ခေတ်လူငယ်များနှင့် ခေတ်ပေါ်ရောဂါ

တနေ့က ကျွန်မ gmail status message မှာ “စိတ်ဓါတ်အ၀ီစိထိရောက်နေပါသည်.” လို့တင်ထားမိတယ်။ တကယ်လည်း ကိုယ့်ကိုယ်ကို ဒေါသထွက်၊ အပြစ်တင်၊ အားမလိုအားမရဖြစ်ရင်း မုန်းတဲ့အဆင့်ရောက်လာလို့ Fall in Hell ဆိုတဲ့ပို့စ်လေးတောင် ရေးဖြစ်ပါရောလား။ ကျွန်မက ကျွန်မတစ်ယောက်လည်း အလိုမကျဖြစ်နေတယ် မှတ်တာ။ ဘယ်ဟုတ်ပါ့မလဲ။ တခြားမကြည့်နဲ့ gmail status message တွေမှာတင် စိတ်ဓါတ်ကျသံပါတဲ့ message တွေပုံလို့။ online မှာလည်း ဟိုလူက စိတ်တွေလေ၊ ဒီလူက စိတ်တွေလွင့်နဲ့။ ခေါင်းကိုက်ရတာနဲ့၊ မျက်မှောင်ကြုတ်ထားရတာနဲ့။ အမြင်ပုံစံအရတော့ ကျွန်မတို့အားလုံး ရယ်မောပျော်ရွှင်နိုင်နေသေးတာပဲ။ ဒါပေမယ့် ရယ်မောနေတာနဲ့အတူ အလိုမကျခြင်းတွေက တွဲပါနေကြတယ်။ ဘာလို့များပါလိမ့်။

ဒီခေတ်ကြီးထဲမှာ အသက်ရှင်နေရတဲ့ ကျွန်မတို့မှာ လိုချင်တာတွေ၊ ဖြစ်ချင်တာတွေ သိပ်များလာတာကိုး။ လူဆိုကတည်းက လိုချင်တာတွေ၊ ဖြစ်ချင်တာတွေနဲ့ တွဲနေတာပါပဲ။ ခုခေတ်ထဲမှာက ပိုများလာတာပဲ ရှိတယ်။ ရည်မှန်းချက်တွေ သိပ်ကြီးလာကြတယ်။ အမြင်တွေပွင့်လာကြတယ်။ သူများတော်တာတွေကို မြင်လာကြတယ်။ အားကျလာကြတယ်။ ဖြစ်ချင်လာကြတယ်။ နောက်ကျန်ခဲ့ရမှာ ရှက်တတ်လာကြတယ်။ ကိုယ်ကိုယ်တိုင်တော့ သိပ်ပြီး ရည်မှန်းချက်တွေ မရှိဘူးဆိုဦးတော့ အဲဒီလို ဖြစ်နေတဲ့ အသိုင်းအ၀ိုင်းကြားရောက်ရင် အလိုလိုရောပါသွားရပြန်ရော။ သူများတွေ ဒါလုပ်တတ်တယ်။ ငါကမတတ်ဘူး။ အဲဒီလိုဆိုရင် အားငယ်လာရော။ သူများတွေ ဒီလိုဖြစ်တယ်။ ငါဘာလို့ မဖြစ်ရမှာလဲ။ အဲဒီလိုဆိုပြန်တော့ မအေးချမ်းနိုင်ပြန်တော့ဘူး။ ခုခေတ်ကြီးမှာကလည်း အလုပ်ထဲမှာလည်း အလုပ်ထဲမှာမို့၊ ပညာရေးလည်း ပညာရေးမို့၊ နေရာအစုံမှာ လိုက်လို့မကုန်၊ လိုချင်လို့ကိုမဆုံးနိုင်ကြဘူး။

သူများနဲ့မယှဉ်နဲ့၊ ကိုယ့်ကိုယ်ကိုနဲ့ပဲယှဉ်ဆိုတဲ့စကားလေးက ဟိုးအရင်ကတည်းက ကျွန်မတို့ကြားဖူးပြီးသား၊ သိဖူးပြီးသားပါ။ ကျွန်မတို့ မေ့မေ့နေကြတာပါ။ မမေ့ဘဲ ခံနိုင်ရိုးလား။ ကိုယ့်မျက်စိရှေ့မှာ သူများတွေ တော်နေ၊ ကျော်နေတာတွေ မြင်နေရ၊ ကြားနေရတယ်လေ။ အားကျနေရတယ်လေ။ သူနဲ့မယှဉ်ပါဘူးဆိုရင်တောင် အားကျရာကနေ အလိုလိုယှဉ်မိသလို ဖြစ်သွားရော။ သူများတွေကိုကြည့်ရင်း အားကျရာကနေ အားငယ်လာရော၊ စိတ်ဓါတ်ကျလာရော။

ကျွန်မတို့ နည်းနည်းလောက် လှည့်စဉ်းစားကြည့်ကြမယ်။ မနေ့ကကျွန်မနဲ့ ဒီနေ့ကျွန်မဘာကွာလဲ။ လွန်ခဲ့တဲ့နှစ်ကနဲ့ ဒီနှစ်ကနဲ့ ဘာတွေများပိုတတ်လာပြီလဲ။ ဘာတွေများတိုးတက်လာပြီလဲ။ သူများတော်လာတာ မကြည့်ဘဲ ကိုယ့်ဘာသာပဲ ကြည့်ကြည့်ရအောင်။ ကျွန်မထင်ပါတယ်။ ကျွန်မတို့တွေ နည်းနည်းလေးတော့ မတိုးတက်လာပဲ မနေပါဘူး။ ဒါပေမယ့် အဲဒါကလည်း ဒီလောက်အခြေအနေနဲ့က ဒီလောက်ပဲ တိုးတက်စရာလား။ တွန်းလို့ ရွေ့တာလား။ တွန်းပေးတဲ့အရှိန်ကိုရော အသုံးချဖြစ်ရဲ့လား။ ပြန်စဉ်းစားရပါဦးမယ်။ အဲဒီလိုကျရင် “ဟင်.. ငါအများကြီးဖြစ်လာသင့်ရက်သား”နဲ့ ဆိုတာမျိုး ကိုယ်အသုံးမကျခဲ့တာတွေ မြင်လာဦးမယ်။ မြင်ကိုမြင်မှာ။ လူဆိုတာမျိုးကလည်း မရခင်ကသာ 50ရရင်တော်ပြီ။ ဟော.. 50လည်းရပြီးရော ငါ 100ရရမှာဆိုတဲ့စိတ် ဖြစ်သွားရော။ လိုချင်တာတွေ၊ ဖြစ်ချင်တာတွေလည်း ခဏခဏ ဖြစ်ဖူး၊ ရဖူးကြတာပဲ။ အဲဒီအချိန်လည်း ပျော်ဖူးကြတာပဲ။ ဒီကြားထဲ မတင်းမတိမ်နဲ့ ခဏခဏလည်း စိတ်ဓါတ်ကျနေကြတာပဲ။ ဒီတော့ မရောင့်ရဲနိုင်သရွေ့ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိဦးမှာပဲ။

ရှိသေးတယ် နောက်တမျိုး။ ဒီခေတ်ကြီးမှာ ကျွန်မတို့အားလုံးက အလုပ်လည်းလုပ်ရ၊ ဟိုသင်တန်းဒီသင်တန်းလည်း ပြေးတက်ရနဲ့။ ခန္ဓာကိုယ်က ခံနိုင်သ၍ မနားနိုင်ဘဲ နေကြတယ်။ တဖြည်းဖြည်းနဲ့ စိတ်ကို အနားပေးတဲ့အချိန် ရှားပါးလာတယ်။ ပစ္စည်းတောင် ကုန်တတ်သေးတာပဲ။ စိတ်လည်း ပင်ပန်းလာတော့ အရည်အသွေးတွေလည်း ကျလာတယ်။ အလိုလို စိတ်တိုလာတယ်။ စိတ်တွေလေလာတယ်။ လွင့်လာတယ်။ အလိုမကျဖြစ်လာတယ်။

ကဲ.. သူများနဲ့လည်း မယှဉ်ဘူး။ တော်ပြီ ကိုယ်ရသရွေ့လေးနဲ့ပဲနေတော့မယ်။ နားနားနေနေပဲ။ အဲဒီလိုဆိုရင်ရော။ ဒီခေတ်ကြီးထဲမှာ အသက်ရှင်ဖို့တောင် ခက်သွားဦးမယ်။ ဘယ်ရမလဲ။ အောက်ဆုံးမှာ ပြားပြားလေး ဖြစ်နေမှာပေါ့။ ကြိုးစားကို ကြိုးစားရမယ်။ ရုန်းကို ရုန်းကန်ရမယ်။ ဟော.. ဟော.. အပေါ်ကအဆင့်တွေ ပြန်ရောက်ပြန်သွားပြီ။ ဒါကြောင့်ပြောပါတယ်။ ခေတ်ရောဂါပါလို့။ ရေပန်းအစားဆုံး ခေတ်ရောဂါပါဆို။ ကျွန်မတို့က ဒီလိုခေတ်မှာမှ လူဖြစ်နေကြတာကိုး။ ဒီတော့…….

ခင်ဗျားချည်းပဲ စိတ်ဓါတ်ကျတယ် မထင်ပါနဲ့။ ခင်ဗျားချည်းလည်း ပင်ပန်းတယ် မထင်ပါနဲ့။ ခင်ဗျားချည်းပဲ အလိုမကျတယ် မထင်ပါနဲ့။ ခင်ဗျားချည်းပဲ အသုံးမကျဘူး မထင်ပါနဲ့။ ကျွန်တော်တို့လည်း တူတူပါပဲ။

8 thoughts on “ခေတ်လူငယ်များနှင့် ခေတ်ပေါ်ရောဂါ

  1. မတတ်ပ… စကားတတ်တိုင်းပြောနေတယ်… ခေတ်ရောဂါဆိုရင် ဘယ်လိုကုရမလဲ…မကူးစက်အောင်ဘယ်လိုနေရမလဲ.. ကဲပြော… အနာသိ ဆေးရှိဆို…

  2. အင်း ဟုတ်တော့ဟုတ်ပါ့ဗျာ။ ခုတလောခေတ်စားလာတဲ့ ကာလ်ချာများကလည်း လူတွေကိုအဲ့သလို စိတ်ဓာတ်ကျစကားပြောတာမျိုးကို ဆွပေးသလိုဖြစ်နေလေရဲ့ဗျာ…။ အင်း လူတိုင်းသာသလိုဖြစ်နေရင်တော့ ရင်လေးစရာပဲဗျာ။

  3. အဟက်..ဟက်.. ခေတ်မှီသူတိုင်း စိတ်ပစ္စလက္ခလေကျသည်.. ပေါ့… ခုမှနည်းနည်းအားတက်သွားတယ်… ခေတ်နောက်မကျမှန်း သိလိုက်ရလို့… 🙂

  4. ကြိုးစားချက်လေးတစ်ခုပြီးမြောက်သွားတဲ့အခါ “ဆာတိုရီ”ရသလို ပီတိတွေ တရှိန်ရှိန်တက်လာတတ်ပါတယ်။ ဆိုပါစို့ ပရိုဂရမ်လေးတစ်ခုကို အောင်အောင်မြင်မြင်ရေးပြီးတဲ့အခါ အဲဒါလေးကိုပဲ အမျိုးမျိုးစမ်းကြည့်ရ၊ ဟိုလူ့ကိုကြွားရ သည်လူ့ကိုကြွားရ နဲ့၊ မပြီးနိုင်တော့ဘူးမဟုတ်လား။

    စာတစ်ပုဒ်ရေးပြီးရင်လဲ ပီတိကလိုက်လာတာပဲလေ။

    အဲဒါဟာ စိတ်ဓာတ်အင်အားပြန်ပြည့်လာတာပါပဲ။
    စိတ်ဓာတ်ဟာလဲ တစ်ခြားအရာတွေလိုပဲ လျော့တတ်သလို ပြန်လဲပြည့်တတ်ပါတယ်။ အမြဲကျမနေပါဘူး။

    အမြဲတမ်းစိတ်ဓာတ်ကျနေတယ်လို့ထင်နေရင် စိတ်ကျရောဂါဝင်နေတာ။ ဘာလုပ်လုပ် မအောင်မြင်တဲ့သူတွေ၊ ဘာကိုမှ ပြီးတဲ့အထိမလုပ်တဲ့သူတွေမှာဖြစ်တတ်တယ်။ ဒါကလဲ အာဂန္တုသဘောဆောင်ပါတယ်။ ဖြစ်လဲဖြစ်ခဲပါတယ်။

    ခေတ်လူငယ်တွေဖြစ်နေတာက အားငယ်နေကြတာပါ။
    စိတ်ဓာတ်ကျတာမဟုတ်ပါဘူး။
    အားပေးမယ့်သူရှိရင် သိကြားမင်းကျောက်ဖျာအထိတောင် ထိုးတက်သွားမယ့် စိတ်ဓာတ်တွေ ရှိနေပြီးသားပါ။

    ကဲ.. ကဲ… တက်တော့… ပြန်တက်တော့နော်..

  5. စိတ်ပျက်အားလျော့မှူတွေ ရှိနေပေမယ့် ငါ လုပ်ကိုလုပ်မှဖြစ်မယ်ဆိုတဲ့အတွေးဝင်လာချိန်မှာ အလိုလိုကိုအားတက်လာတာပါပဲ..ကျွန်မက နည်းနည်းegoများတယ်….ငါလုပ်တိုင်းဖြစ်ရမယ်လို့ယုံကြည်တဲ့သူမျိုး….မဖြစ်တာလဲရှိခဲ့ဘူးပေမယ့် မဖြစ်ရင်ဖြစ်အောင်ကို ဇွတ်တွန်းလုပ်တတ်တဲ့သူမျိုးဆိုတော့ ကြာကြာ စိတ်ပျက်အားလျော့နေလို့ မဖြစ်ဘူးလေ… 😉

  6. သိတော့ လဲ သိတယ်။ဒါ ပေမဲ့ လဲ ဒီအတိုင်း ကိုဘဲ လုပ်ရမှာဘဲဆိုပြီး ဆက် သွား နေပါတယ်ရှင့်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s