot မှာဆိုရင်တော့ post အားလုံးမှာ posted by prizewai ဆိုပြီးပါပါတယ်။ ဒီ wordpress ရောက်တော့ လုံးဝ prizewai ပျောက်ပြီး posted by hololodilolo တွေချည်းဖြစ်သွားတော့တယ်။ ဒါကလည်း ရည်ရွယ်ပြီး လုပ်လိုက်တာ မဟုတ်ဘူး။ အဲဒီလို ဖြစ်နေတယ်ဆိုတာတောင် သူငယ်ချင်းတစ်ယောက် သတိပေးမှပဲ သိတော့တာ။ ဒါလည်း ကောင်းတာပဲ ဆိုပြီး ဒီအတိုင်းထားလိုက်တာ။ နောက်တော့ wordpress theme တွေ လျှောက်ပြောင်းရင်းက posted by hololodilolo ပါပျောက်တဲ့အခါပျောက်သွားတယ်။ သတိလည်း မထားမိပါဘူး။ တင်ထားတဲ့ စာတွေကိုပဲ အာရုံရောက်နေပြီး၊ အိမ်က မိုးယိုနေလား၊ ဖုန်တက်နေလား၊ ကြမ်းကျွံနေလား သတိမမူတာ ကျွန်မအပြစ်ပါပဲ။

ထိုသို့ ထိုသို့သော ကျွန်မရဲ့ ဟိုလိုလိုဒီလိုလို ကဗျာတွေကို တမှတ်တမဲ့ပဲ ဖြစ်ဖြစ် ဖတ်ဖြစ်ရင်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်မပြောချင်တာကို နားလည်သွားသည်ဖြစ်စေ၊ ဘာမှ မရသွားသည်ဖြစ်စေ၊ ကျေးဇူးတင်ပါတယ်။ တင်ထားပေမယ့် ဘယ်သူမှ မဖတ်တဲ့ ကဗျာတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ ကျွန်မရဲ့ ဟိုလိုလိုဒီလိုလိုလေးက တနေ့တနေ့ visitor count ကလည်း ဘယ်လောက်မှမရှိဘူးလေ။ တချို့သော ရက်တွေဆို visitor count က one တဲ့။ အဲဒီအခါမျိုးများဆို တွေးမိသေး။ ဘယ်သူများပါလိမ့်လို့။ ကျွန်မကိုယ်တိုင်ကလည်း အခြားသော အိမ်တွေဆီ အလည်အပတ် မရောက်သလောက်ပါပဲ။ reader ထဲထည့်ထားပြီးသာ ဖတ်ဖြစ်နေတော့တာကိုး။ အိမ်သွားမလည်ဘဲ လက်ဖက်ရည်ဆိုင်မှာ သူတို့တွေ ဖြတ်သွားဖြတ်လာကို ငေးပြီး၊ အဆက်အသွယ်မပြတ်ဘူး ဆိုတဲ့ ပုံစံမျိုးလေ။ အိမ်ရှင်လည်းမသိ၊ နှုတ်လည်း မဆက်ဖြစ်ဘူးကိုး။

စိတ်ကူးအလုပ်မပါလှဘဲ ဒိုးကနဲ ပက်ကနဲ သိနေရတော့ ကဗျာမဟုတ်တော့ဘူးတဲ့။ ခံစားမှုမပါ အချက်အလက်အခြေခံကဗျာတွေကို ဆရာ မောင်သာနိုး ပြောထားတာပါတဲ့။ မောင်သာချို စာအုပ်ထဲမှာ ဖတ်ဖူးတာပါပဲ။ တကယ်ပါ။ ကျွန်မနားမလည်ပါဘူး။ ဒါပေမယ့် ကျွန်မချရေးဖြစ်နေတာတွေကို ကဗျာလို့ပဲ ခေါင်းစဉ်တပ်ပါရစေ။

One thought on “ဟိုလိုလိုဒီလိုလိုကဗျာများ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s