ကြိုးစားမယ်။ ကြိုးစားစို့။ ကြိုးစားစမ်း။

ကြိုးစားမယ်။ ကြိုးစားစို့။ ကြိုးစားစမ်း။ ဒီစကားလုံးလေးတွေဟာ
ကျွန်မတို့တွေ အမြဲလိုလို ပြောနေကျ၊ အပြောခံနေကျရတဲ့ စကားလေးတွေ
မဟုတ်ပါလား။ ကိုယ့်ကိုယ်ကို အားပေးတဲ့စကား၊ သူများကိုအားပေးတဲ့စကား၊
ကိုယ့်ကိုအားဖြစ်စေတဲ့စကား အဲဒီလိုပဲ သတ်မှတ်ထားပါတယ်။ 1996ခုနှစ်ထုတ်
ဂျပန်သတင်းစာတစ်စောင်ရဲ့ ဆောင်းပါးတစ်ပုဒ်မှာပါတဲ့ အကြောင်းအရာလေးကတော့
စိတ်ဝင်စားစရာကောင်းပါတယ်။

ကြိုးစား ဆိုတဲ့စကားလုံးကို မတိကျ မရေရာတဲ့ စကားလုံးလို့ ဆိုထားပါတယ်။
လူသားတိုင်းဟာ ပင်ကိုယ်အားဖြင့် ကြိုးစားမယ်လို့ မပြောလည်း
ကြိုးစားပြီးသားဖြစ်ပါတယ်။ ကြိုးစားမယ်လို့ ထုတ်ပြောလိုက်ပြီဆိုရင်တော့
ပြောင်းပြန်အနေနဲ့ စိတ်ဖိစီးမှုနဲ့ စိတ်လှုပ်ရှားမှုဒဏ်တွေကြောင့်
တကယ့်အရည်အချင်းကို မပြနိုင်ဘဲ ကျေနပ်လောက်တဲ့ရလဒ်တွေမရနိုင်တာက
ပိုများတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လူသားတွေဟာ
ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် သူများကိုပဲဖြစ်ဖြစ် ကြိုးစားပါ့မယ်
ဆိုတာမျိုး၊ ကြိုးစားကြစို့ ဆိုတာမျိုး၊ ကြိုးစားစမ်းပါ ဆိုတာမျိုး
မကြာခဏအသုံးပြုနေကြပါတယ်။ သေသေချာချာ စဉ်းစားကြည့်ရင် အဲဒီစကားလုံးလေးဟာ
တော်တော့်ကို မရောရာတဲ့ စကားလုံးပါတဲ့။

ဥပမာပေးထားတာကတော့ မွေးရာပါ ခြေထောက်မသန်စွမ်းတဲ့ သူတစ်ယောက်ဟာ
“ခြေထောက်ကမသန်ပေမယ့်လည်းကြိုးစားပါနော်” လို့အမြဲတစေပြောခြင်းခံရပါတယ်။
အဲဒီစကားရဲ့နောက်ကွယ်မှာ ခြေထောက်မသန်ခြင်းဟာ ဆင်းရဲဒုက္ခတစ်ခု
ဖြစ်တယ်ဆိုတာကို သတိပေးနေသလိုပါပဲ။ သူ့အတွက်ကတော့ ခြေထောက်မသန်ပေမယ့်လည်း
မွေးကတည်းကပါတဲ့ အဲဒီခြေထောက်နဲ့ပဲ အဆင်ပြေနေပါတယ်တဲ့။
နောက်ဥပမာတစ်ခုက ကလေးတစ်ယောက်ကို သူ့ရဲ့ဆရာက အမြဲတစေ ကြိုးစားစမ်း
လို့ပြောလေ့ရှိပါတယ်တဲ့။ အဲဒီကလေးရဲ့ခံစားချက်ကတော့
သူအမြဲတမ်းကြိုးစားနေပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ ဘယ်လိုပဲ လုပ်ပေမယ့်
ကြိုးစားစမ်းဆိုတာချည်းပဲ အပြောခံနေရပါတယ်။ ဆရာက အားပေးတာ ဖြစ်ပေမယ့်လည်း
ကြိုးစားစမ်းဆိုတာ ဘယ်လောက်အထိ ဘယ်အတိုင်းအတာအထိလည်းဆိုတာ
ရှင်းရှင်းလင်းလင်းကို မပြသနိုင်ပါဘူး။

ကြိုးစားမယ် လို့ပြောမိရင် ဘယ်နေရာကမှန်းမသိ သုတ်သုတ်ပျာပျာခံစားချက်
ဖြစ်လာပါတယ်။ ကြိုးစားစမ်း ဆိုတာကလည်း တခါတလေကျရင် ညှာတာစိတ်မရှိ
ရက်စက်တဲ့ ပဲ့တင်သံတစ်ခု ဖြစ်သွားတတ်ပါတယ်လို့ ဖော်ပြထားပါတယ်။