if i die now, …

အလွန်အမင်း ပူပြင်းခြောက်သွေ့လျက် အေးအောင်လုပ်ပေးနိုင်သည်ဆိုသော ကိရိယာပင်လျှင် လျှပ်စစ်မီးချို့ယွင်းချက်ကြောင့် အေးမြခြင်းငှာ မစွမ်းဆောင်နိုင်သော အနှီတခုသော နေ့လယ်ခင်းတစ်ခုတွင် အကျွန်ုပ်သည်လည်း အများသူငါ ကြည့်မြင်ခြင်းငှာ မစွမ်းနိုင်သော ချောင်တစ်ချောင်တွင် ကပ်နိုင်သမျှ ကုတ်ကပ်ထိုင်နေချိန်။ ကျွန်ုပ်၏ရှေ့မှောက်တွင်ကား ကိုးနတ်ရှင် ကြွတချက် မကြွတချက် ဖြစ်လတ္တံ့သော လယ်တောတစ်လုံးချလျက် ဟိုသည်ကို ဆည်းပူးလေ့လာသယောင် ဤသည်ကို စေ့ငုသုံးသပ်သယောင်သော အမှုကိုပြုလျက် ကိုးနတ်ရှင် ကြွလာလို ကြွလာငြား လုပ်ဆောင်ချက်ခလုတ်များစွာထဲမှ ပြန်လည်သစ်ဆန်းမှုခလုတ်တစ်ခုကို တွင်တွင်နှိပ်လျက် ရှိနေတော့ချေသည်တည့်။

အေးဆေးငြိမ်သက်စွာ နေနိုင်ခြင်းဘက်၌ ပါရမီအခံနည်းပါးရှာသော ကျွန်ုပ်သည် စဉ်းငယ်ခန့်မျှသော အချိန်၌ပင် ပျင်းရိငြီးငွေ့လာလျက် မည်သူ့အား နှောင့်ယှက်ရသော် သင့်တော်လေအံ့ဟု ၀ဲယာ ဘေးဘီအား ရှုစားလတ္တံ့လေလျှင်။ မိန့်မိန့်အိန့်အိန့်ကြီး ထိုင်လျက် မွေးမြူရေးလုပ်ငန်း၌ အာရုံဝင်စားနေအံ့သော၊ ထွန်ယက်စိုက်ပျိုးဖြင်းဖြင့် ပျော်မွေ့လျက်ရှိသော၊ မုန့်ဖုတ်ခြင်းလုပ်ငန်းကို တွင်တွင်ကြီး ချဲ့ထွင်လျက်ရှိသော အပေါင်းအသင်းရောင်းရင်းများကို မြင်ချေသည် ဟူလို။ အနှီတွင်ပင် ကျွန်ုပ်၏ ခေါင်းထဲ၌ အနီရောင်၊ အနက်ရောင် ရောနှောလျက် တောက်ပသော အတွေးအမျှင်တချို့ လင်းလက်လာချေသတည်း။ အကြင်သူတို့အား ဒုက္ခပေးတော့အံ့။

ယခုလက်ငင်း ကျွန်ုပ်သေလွန်သွားခဲ့သော် အဆွေတို့ မည်ရွေ့မည်မျှကာလအထိ ကျွန်ုပ်အား သတိရနေမည်နည်း။ ကျွန်ုပ်၏ ရုပ်ခန္ဓာ မြှုပ်နှံရာသို့ အခေါက်အခါမည်မျှ သင်လာဖြစ်မည်ဟု ထင်သနည်း။ တို့နှယ် ဤနှယ် သို့နှယ် သည့်နှယ် အမေးများအား ကံဆိုးရှာသော ကျွန်ုပ်၏ ရောင်းရင်းများထံ ပို့လွှတ်၍ အနှီတို့၏ ငြိမ်းချမ်းခြင်းအား ဖျက်ဆီးချေပြီတမုံ့။ အကြင်သူတို့သည် ကျွန်ုပ်အား သတိမရ၊ ချက်ချင်းမေ့ပါမည်ဟု ဖြေလတ္တံသော် ကျွန်ုပ်၏ အမျက်ချောင်းချောင်းထွက်ခြင်းကို ခံရလတ္တံ့။ အစဉ်အမြဲ နစ္စဒူဝ အမှတ်ရနေမည် ဆိုပါလျှင်လည်း ဖြစ်နိုင်ချေမရှိသော အဖြေကိုပေး၏ဟု ကျွန်ုပ်၏ ရစ်ခြင်း ဂျီခြင်းကို ခံရလတ္တံ့။ မျက်မှောက်ကာလကဲ့သို့သော မြေကြီးများ ရှားပါးလာရာ ခေတ်ကြီးထဲတွင် အသုံးမကျတော့သော ရုပ်ခန္ဓာအတွက် ဘယ်ပုံဘယ်နည်းနှင့် လေးပေ ခြောက်ပေဟူသော ကြီးမားကျယ်ပြန့်သည့် ကျင်းကြီးတစ်ကျင်းရနိုင်အံ့။ အလုံးစုံကို လောင်ကျွမ်းခြင်းဖြင့်သာ အဆုံးသတ်ရပေမည် မဟုတ်ပါတကား။ သို့ကြောင့် မြှုပ်နှံရာ အရပ်ဒေသသို့ မည်ရွေ့မည်မျှ လာရောက်ပါမည်ဟုဆိုခဲ့ချေသော် မဟုတ်မမှန်သော စကားကိုဆိုသည်ဟူသော ထောင်ချောက်သို့ အကြင်တို့ သက်ဆင်းရလတ္တံ့။

ခြေခြေမြစ်မြစ် တိတိကျကျ ဆိုရလေသော် အနှီယခုပင်သေလွန်ခဲ့သော် ဟူသော မေးခွန်းကား ယခုမှ ချောက်ချနှောင့်ယှက်လို၍ ထွက်လာသော မေးခွန်းကား မဟုတ်ပါချေ။ ရှေးမဆွကပင် အကျွန်ုပ်၏ စိတ်သန္တန်၌ စွဲထင်ကပ်ငြိလျက်ရှိသော အမေးပင်ဖြစ်ချေ၏။ လူဆိုသည်ကား တချိန်ချိန်၌ သေလွန်ရမည်။ အကြင်သူ တဦးတယောက်မှ ရှောင်လွဲခြင်းငှာ မစွမ်းသာ ဟူလို။ အသို့သော် မွေးပြီးနောက် နှစ်သုံးဆယ်ပင် မပြည့်မီ လက်ငင်းချက်ချင်း ဖြုတ်ခနဲ သေလွန်သည်ရှိသော် အရွယ်ကောင်းစဉ် ကြွေလွင့်ရှာသည်ဟု စုတ်တသပ်သပ် ရှိချေမည်မှာ မလွဲ။ လက်ခမောင်းထခတ်သူလည်း မရှိဘူးဟု ပြောနိုင်ပါမည်လော။ ထင်ရှားကျော်ကြားသူများကို အသာထား၊ ကျွန်ုပ်ကဲ့သို့သော လူသာမန်ပါမွှားကလေး သေလွန်လေလျှင်ပင် မျက်ရည်လည်ရွဲဝမ်းနည်းမည့်သူမရှားသကဲ့သို့ ပြုံးထေ့ထေ့ လုပ်မည့်သူလည်း ရှိပေလိမ့်မည်။ အကြင်သူအားလုံးသည် ကျွန်ုပ်ဟူသော အမည်နာမကို မည်ရွေ့မည်မျှ အမှတ်ရနေကြမည်နည်း။

ယထာဘူတကျကျ စေ့ငုသုံးသပ်သော် ကိစ္စများမြောင်လူတို့ဘောင် ဟုဆိုလတ္တံ့သော လူ့ဘောင်လောကတွင် ရှင်သန်ကျန်ရစ်သူတစ်ယောက်သည် သေလွန်သူ တစ်ဦးတစ်ယောက်အား စက္ကန့်မလပ် အမှတ်ရတမ်းတနေရန် ဟူသည်မှာ ဖြစ်နိုင်ချေရာနှုန်း အလွန်နည်းပါးသော အမှုပင် ဖြစ်ချေသည်။ မေ့လျော့လိုက်သည်ဟု မဆိုနိုင်သော်ငြား အကြောင်းတစုံတခု၊ အဖြစ်အပျက်တစုံတရာ၊ နေ့ရက်တချို့တလေ တိုက်ဆိုင်မှသာ ပြန်ပြောင်းအောက်မေ့လာသည်သာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်လေ၏။ အသို့ဆိုသော် ကျွန်ုပ်မှသာ ထူး၍ ကျွန်ုပ်သေလွန်သော် ကျွန်ုပ်အား တစိုက်မတ်မတ် သတိရတမ်းတနေရန် အလိုရှိသည်လော။ လားလားမျှ မသက်ဆိုင်ပါလေ။ ကျွန်ုပ်၏ အမည်နာမကို မြည်တမ်းလျက် တငိုငိုတရယ်ရယ် ဖြစ်နေမည့် အကြင်သူ တစ်ဦးတစ်ယောက်ကိုမျှ အလိုမရှိပါပေ။ သို့ဖြစ်ပါလျက် ဘဇာကြောင့် အထက်ပါကဲ့သို့ အမေးမျိုးတွေးမိအံ့နည်း။ မေးမိအံ့နည်း။

မှန်ပေ၏။ ကျွန်ုပ်သည် အရွယ်မလွန်ခင် သေလွန်ခဲ့သည်ရှိသော် ကျန်ရစ်သူတို့ မည်သို့ တွေးတောပြုမူကြမည်ကို အလွန်အမင်း သိချင်သော စိတ်ဆန္ဒပြင်းပြပေသည်။ ဖြစ်နိုင်ချေရှိသည် ဖြစ်သင့်သည် မဖြစ်သင့်သည် အပထား၊ တမလွန်သို့ ခရီးမနှင်မီ အချိန်သုံးရက်ခန့် လိုချင်လှပေသည်။ အနှီသုံးရက်အတောအတွင်း ကျွန်ုပ်သွားလို၊ တွေ့လိုသူတို့အား တိတ်တဆိတ် ကြည့်ရှုလျက် အကြင်သူတို့ မည်သို့ပြုမူသည်ကို သိလိုလှပေသည်။ နောင် တစ်နှစ်ခန့်ကြာသောကာလတွင်လည်း တိတ်တဆိတ်ပြန်လာ၍ ထိုသူတို့အား တဖန်ကြည့်မြင်လိုလေချေသည်တည့်။ အထူးအနေနှင့် ကျွန်ုပ်၏ မွေးချင်းပေါက်ဖော် အစ်ကိုတော် နှစ်ယောက်အား အလွန်တရာ စောင့်ကြည့်လိုလှသည်။ ဘဇာကြောင့်ဆိုသော် အကြင်သူနှစ်ဦးသည် ကျွန်ုပ်သေလွန်သည် ရှိသော် ငါတို့နှင့် ကွန်ပျူတာလုရာ၊ ရုပ်ရှင်လုကြည့်ရာ၊ ငါတို့ အ၀တ်အစား အသုံးအဆောင်များအား မျက်စောင်းထိုးရာ၊ ငါတို့အား အပြစ်မရှိအပြစ်ရှာ ပွစိတိုက်ရာ၊ ငါတို့အပြစ်မြူမှုန်မျှအား ဟိမ၀န္တာသဖွယ် ပြောဆိုတိုင်တောရာ သတ္တ၀ါတစ်ကောင် မရှိလေတော့ ဟူ၍ ပွဲလမ်းသဘင်ပင် ၀ှဲချီးကျင်းပနေမည်လားဟု သံသယ၀င်မိသောကြောင့်ပင် ဖြစ်ချေသည်တည့်။ မည်သို့ပင်ဆိုစေကာမူ အနှီကား အသုံးမ၀င် အဆင်မပြေသော ချင်ခြင်းပင် ဖြစ်လေသည်တမုံ့။

ဤသို့ ဤနှယ်တွေးတောနေခြင်းကို စေ့ငု၍ ကျွန်ုပ်သည် သေခြင်းတရားကို ကြောက်ရွံ့ခြင်းအလျဉ်းမရှိ ငံ့လင့်နေသည်ဟု ထင်မြင်က မှားချေမည်တည်း။ ဘွင်းဘွင်း ရှင်းရှင်း ဖွင့်ဟရသော်.. ကျွန်ုပ်သည်ကား ကားလမ်းကူးရင်း ကားတိုက်ခံရမည်ကို ကြောက်ပေ၏။ လေယာဉ်စီးရင်း လေယာဉ်ပျက်ကျမည်ကို ကြောက်လေ၏။ ရေထဲဆင်းရင်း ရေနစ်မည်ကို ကြောက်လေ၏။ မီးခလုတ်ဖွင့်ရင်း ဓါတ်လိုက်ခံရမည်ကို ကြောက်လေ၏။ ကွင်းခေါင်ခေါင်တွင် မိုးကြိုးပစ်ခံရမည်ကို ကြောက်လေ၏။ လေဆင်နှာမောင်းထဲ လွင့်ပါသွားမည်ကို ကြောက်လေ၏။ အစားစားရင်း စားပို့နင့်မည်ကို ကြောက်လေ၏။ မတည့်သောအစာများ အတူတွဲစား၍ အစာအဆိပ်သင့်မည်ကို ကြောက်လေ၏။ လမ်းသွားရင်း လူမှားဓါးထိုးခံရမည်ကို ကြောက်လေ၏။ လမ်းကြိုလမ်းကြား လမ်းလျှောက်နေရင်း တိုက်ပေါ်မှ ပန်းအိုး ပြုတ်ကျမည်ကို ကြောက်လေ၏။ ခွေးရူးအကိုက်ခံရမည်ကို ကြောက်လေ၏။ ခြေချော်ပြုတ်ကျ၍ ကျောက်တုံးနှင့်ခေါင်းရိုက်မိမည်ကို ကြောက်လေ၏။ မမြင်မစမ်းသွားရင်း မြောင်းထဲကျမည်ကို ကြောက်လေ၏။ အဆုံးစွန်သော် ရေသောက်ရင်း ရေသီးမှာကိုပင် ကြောက်လေတော့သည်ဟူသတည်း။ ။

(ပိတ်ရက်သုံးရက်တွင် ဂျက်ကွမ်းခြံကုန်း၏ ဘုတ်အုပ်စာပေများအား တွင်တွင်ကြီး ဖတ်ရှုပြီးသကာလ ထိုသို့နှင်နှင် စာမျိုးရေးကြည့်ရသော် သင့်တော်လေအံ့ဟု မတန်မရာ တွေးတောလျက် ဤစာပိုဒ်အား ရေးခြစ်မိလေတော့သတည်း။ ဤကား စကားချပ်)

6 thoughts on “if i die now, …

  1. အခုအချိန်သေသွားရင်တော့ အပုပ်ကောင်ကတော့ မြန်မြန်ခြောက်သွားမှာသေချာတယ် .. နေအရမ်းပူနေလို့ … 😀

  2. ဒါကြောင့်ထင်နေတာ.. ဘယ်လိုတွေ ရေးနေပါ့လိမ့်လို့…
    သေ လည်း အေး တာ ပါပဲဟာ… ကိုယ်သေရင် လည်း ကိုကျော်သူ ရှိနေတော့မပူရဘူး… ဟုတ်တယ်မဟုတ်လား.. ငါ ဒီမှာသေလည်းမပူရဘူး.. insurance ရှိတယ်.. 😀

  3. ကောင်းသားပဲ အမိရဲ့။ ငယ်မူပျောက်အောင် ရေးနိုင်တာ လွယ်တာလိုက်လို့ဗျာ။

  4. ငါသာ နင့်အကိုဆို မျက်စိနောက်သက်သာသွားတယ်ပဲ ပြောမိမလား .. ဟီဟိ
    ဒါပေမယ့်ဟာ မျက်စိရှေ့မှာ ပြာယီးပြာယာလေးလုပ်ရှားနေတာလေး မမြင်ရရင် အကိုတော်နှစ်ပါးတော့ ၀မ်းနည်းနေမှာ သတိရနေမှာ အသေအချာ ..

  5. ကြိုက်တယ်.. အရေးအသားကထိတယ်..စကားချပ်ကိုပိုကြိုက်တယ် 😛

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s