ဖြတ်သန်းခဲ့သော မိုးရာသီများ

မိုးရာသီရောက်ပြီလို့ ဆိုလိုက်တာနဲ့ အတွေးထဲ အရင်ဆုံးဝင်လာတာက ဘာများဖြစ်မလဲ။ ကျွန်မအတွက်တော့ အသက်အရွယ်နဲ့ နေရာကိုလိုက်ပြီး (၃)ပိုင်းကွဲပါတယ်။

မိုးရာသီ(၁)

သိတတ်စအရွယ်ကနေ အထက်တန်းကျောင်းသူဘ၀၊ ခုနှစ်အားဖြင့် 2001ခုနှစ်အထိ မိုးစရွာပြီ ဆိုလိုက်တာနဲ့ အရင်ဆုံးဝင်လာတဲ့အသိက ကျောင်းသွားရတော့မယ် ဆိုတာပါပဲ။ ငယ်ငယ်ကတည်းက ကျောင်းပျော်တဲ့ ကျွန်မက ကျောင်းဖွင့်ချိန်ကို မျှော်မျှော်နေတတ်တာ မဆန်းလှပါဘူး။ မနက်ဆို ၇နာရီခွဲလာမယ့် ကျောင်းကားအမှီ အိပ်ရာထရတာလေးတစ်ခုပဲ စိတ်ညစ်တာ။ ကျောင်းပိုင်ကားနဲ့ပဲ အသွားအပြန်ုလုပ်ရတော့ မိုးရေစိုရွှဲတယ် ဆိုတာလည်း မရှိလှပါဘူး။ မုန့်စားဆင်းချိန် ထီးမယူဘဲ အဆောင်တွေကြားက ကူးတော့ ကူးဖူးပါတယ်။ အဲဒါလည်း မိုးရေ သိပ်မစိုပါဘူး။ 1998 ရှစ်တန်းကျောင်းသူဘ၀မှာတော့ ကျောင်းရဲ့ မိန်းကလေး ဘောလုံးအသင်းမှာ ပါရပါတယ်။ မှတ်မှတ်ရရ အဲဒီတုန်းက ကျွန်မဆံပင်က တင်ပါးကျော်ပါတယ်။ ကျောင်းစည်းကမ်းအရ ဆံပင်နှစ်ဖက်ခွဲကျစ်လို့ပေါ့။ ကျွန်မတို့မြို့လေးကလည်း မိုးများလေတော့ ညနေတိုင်းမိုးရေထဲ training ဆင်းရတယ်။ နေ့တိုင်း ဆံပင်တွေစိုပါတယ်။ အဲဒီ 1998 မိုးရာသီကတော့ မှတ်မှတ်ရရပါပဲ။

နောက်တခုက တီကောင်ပါ။ ကျွန်မတို့ အိမ်လေးမှာက အိမ်သာနဲ့ ရေချိုးခန်းက အိမ်ထဲမှာမရှိပါဘူး။ မီးဖိုချောင်ကနေထွက် အုတ်လမ်းလေးနဲ့ကူးမှ ရောက်တာပါ။ မြေကြီးမှာဖြစ်တာရော၊ အုတ်နဲ့ဆောက်ထားတာ ဖြစ်တာရောကြောင့် မိုးရာသီဆို အိမ်သာထောင့်၊ ရေချိုးခန်းထောင့်တွေမှာ တီကောင်တွေရှိတတ်ပါတယ်။ အသည်းယားစရာကောင်းလို့ မိုးရာသီဆို အဲဒါကိုတော့ စိတ်အညစ်ဆုံးပါပဲ။ ကျွန်မ ရေချိုးခန်း၊ အိမ်သာသွားတဲ့အချိန် အိမ်နောက်ဖေးမှာ လူရှိရင်တော့ အသံပြဲနဲ့လှမ်းခေါ်ပြီး၊ ရေအရင်လောင်းပြီး၊ မောင်းထုတ်ပေးဖို့ ပြောပါတယ်။ အင်း… လူမရှိရင်ရော။ ကိုယ့်ဘာသာပဲ ရေလောင်းရတာပေါ့။

နောက်တခုက ရေတွင်း။ ကျွန်မတို့ ခြံထဲမှာ ရေတွင်းတစ်တွင်းရှိပါတယ်။ တခါမှမသုံးတဲ့ ရေတွင်းဟောင်းလေးပါ။ သိပ်တော့လည်းမနက်ပါဘူး။ 4ပေလောက်မြင့်တဲ့ အုတ်ဘောင်ခတ်ထားပါတယ်။ အဲဒီရေတွင်းထဲမှာ ကျွန်မတို့ရဲ့ ကစားစရာတချို့ ပြုတ်ကျနေတတ်ပါတယ်။ မိုးရာသီဆို ရေတွင်းထဲက ရေက မြေပြင်နဲ့အညီလောက် မြင့်တက်လာတတ်ပါတယ်။ မှတ်မိသလောက်ကတော့ အုတ်ဘောင်နှုတ်ခမ်းအထိတက်လာတာတော့ တခါလားပဲ ရှိဖူးတယ်။ မိုးရာသီမနက်ဆို ဘာမှလည်း မဟုတ်ပေမယ့် ရေတွင်းရေ ဘယ်လောက်တက်ပြီလဲ ပြေးပြေးကြည့်ရတာလည်း အလုပ်တစ်ခုပါ။

5 thoughts on “ဖြတ်သန်းခဲ့သော မိုးရာသီများ

  1. ပြီးတော့ကော မိုးေ၇ထဲ လမ်းလျှောက်အုံးမှာလား

  2. ငါကတော့ မိုးအေးအေးမှာ ကွေးရတာကိုအကြိုက်ဆုံးပဲဟ။
    ရေနွေးကြမ်းနဲ့လက်ဖက်သုပ်လည်းလိုတယ်။
    ဟဲဟဲ

    • မိခိုင် ငါသိတယ်နော်။ ဒါကြောင့်လည်း ၇ခွဲသင်တန်းကို ဘယ်တော့မှ မမှီတာ။ ဟင်း..

  3. တို့ဆီမှာတော့ မိုးရာသီဆိုတာ မရှိတော့ အဲဒီ ဖီလင်လေးတွေတောင်မှ မရတာကြာပေါ့ကွယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s