Fall in Hell

ချီးကျူးစကားတွေဟာ လူတစ်ယောက်အပေါ်မှာ ဘယ်လောက်များ အကျိုးသက်ရောက်မှုရှိပါသလဲ။

ကျွန်မလည်း တခါက ချီးကျူးစကားတွေနဲ့ အသားကျခဲ့ဖူးပါတယ်။ ကလေးတစ်ယောက်ရဲ့ အရည်အချင်းကို စာတော်တာ၊ ညံ့တာနဲ့  တိုင်းတာသင့်တယ်လို့ မယူဆပေမယ့် ကျွန်မတို့တုန်းကတော့ အဲဒီလိုမျိုး အတိုင်းခံခဲ့ရတာတော့ သေချာပါတယ်။ ကျွန်မဟာ ငယ်ငယ်ကတည်းက ဆင်ခြေများတဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့သလို စာတော်ပါတယ်လို့ အစဉ်အမြဲ ချီးကျူးခံရတဲ့ ကလေးတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ ကျွန်မဘာလို့ စာကြိုးစားခဲ့ပါသလဲ။ သူများတွေလို မိဘတွေက စာကျက်စာကျက် ပြောရာက တော်လာတာမျိုးလည်း မဟုတ်ဘူး။ ကျောင်းဆရာမအမေက ဘယ်တော့မှ ကျွန်မကို စာကျက်ပါလို့ မပြောခဲ့ဖူးပါဘူး။ အနောက်မှာ နေရတာ မရှက်ဘူးလား ကိုယ့်ဘာသာ စဉ်းစားဖို့ပဲ ပြောခဲ့ပါတယ်။ ကျွန်မရှက်တတ်ခဲ့ပါတယ်။ အတန်းထဲ သူများနောက်နေရမှာ၊ ဆရာမတွေ မချစ်တော့မှာ၊ အဲဒါကြောင့်ပဲ ကျွန်မစာကျက်ခဲ့တာ ဖြစ်လိမ့်မယ်။

Leadership ဆိုတဲ့ အရည်အချင်းကရော။ ကျွန်မမှာ ရှိသလား။ ရှိခဲ့ပါသလား။ ကလေးဘ၀မှာတော့ အတန်းခေါင်းဆောင်ဆိုတဲ့ နေရာကို နှစ်စဉ်အမြဲ ရခဲ့ဖူးပါတယ်။ leadership အရည်အချင်းရှိလို့ အတန်းခေါင်းဆောင် ဖြစ်ရတာလား။ ငါးတန်းကျောင်းသူဘ၀မှာ အတန်းခေါင်းဆောင် စရှိတယ်။ ကျွန်မလည်း အတန်းခေါင်းဆောင် ဖြစ်ခဲ့တယ်။ နောက်နှစ်ကျလည်း ဒီအတိုင်း။ အထက်တန်းကျောင်းတလျှောက်လုံး စာတော်သော၊ တာဝန်ကျေသော ကျောင်းသူတစ်ယောက်အဖြစ် ချီးကျူးခံခဲ့ရလောက်အောင် ကျွန်မတကယ် ကြိုးစားခဲ့ဖူးပါတယ်။ ဦးဆောင်နိုင်ခဲ့ဖူးပါတယ်။

ဒါတင်ပဲလား။ တက္ကသိုလ်တက်တော့ အတန်းထဲမှာ EC ဆက်ဖြစ်တယ်။ သုံးနှစ်လုံးလုံး ဆရာမတွေနဲ့လည်းတည့်၊ အတန်းထဲမှာလည်း အဆင်ပြေအောင် နေတတ်ခဲ့ဖူးပါတယ်။ စာရော၊ အဲဒီအထိ ရှက်တတ်သေးတယ်။ စာမေးလို့ မရရင်ဖြစ်တဲ့ ခံစားချက်က ဘာနဲ့မှ မတူဘူး။ ဒါကြောင့် ကျွန်မ စာကျက်ခဲ့ဖူးပါတယ်။ အပြင်သင်တန်းတွေလည်း တက်ဖြစ်လာတော့ သင်တန်းတိုင်းမှာလည်း ထိပ်ဆုံးမဟုတ်တောင် ထိပ်နားမှာ နေရဖို့ ကျွန်မကြိုးစားခဲ့ပါသေးတယ်။ ရည်ရွယ်ချက်ရှိရှိ ကြိုးစားတယ်ဆိုတာထက် အနောက်မှ နေရမှာ ရှက်လို့ကြိုးစားရာကနေ သူ့အလိုလို စိတ်ဝင်စားမှုပါလာတာမျိုးပါ၊ ဖြောင့်ဖြောင့်တွေးပြီး မရှုပ်ထွေးခဲ့ပုံပါပဲ။

တော်တယ်။ လိမ္မာတယ်ဆိုတာတွေနဲ့ အသားကျလာလိုက်တာ။ အဲဒီစကားတွေ ဘယ်အချိန်ကျွန်မဘေးက ထွက်သွားပါလိမ့်။ သေချာတွက်ကြည့်ရင် 2007 လောက်ကများ စလေမလား။ တကယ့် ဘ၀ထဲကို စ၀င်ရတဲ့ အဲဒီအချိန်လောက်ကစ ကျွန်မဖြစ်ချင်တာတွေ သိပ်များလာခဲ့ပါတယ်။ ဟိုဟာဖြစ်ချင်၊ ဒီဟာဖြစ်ချင်နဲ့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျွန်မ ယောင်လည်လည် ဖြစ်လာပါတယ်။ ချော်တော်တော်ဖြစ်လာပါတယ်။ ဟိုလို ဖြစ်ချင်လို့ အတင်းလိုက်လုပ်လိုက်၊ ဒီဟာကိုလည်း မလွှတ်ချင်လိုက်နဲ့။ ကျွန်မ တော်ချင်ယောင်လည်း ဆောင်တတ်လာပါတယ်။ တံလျှပ်တွေနောက်လည်း လိုက်တတ်လာပါတယ်။ ကိုယ့်အပြစ်ကိုဝှက်ထားရင်း သူများကိုလည်း လက်ညိုးထိုးတတ်လာပါတယ်။ အဲဒီလို လုပ်ရင်းကနေ ကျွန်မရဲ့ ပင်ကိုယ်အရည်အချင်းတွေ လွင့်လွင့်သွားတာ မသိလိုက်ဘူး။ ရှေ့ဆုံးရောက်ရာကနေ အလယ်၊ နောက် .. အနောက်ကျကျနား ရောက်သွားတာ၊ သွေးရူးသွေးတန်းလိုက်ရင်းနဲ့ ထပ်ထပ်ဝေးသွားတာ၊ ကျွန်မ မသိချင်ယောင်ဆောင်နေခဲ့တယ်။ ကျွန်မဘ၀မှာ ကံကောင်းစွာနဲ့ ဆရာကောင်းတွေ၊ မိတ်ဆွေကောင်းတွေ အများကြီးတွေ့ခဲ့ရတယ်။ ဒါပေမယ့် တခါတလေ တန်ဖိုးထားရကောင်းမှန်း တကယ်ကို မသိခဲ့ပါဘူး။ ကျွန်မဘာသာ ညံ့လာတာကို ဖုံးရင်း ကာကွယ်ရင်း အတုတွေနဲ့ချည်း ပျော်ပါးတတ်လာပါတယ်။ littlebrook က နန်းညီအတွက် ရေးပေးဖူးတာလေး ဖတ်ဖူးပါတယ်။ ကျွန်မခေါင်းထဲ အဲဒီစကားလုံးလေးတွေ ခဏခဏ ၀င်ဝင်လာတယ်။ “ စိတ်ပြေရာပြေကြောင်း ဖန်တီးထားတဲ့ ကမ္ဘာအတုလေးထဲ ၀င်နေရင်းနေရင်း အနီးက တကယ့်အဖြစ်အပျက်တွေ လူတွေကိုမေ့သွားမှာကိုပါ။ “ တဲ့။ ဟုတ်တယ်။ ကျွန်မ မေ့မေ့သွားတယ်။

အလုပ်ထဲမှာရော။ ဒီလောက်ပံ့ပိုးမှုနဲ့ဆို ဒီထက်အရည်အချင်းတွေ အများကြီးတက်လာရမှာ။ ခု ကျွန်မက အတင်းတွန်းရွှေ့တော့မှ တွန်းသလောက်လေး နည်းနည်းရွေ့တယ် ဆိုတာမျိုး။ တွန်းပေးတဲ့အရှိန်လေးနဲ့ တဟုန်ထိုး ဆက်သွားဖို့ ကျွန်မ မကြိုးစားဖြစ်ဘူး။ ဒီလိုမှားနေမှန်းသိတယ်။ ဒီလိုပြန်ပြင်ရမှန်းသိတယ်။ မပြင်နိုင်ဘူး။

သုံးသပ်ကြည့်ရင် ကျွန်မထွေပြားခဲ့တယ်။ အဲဒီကနေေ၀၀ါးလာတယ်။ ထွေပြားေ၀၀ါးရင်း တတ်ယောင်ကား၊ အီယောင်ဝါးဖြစ်လာတယ်။ လွင့်လွင့်နေတာကို ကျွန်မ လုံးဝ မထိန်းချူပ်ခဲ့ဘူး။ လွင့်နေရတာကို ပျော်လာတယ်။ ဟိုးတနေ့က ကျွန်မအချစ်ဆုံး အစ်မက သတိပေးလာပါတယ်။ သူ့ကို ကျွန်မဖြစ်ချင်တာတွေ ပြောခဲ့ဖူးတာကိုး။ သူက အဲဒါတွေကို ထောက်ပြရင်း ဘာမှ ဖြစ်မလာသေးတာကို သတိပေးလိုက်တော့မှ …………….. ကျွန်မလန့်သွားတယ်။ ဟုတ်တယ်။ ဆင်ဖမ်းမယ်။ ကျားဖမ်းမယ်ပဲ ကြုံးဝါးဖူးတယ်။ သက်လုံကောင်းအောင်၊ လက်နက်ပြည့်စုံအောင် မကြိုးစားဖြစ်ဘူး။ အရည်အချင်း၊ အရည်အသွေးဆိုတာ ခုနေခါမှာ လုံးဝ ကျွန်မဆီက ပျောက်ဆုံးခဲ့ပါပြီ။ ကျွန်မသိနေပါတယ်။ သူငယ်ချင်းတစ်ယောက်က သူကြောက်တဲ့အကြောင်း ကဗျာတစ်ပုဒ်ရေးဖူးတယ်။ အဲဒီတုန်းက ကျွန်မ မယုံကြည်စိတ်နဲ့ မဖြစ်နိုင်ပါဘူးဆိုပြီး လှောင်ခဲ့ဖူးပါတယ်။ ခု ကျွန်မကြောက်နေပါတယ်။ ကိုယ့်ကိုယ်ကိုလည်း မယုံတော့ဘူး။ လမ်းကိုမြင်လျက်နဲ့ မလျှောက်နိုင်တဲ့ ကိုယ့်ကိုယ်ကိုလည်း မုန်းလာပြီ။ အဲဒီလို မုန်းလာတာကိုလည်း ကြောက်တယ်။ အားလုံးကို သိနေတာကိုလည်း ကြောက်တယ်။ သိရက်နဲ့ မလုပ်နိုင်တာကိုလည်း မုန်းတယ်။ ကိုယ့်ကိုယ်ကို ပြန်ကြောက်တယ်ရှင်။

4 thoughts on “Fall in Hell

  1. Pingback: ခေတ်လူငယ်များနှင့် ခေတ်ပေါ်ရောဂါ « HoLOLo….DiLoLO

  2. ဘာပဲဖြစ်နေ ဖြစ်နေ… လုပ်နေတာကို မရပ်သေးသ၍ တိုးတက်မှု ရှိနေမှာနော့… အဲဒါကို မြင်အောင်ကြည့်… 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s