ပြီးခဲ့တဲ့သုံးရက်က အလုပ်ကပို့ပေးတဲ့ တနှစ်တခါ trip အနေနဲ့ ငပလီကိုရောက်ဖြစ်တယ်။ အမှန်က ကျွန်မ beach တွေကို မကြိုက်လှဘူး။ တောင်တက်မလား ကမ်းခြေသွားမလားဆို တောင်တက်မယ်ပဲ ပြောခဲ့တာပါ။ ခု ငပလီရောက်မှ အဲဒီခံစားမှုလေး ပြောင်းသွားတယ်။ နောက်တခါဆို beach သွားမယ်လို့ပဲ ပြောဖြစ်မလားပဲ။ ကမ်းခြေဆိုရင် မော်လမြိုင်သူဖြစ်လို့ တစ်နှစ်တစ်ခါတော့ စက်စဲကမ်းခြေ ရောက်ဖြစ်တယ်။ မနှစ်ကတော့ ငွေဆောင် ရောက်တယ်။ ဒီလောက်ပဲ ရောက်ဖူးတာပါ။ ငပလီကတော့ တော်တော်လေးကိုလှတယ်။ သန့်လည်းသန့်တယ်။ လေလည်း သန့်တယ်။ ရေလည်းသန့်တယ်။ တော်တော်ကောင်းတဲ့ ခံစားမှုလေးရပါတယ်။ တည်းရတဲ့ Amazing hotel ကလည်း ကောင်းလို့ဖြစ်ပါလိမ့်မယ်။ အစစအဆင်ပြေပြီး စိတ်ချမ်းသာခဲ့တဲ့ နှစ်ညအိပ်ခရီးပါပဲ။ ပုံလေးတွေနည်းနည်းကြည့်ပါဦး။


ဒါကတော့ Amazing ကပေးတဲ့ဝန်ဆောင်မှုပေါ့။ ဦးထုပ်လေးရယ် နာမည်ရေးထားတဲ့ ဆွဲကြိုးရယ်
ကမ်းခြေမှာစီးဖို့ ဆင်တူဝယ်သွားပြီး ဟိုရောက်မှ ဘယ်တရံ ညာတရံ လဲစီးထားတဲ့ ရောင်စုံဖိနပ်ကလေးများ
ငြိမ်းငြိမ်းချမ်းချမ်း အေးအေးသာသာ
မနက်အစောကြီး နေထွက်ချိန် (ဒါပေမယ့် ဒါက အနောက်အရပ်)

ရေစီးကြောင်းအရိပ်နဲ့ လူအရိပ်

သီဖို့ ကောက်ဖြစ်ခဲ့တဲ့ ခရုလေးတွေ၊ ခုတော့ အိမ်မှာနေပူလှန်းထားတယ်

အပြန် သံတွဲလေဆိပ်အပြင်မှာ ရောင်းနေတဲ့ ကောက်ညှင်းထုပ်ပိစိလေးတွေ(၀ယ်တော့မ၀ယ်ခဲ့ရဘူး. ကုန်သွားလို့)

ဒီတခေါက်တော့ လှိုင်းတွေကို အားရပါးရကြည့်ပြီး သီချင်းလေးလည်း နားထောင်ဖူးသွားပြီ။ မသွားခင်တည နားထောင်ချင်တဲ့ သီချင်းတွေ selection လုပ်သွားမိတာ မှန်သွားတယ်။ မနက်အစောကြီးလည်း ရေထဲ ခြေချဖူးသွားပြီ။ လှိုင်းပုတ်သံလည်း သေချာနားထောင်ဖူးသွားပြီ။ ပင်လယ်ကြီးက လွတ်လပ်တယ်ဆိုတဲ့ ခံစားမှုအပြင် လွမ်းစရာကောင်းတယ်ဆိုတဲ့ ခံစားမှုပါ တွဲပေးတယ်။ အလိုလိုနေရင်းကို လွမ်းလာတာ။ ဘာကိုလွမ်းမှန်းကို မသိဘူး။ တက်ယ့ကိုလွမ်းလွမ်းဆွေးဆွေးပါပဲ။ တယောက်တည်း သွားရရင်တော့ ပျင်းစရာကောင်းမလားပဲ။ တခါလောက်လည်း တယောက်တည်း သွားကြည့်ချင်သေးတယ်။ နေ့လည် 11ခွဲအထိ ကမ်းခြေမှာ ခရု ကောက်နေတုန်း ညနေ 3နာရီရောက်တော့ အိမ်မှာ အမေနဲ့ စကားပြောနေပြီ။ မြန်လွန်းတော့ အိမ်မက်လိုပဲ။ နှစ်ရက်လောက် အိမ်မက်မက်ဖြစ်တယ်။ ခံစားချက်တချို့လည်း ပြောင်းလဲလာတယ်။ ဘယ်လိုလဲ ဘာလဲ ဆိုတာတော့ မပြောပြတော့ဘူး။ ချွင်းချက်ပေါ့။ နောက်တခေါက် ရောက်ချင်သေးတယ်။



